ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် ပါဝင်ပံ့ပိုးကူညီဆောင်ရွက်နေသော စေတနာ့ဝန်ထမ်းအဖွဲ့များ၊လူမှုရေးအသင်းအဖွဲ့များနှင့် ပရဟိတအသင်းများမှ ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းများ ဆွေးနွေးခြင်းနှင့် အကြံပြုတင်ပြခြင်း အစည်းအဝေး ကျင်းပ

ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် ပါဝင်ပံ့ပိုးကူညီဆောင်ရွက်နေသော စေတနာ့ဝန်ထမ်းအဖွဲ့များ၊လူမှုရေးအသင်းအဖွဲ့များနှင့် ပရဟိတအသင်းများမှ ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းများ ဆွေးနွေးခြင်းနှင့် အကြံပြုတင်ပြခြင်း အစည်းအဝေး ကျင်းပ

=================================================================

 

နေပြည်တော် နိုဝင်ဘာ ၄

ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် ပါဝင်ပံ့ပိုးကူညီဆောင်ရွက်နေသော စေတနာ့ဝန်ထမ်းအဖွဲ့ များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပရဟိတအသင်းများမှ ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းများကို ဆွေးနွေးခြင်းနှင့် အကြံပြုတင်ပြခြင်း အစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။

ရှေးဦးစွာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက စေတနာ့ ဝန်ထမ်းလုပ်ငန်းများ ဆောင်ရွက်နေသူအားလုံးသည် ကိုဗစ်-၁၉ ဆိုင်ရာ အသွားအလာကန့်သတ်ရာနေရာများ၊ အနံ့ပျောက်လက္ခဏာရှိသူများ ထားရှိရာနေရာများ၊ ကိုဗစ်-၁၉ ကုသရေးဌာနများနှင့် ဆေးရုံများတွင် လည်းကောင်း၊ လူနာနှင့်ထိတွေ့ခဲ့သူများအား ရှာဖွေ ထောက်လှမ်းရာတွင်လည်းကောင်း၊ ကိုဗစ်-၁၉ သံသယ လူနာများနှင့် လူနာများအား သယ်ယူပို့ဆောင်ရာတွင် လည်းကောင်း အမျိုးမျိုးသောလုပ်ငန်းများတွင် မိမိ၏ ကိုယ်ကျိုးမပါဝင်သော်လည်း မိမိ၏ကိုယ်ပိုင်အရေးကိစ္စ သဖွယ် စိတ်အားထက်သန်စွာဖြင့် ပါဝင်ဆောင်ရွက်နေ ကြသည်ကို တွေ့ရှိရပါကြောင်း၊ ဤအဖွဲ့များ၏ ပံ့ပိုး ဆောင်ရွက်ချက်များသည် ဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ထိန်းချုပ်မှုလုပ်ငန်းများ အောင်မြင်စေရန်အတွက် မဖြစ် မနေလိုအပ်ပြီး အရေးကြီးပါကြောင်း။

ချိတ်ဆက်ဆောင်ရွက်လျက်ရှိ

ရန်ကုန်တိုင်းဒေသကြီးတွင် ဝန်ကြီးဌာန၏ ကိုဗစ်-၁၉ လုပ်ငန်းများစွာကို ပါဝင်ပံ့ပိုးဆောင်ရွက်နေသည့် အသင်း အဖွဲ့များ များပြားသဖြင့် လုပ်ငန်းများပိုမို၍ ချိန်သား ကိုက် ချိတ်ဆက်ဆောင်ရွက်နိုင်ရန်၊ ပိုမိုထိရောက်စေရန်၊ လုပ်ငန်းဆောင်ရွက်မှုများ ထပ်မနေစေရန်နှင့် လိုအပ်သည် များကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ပိုမိုပံ့ပိုး ဖြည့်ဆည်းနိုင်ရန်တို့အတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနတို့ ပူးပေါင်းပြီး သုံးပွင့်ဆိုင်အဖွဲ့တစ်ခု ဖွဲ့စည်းဆောင်ရွက်သင့်ပါကြောင်း၊ ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ရောဂါ ကူးစက်ပျံ့နှံ့မှုပုံသဏ္ဌာန်၊ ရောဂါပိုး၏ သဘောသဘာဝ အခြေအနေ၊ မိမိတို့တွင်ရှိသော အရင်းအမြစ် စသည့်ဖြစ်ပေါ် ပြောင်းလဲလျက်ရှိသော အခြေအနေများနှင့် ကိုက်ညီစွာဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကိုဗစ်-၁၉ ကဲ့သို့ အသက်ရှူ လမ်းကြောင်းမှတစ်ဆင့်ကူးစက်ပြီး လျင်မြန်စွာကူးစက် ပျံ့နှံ့သော ကပ်ရောဂါကို ကာကွယ်ထိန်းချုပ်ရာတွင် လျင်မြန်စွာဆုံးဖြတ်ချက်ချမှတ်ကာ တုံ့ပြန်ချက်သည် အထူးအရေးကြီးသဖြင့် မှန်ကန်သောသတင်းအချက် အလက်များ အချိန်နှင့်တစ်ပြေးညီရရှိစေရန် မိမိတို့ ကြိုးစားလျက်ရှိပြီး အတတ်နိုင်ဆုံး စနစ်တကျချိန်သားကိုက် ချိတ်ဆက်ဆောင်ရွက်လျက်ရှိပါကြောင်း။

