နေပြည်တော် ဇွန် ၉
ပြီးခဲ့သည့် နွေစပါးစိုက်ရာသီတွင် စပါးစိုက်သူတောင်သူများအနေဖြင့် စပါးစိုက်ရာ၌ သွင်းအားစုများဖြစ်သည့် ဓာတ်မြေဩဇာနှင့် စိုက်ပျိုး၊ ရိတ်သိမ်းစရိတ်စကများ မြင့်တက်ခဲ့သော်လည်း စပါးပေါ်ချိန်တွင် စပါးဈေးတက်ခြင်းမရှိကြောင်း စပါးစိုက်တောင်သူများထံမှ သိရသည်။
“ကျွန်တော်တို့ နွေစပါးစိုက်ရာသီမှာ သွင်းအားစုဖြစ်တဲ့ ဓာတ်မြေ ဩဇာတစ်အိတ်ကို ကျပ်တစ်သိန်းနီးပါး ပေးဝယ်ခဲ့ရတယ်။ အရင်နှစ် တွေက တစ်အိတ် သုံးသောင်းခွဲ၊ လေးသောင်းပဲ ရှိတယ်။ အခုတစ်အိတ် ၉၇၀၀၀ ဆိုတော့ တစ်သိန်းပဲဆိုပါတော့။ သွင်းအားစုအရင်းအနှီးက များပါတယ်။ ရိတ်သိမ်းခဆိုရင်လည်း အရင်တုန်းက တစ်ဧက ကျပ် ၄၀၀၀၀ ပဲရှိတယ်။ အခု ရိတ်သိမ်းခက ကျပ်၇၀၀၀၀ ပေးရတယ်။ စပါးဈေးက မနှစ်ကဆိုရင် ဆင်းသုခ စပါးတင်း ၁၀၀ ကို ကျပ် ၇၅၀၀၀၀ ပါ၊ အခုနှစ်မှာလည်း ဒီဈေးပါပဲ။ သွင်းအားစုတွေသာ ဈေးမြင့်သွားပေမယ့် စပါးဈေးကတော့ဒီအတိုင်းပါပဲ ”ဟု နေပြည်တော်ကောင်စီနယ်မြေ ပုဗ္ဗသီရိမြို့နယ် ဝဲကြီးကျေးရွာအုပ်စုမှ တောင်သူ ဦးစိုးအောင်က ပြောသည်။
စပါးဈေးတက်ခြင်းမရှိသော်လည်း ဆန်ဈေးမှာ အနည်းငယ် တက်လာသည်။ စက်သုံးဆီဈေးမြင့်တက်မှုကို အကြောင်းပြုကာ သယ်ယူပို့ဆောင်စရိတ်စကကြောင့် ဆန်ဈေးအနည်းငယ်တက်လာခြင်း ဖြစ်ပြီး ဆန်ကြမ်းတစ်ပြည် ကျပ် ၁၂၀၀ မှ ၁၄၀၀ ခန့်နှင့် ဆန်ချော တစ်ပြည် ကျပ် ၂၅၀၀ မှ ၂၇၀၀ ခန့်ဖြစ်လာသည်။
စပါးအထွက်နှုန်းအနေဖြင့် အတန်းလိုက် စိုက်ပျိုးခြင်းနှင့် ပက်ကြဲစိုက်ပျိုးခြင်းမှာ တစ်ဧကအထွက်နှုန်း တင်း ၃၀ ခန့် ကွာခြားမှု ရှိကြောင်း၊ အတန်းလိုက် ကောက်ကွက်အတိုင်းစိုက်ပျိုးလျှင် ဆင်းသုခ စပါးမျိုး တစ်ဧက ၁၀၂ တင်းထွက်ကြောင်း၊ ပက်ကြဲသောစပါးခင်းမှာ တစ်ဧက တင်း ၇၀ ခန့်သာ ထွက်ရှိကြောင်း၊ ပက်ကြဲစိုက်ပျိုးမှုမှာ သွင်းအားစုကို ချွေတာသည့်အနေဖြင့် ကောက်စိုက်ခနှင့် ပျိုးနုတ်ခ သက်သာစေရန် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
ကိုထင်
(မြန်မာ့အလင်း)



