မြိတ် ဇွန် ၁၀
မြိတ်တက္ကသိုလ်တွင် ကျောင်းသား ကျောင်းသူများအား တက္ကသိုလ် ပညာရပ်များအပြင် ကာယ/ဉာဏ ဖွံ့ဖြိုး တိုးတက်စေရေးအတွက် အားကစားပြိုင်ပွဲများကို ကျင်းပ လျက်ရှိရာ ဘာသာရပ်ပေါင်းစုံ ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ဇွန် ၉ ရက် ညနေ ပိုင်းက တက္ကသိုလ်အားကစား ခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ သုံးယောက်တွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲကို ကျင်းပရာ ဓာတုဗေဒအသင်းနှင့် မြန်မာစာအသင်းတို့ အကြိတ် အနယ် ယှဉ်ပြိုင်ကစားခဲ့ကြသည်။ ပြိုင်ပွဲကို တက္ကသိုလ်ပါမောက္ခချုပ်၊ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများက ကြည့်ရှု အားပေးကြပြီး ဓာတုဗေဒအသင်း က နှစ်ပွဲပြတ်ဖြင့် အနိုင်ရရှိခဲ့သည်။
ဗိုလ်လုပွဲအပြီးတွင် ဆုချီးမြှင့် ပွဲ ဆက်လက်ကျင်းပရာ ပြိုင်ပွဲ တစ်လျှောက် တာဝန်ယူဆောင် ရွက်ပေးကြသည့် ဒိုင်လူကြီး များအား အမှတ်တရလက်ဆောင်၊ နှစ်ယောက်တွဲ ပြိုင်ပွဲနှင့် သုံးယောက်တွဲ ပြိုင်ပွဲတို့တွင် တတိယ၊ ဒုတိယနှင့် ပထမရရှိကြ သောအသင်းများမှ အားကစား သမားများအား လည်ဆွဲဆု၊ အကောင်းဆုံး အားကစားသမား ဆုများကို ဒုတိယပါမောက္ခချုပ် များနှင့် တာဝန်ရှိသူများက ဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ထိုနောက် နှစ်ယောက်တွဲ ပြိုင်ပွဲတွင် ပထမဆုရရှိသော ပထဝီဝင်အသင်းနှင့် သုံးယောက် တွဲ ပြိုင်ပွဲတွင် ပထမဆုရရှိသော ဓာတုဗေဒအသင်းတို့အား တံခွန် စိုက်ဆုဖလားတို့ကို ပါမောက္ခချုပ် ဒေါက်တာဝင်းဝင်းသန်းက ပေးအပ် ချီးမြှင့်သည်။ အဆိုပါ နှစ်ယောက် တွဲပြိုင်ပွဲနှင့် သုံးယောက်တွဲ ပြိုင်ပွဲ တို့တွင် ပြိုင်ပွဲဝင်အသင်း ခုနစ် သင်းစီ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲကို ဇွန် ၇ ရက်မှ ၉ ရက်ထိ ကျင်းပခဲ့ကြောင်း သိရသည်။
ခိုင်ထူး (မြိတ် ပြန်/ဆက်)