အစွမ်းထက်မြက်သော ကိုဗစ်-၁၉ ကာကွယ်ဆေး ပေါ်ထွက်လာပြီး လူဦးရေအများစု မရရှိခင်အချိန်အထိ ကိုဗစ်-၁၉ ကူးစက်မှု ဒုတိယလှိုင်း၏နောက်တွင်လည်း ကူးစက်မှုလှိုင်းငယ်များရှိလာနိုင်ပါကြောင်း၊ ပြည်သူများ အနေဖြင့် ကိုဗစ်-၁၉ ကာကွယ်ရေး စည်းကမ်းများကို မိမိ အရေးကဲ့သို့ သဘောထားကာ တိကျစွာလိုက်နာပါက အဆိုပါလှိုင်းများ တစ်ခုနှင့်တစ်ခု ဖြစ်ပွားမှုဝေးကွာပြီး မကြီးမားနိုင်ပါကြောင်း၊ ကိုဗစ်-၁၉ သည် ကျန်းမာရေးကဏ္ဍ တွင်သာမက လူမှုရေး၊ စီးပွားရေး၊ ပညာရေး စသည့်ကဏ္ဍ အမျိုးမျိုးကိုပါ ထိခိုက်စေခြင်းဖြစ်သဖြင့် ကိုဗစ်-၁၉ ကာကွယ်ရေးစည်းကမ်းများကို အလေးထားလိုက်နာကြရန် အထူးအရေးကြီးပါကြောင်း၊ ဤလူမှုရေးအဖွဲ့အစည်းများ အနေဖြင့် မိမိတို့၏ လုပ်ငန်းဆောင်ရွက်ချက်များကို အမြဲဆန်းစစ်သုံးသပ်ကာ အထိရောက်ဆုံးဆောင်ရွက်နိုင် ရန် ကြိုးစားရမည်ဖြစ်ပါကြောင်း၊ လူမှုရေးအဖွဲ့အစည်း များ၏ ကဏ္ဍအမျိုးမျိုး၌ ကူညီလျက်ရှိသည့်ဆောင်ရွက် ချက်များကို တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ အမြဲတမ်းသိရှိသုံးသပ်၍ လိုအပ်သလို ညှိနှိုင်းပံ့ပိုးကူညီရမည်ဖြစ်ပါကြောင်း၊ ဤအသင်းအဖွဲ့ များ၏ ယခု ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးတွင် အဘက်ဘက်မှ ပါဝင်ကူညီဆောင်ရွက်ချက်များကို အသင်း အဖွဲ့တစ်ခုချင်းစီက ပြုစုရေးသား၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ ပေးပို့စေလိုပြီး မိမိတို့ဝန်ကြီးဌာန က စုစည်း၍ မှတ်တမ်းတင်စာအုပ်ထုတ်ဝေသွားမည် ဖြစ်ပါကြောင်း။

ယနေ့တွေ့ဆုံပွဲသို့ တက်ရောက်လာကြသူများ အနေဖြင့် လက်ရှိလုပ်ငန်းဆောင်ရွက်ရာတွင် တွေ့ကြုံရ သည့် အခက်အခဲနှင့် စိန်ခေါ်မှုများ၊ ဝန်ကြီးဌာနမှ ဖြည့်ဆည်းဆောင်ရွက်ပေးရန် လိုအပ်သည်များကို ပွင့်လင်းစွာပြောကြားကြစေလိုပါကြောင်း ပြောကြားသည်။

