e-Court စနစ်ဖြင့် ကြားနာဆုံးဖြတ်ရာတွင် ပါဝင်ဆောင်ရွက်ခဲ့သော e-Government ဌာနနှင့် တရားရေးဌာနတို့မှ ဝန်ထမ်းများကို ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ချီးမြှင့်

 

 

 

 

 

နေပြည်တော် အောက်တိုဘာ ၂၈

 

 

နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးသို့ တင်သွင်း လာသည့် တင်သွင်းလွှာ အမှတ် ၁/၂၀၂၀ ကို e-Court စနစ်ဖြင့် ကြားနာဆုံးဖြတ်ရာတွင် ပါဝင်ဆောင်ရွက်ခဲ့သော e-Government ဌာနနှင့် တရားရေးဌာနတို့မှ ဝန်ထမ်းများ အား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ချီးမြှင့်ပွဲအခမ်းအနား ကို ယနေ့နံနက် ၁၀ နာရီခွဲက နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာခုံရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌ ဦးမျိုးညွန့်နှင့် အဖွဲ့ဝင်များ၊ အမြဲတမ်း အတွင်းဝန်နှင့် ဝန်ထမ်းများ တက်ရောက်ကြသည်။

အသုံးပြုဆောင်ရွက်

ရှေးဦးစွာ ခုံရုံးဥက္ကဋ္ဌက ဂုဏ်ပြုအမှာစကား ပြောကြား ရာတွင် ခုံရုံးသို့ တင်သွင်းလွှာ အမှတ် ၁/၂၀၂၀ တင်သွင်း လာသည့်အချိန်သည် ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားနေ သည့် ကာလဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွား နေချိန်ဖြစ်သဖြင့် တင်သွင်းလွှာကို ကြားနာဆုံးဖြတ်ခြင်း လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် အခက်အခဲများ ဖြစ်ပေါ်ခဲ့ကြောင်း၊ ထို့ကြောင့် ခုံရုံးအနေဖြင့် e-Court စနစ် အသုံးပြုဆောင်ရွက်သွားရန် ဆုံးဖြတ်ခဲ့ကြောင်း၊ မိမိတို့ ခုံရုံးအနေဖြင့် ယခင်ကတည်းက အီလက်ထရောနစ် တရားခွင်စနစ် (e-Bench System) ကို အစပျိုးထားပြီး ဖြစ်သဖြင့် e-Court စနစ်ဖြင့် တင်သွင်းလွှာ လက်ခံသည်မှ ဆုံးဖြတ်ချက်ချသည်အထိ အခက်အခဲမရှိ ဆောင်ရွက်နိုင် ခဲ့ပါကြောင်း၊ e-Court စနစ်ဖြင့် ကြားနာဆုံးဖြတ်ခြင်းသည် ပထမဆုံးအကြိမ်ဖြစ်သဖြင့် အောင်မြင်စေရန် ကြိုးပမ်း အားထုတ်ခဲ့သော ဝန်ထမ်းများ၏ လုပ်ငန်းစွမ်းဆောင်ရည် ကို ဂုဏ်ပြုချီးမြှင့်လိုသဖြင့် ယခုကဲ့သို့ အခမ်းအနား ကျင်းပ ရခြင်းဖြစ်ကြောင်း၊ e-Court စနစ် အကောင်အထည် ပေါ်အောင် အဘက်ဘက်မှ ကြိုးပမ်းဆောင်ရွက်ခဲ့သော e-Government ဌာနနှင့် တရားရေးဌာနများမှ ညွှန်ကြား ရေးမှူးများနှင့် ဝန်ထမ်းများအားလုံးကို ခုံရုံးအနေဖြင့် ဂုဏ်ယူကျေးဇူးတင်ပါကြောင်း၊ နောင်တွင် ယခုကဲ့သို့ လုပ်ငန်းရပ်များ ပေါ်ပေါက်လာပါက စုစုစည်းစည်း၊ ညီညီ ညွတ်ညွတ်ဖြင့် ပူးပေါင်းဆောင်ရွက်သွားကြရန် မိမိ အနေဖြင့် တိုက်တွန်းပါကြောင်း ပြောကြားသည်။

ရှင်းလင်းတင်ပြ

ယင်းနောက် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာခုံရုံး၊ e-Government ဌာနမှ ညွှန်ကြားရေးမှူး ဦးညီညီလွင်က e-Court စနစ်ဖြင့် ကြားနာဆုံးဖြတ်နိုင်ရန် အတွက် လုပ်ငန်းများ ဆောင်ရွက်ခဲ့မှုနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ထို့နောက် ခုံရုံးဥက္ကဋ္ဌက ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများ ချီးမြှင့်ရာ တရားရေးဌာနမှ ဝန်ထမ်းများ ကိုယ်စား ညွှန်ကြားရေးမှူး ဦးမင်းသိမ်းက လည်းကောင်း၊ e-Government ဌာနမှ ဝန်ထမ်းများကိုယ်စား ညွှန်ကြား ရေးမှူး ဦးညီညီလွင်က လည်းကောင်း လက်ခံရယူခဲ့ကြောင်း သိရသည်။

 

 

သတင်းစဉ်