
တောင်ကြီး မေ ၂၅
ရှမ်းပြည်နယ်သစ်တောဦးစီးဌာန အနေဖြင့် ယခုနှစ် မိုးရာသီတွင် သစ်မျိုး ၅၆ မျိုး၊ ပျိုးပင်ပေါင်း၂၇ သိန်း ပျိုးထောင်ထားရှိပြီး အင်းလေးကန်ရေဝေရေလဲ ထိန်းသိမ်းရေး၊ ကလောမြို့အား ထင်းရှူးမြို့တော်ဖြစ် စေရေး၊ မြန်မာနိုင်ငံသစ်တောများ ပြန်လည် တည်ထောင်ရေးအစရှိသည့် စီမံချက်များအရ သစ်တောသစ်ပင် ၁၄ သိန်း၊ ဌာနဆိုင်ရာ၊ တပ်ရင်း တပ်ဖွဲ့နှင့် ပြည်သူလူထုတို့ သစ်တောသစ်ပင် ၁၃ သိန်း၊ စုစုပေါင်းသစ်ပင် ၂၇ သိန်းကို ဖြန့်ဝေစိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ လွိုင်ခမ်းအိမ်ရာအတွင်း၌ မေ၂၅ ရက်က မိုးရာသီ အကြိုသစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပရာ ရှမ်းပြည် နယ်ဝန်ကြီးချုပ် ဒေါက်တာ ကျော်ထွန်းက ပြည်နယ် အတွင်းရှိ မြို့များ၌ ၂၀၂၂ ခုနှစ် မိုးရာသီ အကြို သစ်ပင်စိုက်ပျိုးပွဲတော် ၃၆ ခုဖြင့် သစ်ပင် ၂၆၄၄၀ ကို စိုက်ပျိုးသွားမည်ဖြစ်ကြောင်း၊ လက်ရှိတွင် သစ်ပင်စိုက်ပွဲတော် ၁၈ ခု ပြုလုပ်ပြီး သစ်ပင် ၁၁၃၆၅ ပင် စိုက်ပျိုးပြီးဖြစ်ကာ ကျန်ရှိနေသည့် သစ်ပင် များကို ယခုမေလအတွင်း အပြီးစိုက်ပျိုးသွားမည် ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ် ဦးကြွယ်ကြွယ် တို့က ပျိုးပင်များကို ဌာနဆိုင်ရာအဖွဲ့အစည်းများနှင့် ပြည်သူများထံ ဖြန့်ဝေပေးအပ်သည်။
ယနေ့ ကျင်းပသည့် မိုးရာသီအကြိုသစ်ပင်များ စိုက်ပျိုးပွဲတွင် စိန်ပန်းပြာ ၂၁၂ ပင်၊ ချယ်ရီပင် ၃၃၅ ပင်၊ ထင်းရှူးပင် ၇၆ ပင် စုစုပေါင်း ၆၂၃ ပင် စိုက်ပျိုး ခဲ့ကြောင်း သိရသည်။
မောင်မောင်သန်း (တောင်ကြီး)