တင်ပြ

ထို့နောက် We Love Yangon အဖွဲ့မှ အတွင်းရေးမှူး ဒေါ်နန့်စုရွှေစင်၊ မြန်မာနိုင်ငံ လိုင်စင်ရ ကန်ထရိုက်တာများ အသင်းချုပ်မှ ဦးသက်ကိုကို၊ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေး အသင်းချုပ် (ဗဟို)မှ အထွေထွေအတွင်းရေးမှူး ဦးဖြိုး ကိုကိုဆွေ၊ ဗဟိုပြန်ကြားရေးတာဝန်ခံ ဦးဆန်းလင်းဦး၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် စေတနာ့ဝန်ထမ်း ဆောင်ရွက်နေသူ ဦးဖြိုးသုခ၊ Myanmar Christian Council ၏ အဖွဲ့ခေါင်းဆောင် ဦးသာရှီး၊ ဝေဠုကျော်ဖောင်ဒေးရှင်း မှ ဦးဆောင်သူ ဦးဝေဠုကျော်၊ Golden Middle Way အဖွဲ့ မှ ဥက္ကဋ္ဌ ဦးအောင်သော်၊ Skynet Oxygen Donor and Volunteer အဖွဲ့မှ ဒုတိယဥက္ကဋ္ဌ ဒေါ်မြင့်မြင့်ဝင်း၊ ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီမှ အတွင်းရေးမှူး ဦးဒီငြိမ်းလင်း၊ Clean Yangon အဖွဲ့၏ ဥက္ကဋ္ဌ ဒေါ်သဉ္ဇာအေး၊ Volunteer for COVID-19 အဖွဲ့မှ တာဝန်ခံ ဦးရန်နောင်ထွဋ်၊ ရန်ကုန်တိုင်းဒေသကြီး လူငယ် ရေးရာကော်မတီ၊ လူမှုရေးဆိုင်ရာလုပ်ငန်းကော်မတီမှ တာဝန်ခံ ဦးနေမျိုးထွန်း၊ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့ (ရန်ကုန်) ၏ ဒုတိယဥက္ကဋ္ဌ ဦးမိုးညိမ်းနှင့် ဇာမနီ (မြန်မာ) ကိုဗစ်-၁၉ ရောဂါကာကွယ်တားဆီးရေးနှင့် ကူညီ စောင့်ရှောက်ရေးအဖွဲ့မှ Coordinator ဦးသန့်စင်တို့က သက်ဆိုင်ရာအသင်းအဖွဲ့အလိုက် ကိုဗစ်-၁၉ ဆိုင်ရာ အသွားအလာကန့်သတ်ရာနေရာများ၊ အနံ့ပျောက် လက္ခဏာရှိသူများထားရှိရာနေရာများ၊ ကိုဗစ်-၁၉ ကုသရေး ဌာနများနှင့် ဆေးရုံများတွင် စေတနာ့ဝန်ထမ်း ဆောင်ရွက် နေမှုများ၊ အောက်ဆီဂျင်ပိုက်လိုင်းများတပ်ဆင်ခြင်းအပါအဝင် ကိုဗစ်-၁၉ ကုသရေးဌာနများနှင့် ရန်ကုန်ပြည်သူ့ ဆေးရုံကြီးတွင် အဆောက်အအုံပြင်ဆင်ခြင်းနှင့် သန့်ရှင်းရေး လုပ်ငန်းများတွင် ပါဝင်ပံ့ပိုးဆောင်ရွက်နေမှုများ၊ အစား အသောက်များနှင့် အသုံးအဆောင်များ ပံ့ပိုးပေးခြင်းများကို လည်းကောင်း၊ လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာ အစီရင်ခံစာ (report) များအား ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ လစဉ်ပေးအပ်နေမှုကိုလည်းကောင်း၊ အဝေးပြေးယာဉ် ရပ်နားစခန်းများတွင် ရောဂါစောင့်ကြပ်ကြည့်ရှုမှု လုပ်ငန်းများတွင်လည်းကောင်း၊ လူနာနှင့် ထိတွေ့ခဲ့သူများ အား ရှာဖွေထောက်လှမ်းရာတွင်လည်းကောင်း၊ ကိုဗစ်-၁၉ သံသယလူနာများနှင့် လူနာများအား လူနာတင်ယာဉ်များ အပါအဝင် ယာဉ်အမျိုးမျိုးဖြင့် သယ်ယူပို့ဆောင်ရာတွင် လည်းကောင်း ပါဝင်ဆောင်ရွက်နေမှုများကို အသီးသီး ဆွေးနွေးပြောကြားကြပြီး လိုအပ်ချက်များကို တင်ပြကြ သည်။

