နေပြည်တော် ဇွန် ၁၀
ပိဋကသုံးပုံပါဠိတော်ကို ပါဠိ - ရိုမန် စိစစ်တည်းဖြတ်မှုအောင်မြင် ပြီးဆုံးခြင်း အထိမ်းအမှတ်နှင့် တက္ကသိုလ် လေးခုရှိ ဆရာတော် များကို ဂုဏ်ပြုမှတ်တမ်းလွှာ ဆက်ကပ်လှူဒါန်းခြင်း အခမ်း အနားကို ယနေ့နံနက် ၁၀ နာရီ တွင် သီတဂူအပြည်ပြည်ဆိုင်ရာ ဝိပဿနာတက္ကသိုလ် (စစ်ကိုင်း) သီတဂူ သံဝေဇနိယဓမ္မဗိမာန် တော်၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားသို့ သီတဂူ ကမ္ဘာ့ ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိ သောဠသမ ရွှေကျင်သာသနာပိုင် အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇ အဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဒေါက်တာ ဘဒ္ဒန္တဉာဏိဿရ အမှူးပြုသော ဆရာတော်ကြီး ၁၈ ပါး ကြွရောက်တော်မူကြပြီး သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ ဒုတိယဝန်ကြီး ဦးအေး ထွန်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူ များ တက်ရောက်သည်။
ဦးစွာ သီတဂူဆရာတော်ကြီး ဒေါက်တာ ဘဒ္ဒန္တဉာဏိဿရထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြ သည်။
ထို့နောက် သီတဂူဆရာတော် ကြီးက ဂုဏ်ပြုဩဝါဒကထာ ချီးမြှင့်ရာတွင် မြန်မာနိုင်ငံ၌ ထေရ ဝါဒဗုဒ္ဓဘာသာ ငါးနိုင်ငံမှ သံဃာ တော်များဖြင့် စုပေါင်းကျင်းပခဲ့ သော ဆဋ္ဌသင်္ဂါယနာတင် ပါဠိ တော်များကို ပြည်ပနိုင်ငံများမှ ပုဂ္ဂိုလ်များ ဖတ်ရှုနိုင်ရေး ရိုမန် အက္ခရာဖြင့် မာရဝိဇယဗုဒ္ဓ ရုပ်ပွား တော်မြတ်ကြီးတွင် ကျောက် စာချပ်များအဖြစ် ရေးထိုးနိုင်ရန် သာသနာ့တက္ကသိုလ်ကြီး လေးခုမှ သံဃာတော်များက စိစစ်တည်း ဖြတ်ရေးလုပ်ငန်းများ ဆောင်ရွက် ခဲ့ကြပါကြောင်း၊ မိမိတို့ သီတဂူ အပြည်ပြည်ဆိုင်ရာ ဝိပဿနာ တက္ကသိုလ်များမှ သံဃာတော်များ သည် တာဝန်ကျသော ကျမ်းစာ များကို ခုနစ်ကြိမ်တိုင်တိုင် စိစစ်တည်းဖြတ်ခဲ့ကြပါကြောင်း၊ ထေရဝါဒဗုဒ္ဓသာသနာတော်ကို ထိန်းသိမ်း စောင့်ရှောက်ရာတွင် တာဝန်ကြီး ၄ ရပ်ဖြစ်သော Preservation of Buddha’s Teaching, Promotion of Bu-ddha’s Teaching, Propagation of Buddha’s Teaching နှင့် Protection of Buddha’s Tea-ching ဟူ၍ လုပ်ငန်းရပ်ကြီး ၄ ခုဖြင့် အားသွန်ကြိုးပမ်း ဆောင်ရွက် သွားကြစေလိုပါ ကြောင်း၊ ဆက်လက်၍ သာသနာ တော်အရှည်တည်တံ့ ထွန်းကား ပြန့်ပွားရန်နှင့် ကာကွယ်နိုင်ရန် အတွက် အာသောကမင်းကြီး၏ သာသနာပြုစိတ်ဓာတ်ကို ကိုယ် စားပြုသောအားဖြင့် အာသောက