မြန်မာအမျိုးသားလေကြောင်း၏ ရန်ကုန်-ဘန်ကောက် ခရီးစဉ်ကို တိုးချဲ့ပျံသန်းမည်

 

ရန်ကုန်   ဇွန် ၉


မြန်မာအမျိုးသားလေကြောင်းသည် ရန်ကုန်-ဘန်ကောက်-ရန်ကုန် ခရီးစဉ်များကို နေ့စဉ် ပျံသန်းပြေးဆွဲလျက်ရှိရာမှ  ဇွန် ၁၅ ရက်မှ စတင်ကာ တနင်္လာနှင့် ဗုဒ္ဓဟူးနေ့များတွင် ခရီးစဉ်နှစ်ကြိမ်နှုန်းဖြင့် တိုးချဲ့ပျံသန်းပြေးဆွဲသွားမည်ဖြစ်ကြောင်း အဆိုပါလေကြောင်းမှ သိရသည်။

 


တိုးချဲ့ပျံသန်းပြေးဆွဲမည့်  ရန်ကုန်- ဘန်ကောက်- ရန်ကုန် ခရီးစဉ်သည် ရန်ကုန်မြို့မှ နံနက် ၆ နာရီ ၃၅ မိနစ်တွင် ထွက်ခွာပြီး ဘန်ကောက်သို့ နံနက် ၈ နာရီခွဲတွင် ဆိုက်ရောက်မည်ဖြစ်သည်။ ထို့အတူ ဘန်ကောက်မှ နံနက် ၉ နာရီခွဲတွင် ပြန်လည်ထွက်ခွာပြီး နံနက် ၁၀ နာရီ ၂၅ မိနစ်တွင် ရန်ကုန်မြို့သို့ ရောက်ရှိမည်ဖြစ်သည်။ တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသပတေး၊ စနေနှင့် တနင်္ဂနွေနေ့များ၌ မွန်းလွဲ  ၃ နာရီတွင် ရန်ကုန်မြို့မှထွက်ခွာပြီး ညနေ ၄ နာရီ ၅၅ မိနစ်တွင် ဘန်ကောက်မြို့သို့ရောက်ရှိကာ ဘန်ကောက်မှ ညနေ ၆ နာရီ ၂၅ မိနစ်တွင် ပြန်လည်ထွက်ခွာပြီး ည ၇ နာရီ မိနစ် ၂၀ တွင် ရန်ကုန်မြို့သို့ ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။

 


“ကျွန်တော်တို့နိုင်ငံက ကိုဗစ်ကို တဖြည်းဖြည်း control ရနေပြီ။ တစ်ကမ္ဘာလုံးမှာလည်း control ရပြီး လေကြောင်းလိုင်းတွေလည်း ပြန်လည်ဖွင့်လာတဲ့အချိန်မှာ ကျွန်တော်တို့အနေနဲ့ အခုတိုးချဲ့ပြီး ပျံသန်းနေတာက စင်ကာပူ၊ ဘန်ကောက်၊ ပြီးရင် ကွာလာလမ်ပူကို ပျံသန်းနေပါပြီ။ နောက် တရုတ် ကူမင်းကိုလည်း ပျံသန်းပါ့မယ်။ နောက်တစ်ခုက အင်ချွန်းပေါ့။ ကိုရီးယား အင်ချွန်းကိုလည်း အခု အချိန်မှာ   တစ်ပတ်တစ်ခေါက်  ကျွန်တော်တို့ ပျံသန်းနေပါတယ်၊ နောက်ပိုင်း တစ်ပတ်ကိုနှစ်ခေါက် အင်္ဂါနဲ့သောကြာ ပျံသန်းဖို့အတွက် လျာထားပါတယ်။  ဗုဒ္ဓဂယာကိုလည်း ကျွန်တော်တို့ ဘုရားဖူးရာသီမှာ ပျံသန်းပြေးဆွဲဖို့အတွက် စီမံဆောင်ရွက်လျက်ရှိပါတယ်။ အဲဒါအပြင်   ဟောင်ကောင်နဲ့   ဒူဘိုင်းကိုလည်း  ပြေးဆွဲဖို့   လျာထားပါတယ်”ဟု မြန်မာအမျိုးသားလေကြောင်းလိုင်းမှ      အမှုဆောင်အရာရှိချုပ် ဦးခုပ်ခန့်မုံက ပြောသည်။

 


မြန်မာအမျိုးသားလေကြောင်းသည် ကမ္ဘာတစ်ဝန်းဖြစ်ပွားခဲ့ သည့် ကိုဗစ်မတိုင်မီတွင် ပြည်ပခရီးစဉ်များဖြစ်သည့် စင်ကာပူသို့ မနက်တစ်ကြိမ်၊ ညတစ်ကြိမ် တစ်နေ့လျှင် နှစ်ခေါက်၊ ဘန်ကောက်သို့ မနက်တစ်ကြိမ်၊ ညတစ်ကြိမ် တစ်နေ့လျှင် နှစ်ခေါက်၊ ဟောင်ကောင် သို့ တစ်ပတ်လျှင် သုံးခေါက်၊ လေးခေါက် ပျံသန်းပြေးဆွဲပေးခဲ့ကြောင်း သိရသည်။                                                        

အာကာလင်း