ပိုမိုပံ့ပိုးပေးမည်

ယင်းနောက် ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန် က စေတနာ့ဝန်ထမ်းများအတွက် N95 Mask များနှင့် တစ်ကိုယ်ရေသုံးရောဂါကာကွယ်ရေးဝတ်စုံများ ပိုမိုပံ့ပိုး ပေးသွားမည်ဖြစ်ပါကြောင်း၊ အောက်ဆီဂျင်များလိုအပ်မှု ကိုလည်း ဆန်းစစ်မှုများပြုလုပ်ပြီး ဖြည့်ဆည်းပေးမည် ဖြစ်ပါကြောင်း၊ စေတနာ့ဝန်ထမ်းများအား Rapid Antigen Test Kit များဖြင့် COVID-19 ရောဂါစစ်ဆေးပေးလျက်ရှိပြီး ပိုမိုတိုးမြှင့်စစ်ဆေးပေးရန် ညှိနှိုင်းဆောင်ရွက်မည်ဖြစ်ပါ ကြောင်း၊ စေတနာ့ဝန်ထမ်းအဖွဲ့များက ရရှိသော လှူဒါန်း ငွေများဖြင့် တစ်ကိုယ်ရေသုံးရောဂါကာကွယ်ရေး အသုံး အဆောင်များဝယ်ယူရာတွင် ဝန်ကြီးဌာနမှ ပံ့ပိုးဆောင်ရွက် ပေးရန်ကိစ္စနှင့်ပတ်သက်၍ မိမိနှင့်သက်ဆိုင်ရာ စေတနာ့ ဝန်ထမ်းအဖွဲ့တို့ ယနေ့မွန်းလွဲပိုင်းတွင် အသေးစိတ်ဆွေးနွေး မည်ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် အမြဲတမ်းအတွင်းဝန် ပါမောက္ခ ဒေါက်တာ သက်ခိုင်ဝင်းက ဝန်ကြီးဌာနအနေဖြင့် ဆောင်ရွက်နိုင်သော ကိစ္စရပ်များကို ဖြည့်ဆည်းဆောင်ရွက်မည်ဖြစ်ပြီး ဝန်ကြီး ဌာန အတိုင်းအတာဖြင့် လုပ်ဆောင်နိုင်ခြင်းမရှိသည့် ကိစ္စရပ်များကို အမျိုးသားအဆင့် ဗဟိုကော်မတီသို့ တင်ပြဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေး ကာ နိဂုံးချုပ်အမှာစကားပြောကြားရာတွင် ယနေ့ တက်ရောက်လာသူများ၏ ဆွေးနွေးတင်ပြချက်များအရ ပရဟိတလူမှုရေးအသင်းများသည် ငွေကြေးအားဖြင့် လည်းကောင်း၊ ပစ္စည်းကိရိယာအားဖြင့်လည်းကောင်း၊ လုပ်အားဖြင့်လည်းကောင်း၊ ပံ့ပိုးမှုများသည် အထူးများပြား ပြီး လုပ်ငန်းအမျိုးအစားကဏ္ဍလည်း စုံလင်များပြားပါ ကြောင်း၊ ယခုကဲ့သို့ ကိုဗစ်-၁၉ ကာလအတွက်သာမက ရေရှည်အတွက်ပါ အကြံပြုချက်များ ပေးအပ်ခြင်းကို ကျေးဇူးတင်ရှိပါကြောင်း၊ ပရဟိတစေတနာ့ဝန်ထမ်းများက ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများအပြင် ပတ်ဝန်းကျင်သန့်ရှင်းရေး လုပ်ငန်းများဆောင်ရွက်နေ ခြင်းသည် ကြွက်၊ ခြင်၊ ယင်၊ ရေဆိုးရေညစ်တို့မှတစ်ဆင့် ကူးစက်တတ်သော ရောဂါများ ဖြစ်ပွားမှုကို ကာကွယ်ပေး နိုင်မည်ဖြစ်ပါကြောင်း၊ ဤအသင်းအဖွဲ့များနှင့် အလှူရှင် များ၏ အောက်ဆီဂျင်ပိုက်လိုင်းများ တပ်ဆင်ခြင်း အပါအဝင် ဆေးရုံကြီးများ အဆင့်မြှင့်တင်ပြင်ဆင်ခြင်း လုပ်ငန်းများသည် ယခု ကိုဗစ်-၁၉ အတွက်သာမက ရေရှည် တွင် နောင်လာနောက်သားများအတွက် များစွာအကျိုးရှိစေ မည် ဖြစ်ပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးတွင် အရေးပေါ် လူနာတင်ယာဉ် ကြီးကြပ်ကွပ်ကဲမှုစနစ်ကောင်းတစ်ရပ် ပေါ်ပေါက်လာရေးသည် ရေရှည်တွင် အရေးကြီးသဖြင့် သက်ဆိုင်ရာတာဝန်ရှိသူများအား စေတနာ့ဝန်ထမ်း လူနာတင်ယာဉ်အဖွဲ့များနှင့် ဆွေးနွေးဆောင်ရွက်စေမည် ဖြစ်ပါကြောင်း၊ လူနာတင်ယာဉ်အသင်းအဖွဲ့များမှ စေတနာ့ ဝန်ထမ်းများအတွက် စွမ်းဆောင်ရည်မြှင့် သင်တန်းများကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနနှင့် ပူးပေါင်း၍ ပိုမိုကျယ်ပြန့်စွာပေးအပ်ရန် စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။

