နေပြည်တော် ဇွန် ၁၀
နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက် မြန်မာပြည်) တက္ကသိုလ်/ကောလိပ် ဆရာ ဆရာမများ အထူးမွမ်းမံ သင်တန်းအမှတ်စဉ်(၂၂) သင်တန်း ဆင်း အခမ်းအနားကို ယနေ့ နံနက် ၈ နာရီက အဆိုပါ တက္ကသိုလ် ရတနာခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ပညာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က ပြည်တွင်း၊ ပြည်ပ ဗဟုသုတများ ကြွယ်ဝ စေရန်၊ နိုင်ငံ့ဝန်ထမ်း ဥပဒေ၊ နိုင်ငံ့ဝန်ထမ်း နည်းဥပဒေများကို သိရှိနားလည်ပြီး ဝန်ထမ်းရေးရာစီမံခန့်ခွဲမှုများကို နှံ့စပ်နားလည် ကျင့်သုံးတတ်စေရန်၊ နိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး တိုးတက်မှု အခြေခံသဘောတရား များကို သိမြင်နားလည်နိုင်စေရန် သင်ကြား ပို့ချပေးခဲ့ကြောင်း။
ထို့ပြင် ကာကွယ်ရေးပညာ ဌာနမှ ပူးပေါင်းဆောင်ရွက်တတ်မှု၊ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်တတ်မှု၊ စည်းကမ်းရှိမှု၊ အဆင့်ဆင့်ကွပ်ကဲ ဆောင်ရွက်တတ်မှု၊ အချိန်ကိုက် စီမံခန့်ခွဲတတ်မှု၊ မိမိကိုယ်ကို ယုံကြည်မှုနှင့် အဖွဲ့အစည်း စိတ်ဓာတ် ရင့်သန်စေရန် အခြေခံ စစ်ပညာများ သင်ကြားလေ့ကျင့် ပေးခဲ့ကြောင်း။
ပညာရေးသည် တိုင်းပြည် တိုးတက်ရေးနှင့် ဒီမိုကရေစီအရေး အတွက် အဓိကကျကြောင်း၊ ပညာရေးကဏ္ဍတိုးတက်မြင့်မား ရေးသည်လည်း ဆရာ ဆရာမ များအပေါ် များစွာတည်မှီကြောင်း၊ ပညာရေးလုပ်ငန်းများ ဆောင်ရွက် ရာတွင် ကျောင်းသားလူငယ်များ၊ မိဘပြည်သူများ၊ ရပ်ရွာလူထုနှင့် ပူးပေါင်း ဆောင်ရွက်သွားကြရ မည်ဖြစ်ကြောင်း။ နိုင်ငံအတွက် အရည်အသွေး ပြည့်ဝသည့် လူ့စွမ်းအား အရင်းအမြစ်များ ပေါ်ထွန်းလာစေရန် ကျောင်းသား လူငယ်များ၏ သင်ယူတတ်မြောက် မှု အရည်အသွေးမြင့်မားလာ အောင် လေ့ကျင့်သင်ကြားပေးရင်း နိုင်ငံတကာနှင့် ရင်ပေါင်တန်း နိုင်မည့် ပညာရပ်များကို အမြဲတစေ ဆည်းပူးလေ့လာ သင်ကြားသွား ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် စံပြသင်တန်းသား ဆုများနှင့် ပထမဆုများကို ဒုတိယ ဝန်ကြီး ဒေါက်တာ ဇော်မြင့်က လည်းကောင်း၊ စစ်ရေးပြထူးချွန် ဆုများ၊ အဆောင်ဆုများနှင့် သင်တန်းဆင်း အောင်လက်မှတ် များကို ပြည်ထောင်စုရာထူးဝန် အဖွဲ့ အဖွဲ့ဝင် ဦးဆန်းမြင့်က လည်းကောင်း ပေးအပ်ချီးမြှင့်ကြသည်။
အခမ်းအနားသို့ နိုင်ငံ့ဝန်ထမ်း တက္ကသိုလ်(အထက်မြန်မာပြည်) ပါမောက္ခချုပ် ဦးကျော်စိုး၊ ဒုတိယ ပါမောက္ခချုပ်များ၊ အဆင့်မြင့် ပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည် တော်များ၊ တက္ကသိုလ်သင်ကြား စီမံဌာနများမှ တာဝန်ရှိပုဂ္ဂိုလ် များနှင့် သင်တန်းသား သင်တန်း သူများ တက်ရောက်ကြသည်။
အဆိုပါသင်တန်းသို့ ပညာ ရေးဝန်ကြီးဌာနမှ သင်တန်းသား ၅၇ ဦး၊ သင်တန်းသူ ၂၀၂ ဦး စုစုပေါင်း ၂၅၉ ဦး တက်ရောက်ခဲ့ ကြပြီး သင်တန်းကာလမှာ မေ ၁၃ ရက်မှ ဇွန် ၁၀ ရက်အထိ ရက်သတ္တ ငါးပတ် ကြာမြင့်ခဲ့ကြောင်း သိရ သည်။
သတင်းစဉ်