ကျောက်တိုင်ကြီးတွင် ထည့်သွင်း ထွင်းထုထားသည့် ဆင်ရုပ်ကဲ့သို့ အများအကျိုး ဆောင်ရွက်ရာတွင် အင်အားဖြင့် ဆောင်ရွက်ရန်၊ မြင်းရုပ်ကဲ့သို့ လျင်မြန်ဖျတ်လတ် စွာဆောင်ရွက်ရန်၊ နွားရုပ်ကဲ့သို့ သည်းခံ၍ အလုပ်လုပ်ရန်နှင့် ခြင်္သေ့ရုပ်များကဲ့သို့ သတ္တိရှိစွာဖြင့် ဆောင်ရွက်သွားကြရန် တိုက် တွန်းပါကြောင်း မိန့်ကြားသည်။
ထို့နောက် ပိဋကသုံးပုံပါဠိ တော်ကို ပါဠိ-ရိုမန် နှစ်ဘာသာ ဖြင့် ကျောက်စာရေးထိုးရာတွင် ဆဋ္ဌသင်္ဂါယနာမူနှင့် ကိုက်ညီ စေရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက ဝမ်းမြောက်စကား လျှောက်ထားရာတွင် ပိဋကသုံးပုံ ပါဠိတော်ကို ပါဠိ - ရိုမန် နှစ် ဘာသာဖြင့် ပြည်ထောင်စု နယ်မြေ နေပြည်တော်တွင် တည် ထားကိုးကွယ်မည့် မာရဝိဇယ ရုပ်ပွားတော်မြတ်ကြီး ပရိဝုဏ် အတွင်း ကျောက်ထက်အက္ခရာ တင်နိုင်ရေးအတွက် ဝန်ကြီးဌာန အနေဖြင့် စိစစ်တည်းဖြတ်နိုင်ရေး သီတဂူဆရာ တော်ကြီးထံ ဩဝါဒ ခံယူ၍ သီတဂူအပြည်ပြည်ဆိုင်ရာ ဝိပဿနာ တက္ကသိုလ်၊ အပြည် ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓ သာသနာပြု တက္ကသိုလ်၊ နိုင်ငံ တော် ပရိယတ္တိ သာသနာ့ တက္ကသိုလ် (ရန်ကုန်) နှင့် (မန္တ လေး)တို့မှ ဆရာတော်များပါဝင် သည့် အဖွဲ့လေးဖွဲ့ကို ဖွဲ့စည်း ပြီး စိစစ်တည်းဖြတ်ခြင်းလုပ်ငန်း များကို ဇန်နဝါရီ ၈ ရက်မှ စတင်ကာ မေ ၁၆ ရက်တွင် မျှော်မှန်းသည်ထက်စော၍ ပြီးစီး ခဲ့ပါကြောင်း၊ ပိဋကသုံးပုံပါဠိတော် ကို ပါဠိ-ရိုမန် စိစစ်တည်းဖြတ်မှုလုပ်ငန်းများကို မူလတာဝန် များအပြင် စိတ်အားထက်သန်စွာ ဖြင့် ဆောင်ရွက်တော်မူကြသော သီတဂူဆရာတော်ကြီးအမှူးပြု သည့် နာယကဆရာတော်ကြီးများ၊ တက္ကသိုလ် လေးခုရှိ ပါမောက္ခ ချုပ်၊ ဒုတိယပါမောက္ခချုပ်၊ မော်ကွန်းထိန်း၊ ဌာနမှူး၊ ကထိက၊ လက်ထောက်ကထိက ဆရာ တော်များအား နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီကိုယ်စား သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီး ဌာနက အထူးပင်ကျေးဇူး တင်ရှိကြောင်း လျှောက်ထားသည်။
ယင်းနောက် အခမ်းအနားသို့ ကြွရောက်တော်မူလာသော ဆရာ တော်ကြီးများနှင့် စိစစ်တည်းဖြတ် ရေးအဖွဲ့ လေးဖွဲ့မှ ဆရာတော် ကြီးများထံ ဂုဏ်ပြုမှတ်တမ်းလွှာ နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး သီတဂူဆရာတော်ကြီးထံမှ လှူ ဒါန်းမှုအစုစုအတွက် ရေစက် သွန်းလောင်း အမျှပေးဝေကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ ကြောင်း သိရသည်။
သတင်းစဉ်