ချိတ်ဆက်ဆောင်ရွက်မည်

မိမိအနေဖြင့် စေတနာ့ဝန်ထမ်း လူနာတင်ယာဉ်များ အတွက် စက်သုံးဆီလိုအပ်ချက်အပါအဝင် ယနေ့တင်ပြ သော ကိစ္စရပ်များအား “ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပေါင်းစပ် ညှိနှိုင်းရေးအဖွဲ့” ၏ နေ့စဉ်အစည်းအဝေးသို့ တက်ရောက် ကာ ဆွေးနွေးညှိနှိုင်းမည်ဖြစ်ပါကြောင်း၊ အသင်းအဖွဲ့များ၏ လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာများ အပါအဝင် သတင်းအချက်အလက်များကို သုံးသပ်ကာ လိုအပ်သလို တုံ့ပြန်ဆောင်ရွက်ရန်အတွက် အဖွဲ့တစ်ဖွဲ့အား နေပြည်တော်မှ ရန်ကုန်တိုင်းဒေသကြီးသို့ စေလွှတ်ထား ရှိပြီးဖြစ်ပါကြောင်း၊ ပုဂ္ဂလိကဆေးရုံများနှင့် ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါရှာဖွေမှုနှင့် ကုသမှုလုပ်ငန်းများကို မကြာမီ စတင်ဆောင်ရွက်တော့မည်ဖြစ်ပါကြောင်း၊ လူနာ များနှင့် စေတနာ့ဝန်ထမ်းများ၏ ကိုဗစ်-၁၉ နှင့် ဆက်စပ်ပြီး စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားရမှုများ သက်သာလျော့ပါးစေ ရေးအတွက်လည်း ဝန်ကြီးဌာနမှ စိတ်ရောဂါအထူးကု ဆရာဝန်များက ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနနှင့်ညှိနှိုင်း၍ ဆောင်ရွက်မည် ဖြစ်ပါကြောင်း၊ ဘက်စုံမှ အကျိုးရှိစေရန်အတွက် ရေရှည်ကို မျှော်မှန်း၍ စေတနာ့ဝန်ထမ်းအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့ များနှင့် ပရဟိတအသင်းများမှ တာဝန်ရှိသူများ အချင်းချင်း ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ပုံမှန်တွေ့ဆုံဆွေးနွေးနိုင်ရန်နှင့် ကွန်ရက်တစ်ခုဖြစ်စေရန်အတွက် ဝန်ကြီးဌာနမှ ချိတ်ဆက် ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။

သတင်းစဉ်