ကိယက်ဗ် ဧပြီ ၂၉
ယူကရိန်းသမ္မတ ဗိုလိုဒီမာဇီလန်စကီနှင့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်သည် မာရီပူးမြို့၌ ပိတ်မိနေသော ပြည်သူများကို ကယ်ဆယ်ရန် ဧပြီ ၂၈ ရက်က ဆွေးနွေးခဲ့ကြောင်း သမ္မတ သတင်းထုတ်ပြန်ရေးက သတင်းထုတ်ပြန်ဖော်ပြခဲ့သည်။
ယူကရိန်းသည် မာရီပူးမှ ပြည်သူများကို ကယ်ဆယ်ရန် အရေးပေါ်ဆွေးနွေးပွဲအတွက် အဆင်သင့်ဖြစ်နေကြောင်း၊ အဆိုပါ ကယ်ဆယ်ရေး လုပ်ငန်းတွင် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်လည်း ပါဝင်ကူညီမည်ဟု မျှော်လင့်ကြောင်း ဇီလန်စကီက အစည်းအဝေးပြီးနောက် သတင်းထောက်များကို ပြောကြားလိုက်သည်။
ထို့အပြင် ဇီလန်စကီက ရုရှားသို့ ယူကရိန်းနိုင်ငံ သားများအား ပြည်နှင်ဒဏ်ပေးခြင်းကို ရပ်ဆိုင်းရန် နှင့်ရုရှားမှ ယူကရိန်းနိုင်ငံသားများ အေးချမ်းစွာ အိမ်ပြန်လာနိုင်ရေး ဆောင်ရွက်ပေးရန် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ကို တိုက်တွန်းပြောကြား လိုက်သည်။
ဂူတာရက်စ်က မာရီပူးမှ ပြည်သူများကို ကယ်တင်ရန် အကောင်းဆုံး ဆောင်ရွက်လျက်ရှိ ကြောင်း ပြောကြားလိုက်သည်။
အပြည့်အဝအပစ်ရပ်စဲရန် ဆက်လက်တောင်းဆို သွားမည်ဖြစ်ကြောင်းနှင့် ပြည်သူများ၏ အသက်ကို ချက်ချင်းကယ်တင်ရန်အတွက်သာမက လူသားများ ဒုက္ခခံစားရမှုကို အနည်းဆုံးဖြစ်စေရန်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဂူတာရက်စ်က ပြောသည်။
ဂူတာရက်စ်သည် မော်စကိုသို့ ဧပြီ ၂၆ ရက်က သွားရောက်ခဲ့ပြီးနောက် ဇီလန်စကီနှင့်တွေ့ဆုံ ဆွေးနွေးရန် ယူကရိန်းသို့ ဧပြီ ၂၇ ရက်က ရောက်ရှိခဲ့ သည်။
ယူကရိန်းအရှေ့ဘက် အဇော့ဗ်ပင်လယ် ဆိပ်ကမ်းမြို့ဖြစ်သော မာရီပူးသည် ရုရှား-ယူကရိန်း ပဋိပက္ခတွင် အဆိုးဆုံး ပဋိပက္ခဖြစ်ပွားရာနေရာ တစ်ခုဖြစ်သည်။
ဆင်ဟွာ



