
နေပြည်တော် အောက်တိုဘာ ၂၈
၂၀၂၁ ခုနှစ် (၇၃) နှစ်မြောက် လွတ်လပ်ရေးနေ့ ကျင်းပရေး ဗဟိုကော်မတီ၏ ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကို Video Conferencing စနစ်ဖြင့် ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမ၌ ကျင်းပရာ ၂၀၂၁ ခုနှစ်၊ (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့ကျင်းပရေးဗဟိုကော်မတီ ဥက္ကဋ္ဌ၊ ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက် အမှာစကားပြောကြားသည်။
အစည်းအဝေးသို့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်မြင့်၊ ပြည်ထောင်စုအစိုးရ အဖွဲ့ရုံး အမြဲတမ်းအတွင်းဝန်နှင့် နိုင်ငံတော်သမ္မတရုံးမှ ညွှန်ကြားရေးမှူးချုပ်များ တက်ရောက်ကြပြီး အပြည်ပြည် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်တင်၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေး၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် သောင်းထိုက်ရွှေ၊ ဒုတိယဝန်ကြီးများ ဖြစ်ကြသည့် ဗိုလ်ချုပ် စိုးတင့်နိုင်၊ ဦးခင်မောင်ဝင်းနှင့် ဦးဝင်းမော်ထွန်း၊ တွဲဖက် စစ်ရေးချုပ် ဗိုလ်ချုပ်ဇင်မင်းထက်၊ တွဲဖက်စစ်ထောက်ချုပ် ဗိုလ်ချုပ် အောင်လင်းထွန်း၊ စစ်လက်နက်ပစ္စည်း ညွှန်ကြား ရေးမှူးရုံး ညွှန်ကြားရေးမှူး ဗိုလ်ချုပ်ဝင်းလွင်၊ အမြဲတမ်း အတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာ နိုင်ငံ ရဲတပ်ဖွဲ့ ဒုတိယရဲချုပ်(၁)နှင့် တာဝန်ရှိသူများက Video Conferencing စနစ်ဖြင့် တက်ရောက်ဆွေးနွေး ကြသည်။
စနစ်တကျသေချာစွာ ဆောင်ရွက်
အစည်းအဝေးတွင် ဒုတိယသမ္မတက (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်တစ်ဝန်းလုံးတွင် အောင်မြင်စွာ ကျင်းပ နိုင်ရေးအတွက် “၂၀၂၁ ခုနှစ်၊ (၇၃)နှစ်မြောက် လွတ်လပ်ရေး နေ့ ကျင်းပရေး ဗဟိုကော်မတီ” ကို ပြည်ထောင်စု အစိုးရအဖွဲ့က ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာ ၂၅ ရက်တွင် အမျိုးသားရေးဦးတည်ချက် (၅)ရပ် ချမှတ်ကာ ၂၇ ဦးဖြင့် ဖွဲ့စည်းပေးခဲ့ပြီးဖြစ်ပါကြောင်း၊ ဗဟိုကော်မတီက ချမှတ် သည့် လုပ်ငန်းတာဝန်များကို အောင်မြင်စွာ အကောင် အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် ဆပ်ကော်မတီ ၁၀ ခုကို ဖွဲ့စည်းခဲ့ပြီး ဆပ်ကော်မတီများအနေဖြင့်လည်း လွတ်လပ်ရေးနေ့ အခမ်းအနားနှင့် ဆက်စပ်အခမ်းအနား များကို အောင်အောင်မြင်မြင်နှင့် ကျင်းပနိုင်ရန်အတွက် သက်ဆိုင်ရာကဏ္ဍအလိုက် ပေးအပ်ထားသည့် လုပ်ငန်း တာဝန်များကို စနစ်တကျသေချာစွာ ဆောင်ရွက်သွား ကြရန် ပြောကြားလိုပါကြောင်း၊ ဗဟိုကော်မတီ၏ ပထမ အကြိမ် ညှိနှိုင်းအစည်းအဝေးကို ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာ ၉ ရက်တွင် ကျင်းပခဲ့ပြီး အစည်း အဝေး ဆုံးဖြတ်ချက် (၁၆) ချက်ချမှတ်ခဲ့ရာ ဆောင်ရွက်ပြီး (၁၂) ချက်၊ ဆောင်ရွက်ဆဲ (၄) ချက်ရှိသည်ကို တွေ့ရ ပါကြောင်း၊ ဆောင်ရွက်ဆဲအချက်များကိုလည်း သတ်မှတ် ချိန်အတွင်း အမြန်ပြီးပြတ်အောင် သက်ဆိုင်ရာ ဆပ်ကော်မတီများအလိုက် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် သွားကြရန် ပြောကြားလိုပါကြောင်း။
ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်
လွတ်လပ်ရေးနေ့အခမ်းအနားသည် နှစ်စဉ်နှစ်တိုင်း ကျင်းပနေသည့် နိုင်ငံတော်အဆင့် အခမ်းအနားဖြစ် သော်လည်း ယနေ့ကာလသည် ကမ္ဘာ့ကပ်ရောဂါ Coronavirus Disease 2019 (COVID-19) ဖြစ်ပွားနေသော အချိန်ကာလဖြစ်သည့်အတွက် လွတ်လပ်ရေးနေ့နှင့် သက်ဆိုင်သော အခမ်းအနားများ ကျင်းပရာတွင် ယခင်နှစ် က ဆောင်ရွက်ခဲ့သည့် လုပ်ငန်းတာဝန်များအပြင် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသား အဆင့်ဗဟိုကော်မတီနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့က ထုတ်ပြန် ထားသည့် ပြည်သူသို့ ပန်ကြားချက်များ၊ အမိန့်များ၊ အမိန့် ကြော်ငြာစာများ၊ ညွှန်ကြားချက်များကိုပါ အရေးတကြီး ကိစ္စတစ်ရပ်အနေဖြင့် ထည့်သွင်းစဉ်းစားဆောင်ရွက် သွားကြရမည်ဖြစ်ပါကြောင်း၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်နှင့် တိုင်းဒေသကြီး/ ပြည်နယ်များတွင် လွတ်လပ်ရေးနေ့ အခမ်းအနားများကို အမျိုးသားရေး ဦးတည်ချက်များနှင့်အညီ နိုင်ငံရေးအနှစ်သာရပြည့်ဝစွာ ဖြင့် ကျင်းပသွားရန်နှင့် ကျင်းပရာတွင်လည်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များကို ထည့်သွင်းစဉ်းစားကာ ယခင်ကျင်းပခဲ့သည့် အခမ်းအနား များ၏ အတွေ့အကြုံများအပေါ် အခြေခံ၍ အကောင်းဆုံး ဖြစ်အောင် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြရန် ပြောကြားလိုပါကြောင်း။
ပြည်ထောင်စုနယ်မြေ နေပြည်တော်တွင်ကျင်းပမည့် လွတ်လပ်ရေးနေ့အခမ်းအနားများကို ယခင်နှစ်များက နံနက်ပိုင်းတွင် “နိုင်ငံတော်အလံတင် စစ်ရေးပြအခမ်း အနား”၊ “နိုင်ငံတော်အလံ အလေးပြုပွဲနှင့် နိုင်ငံတော် သမ္မတ၏ လွတ်လပ်ရေးနေ့ သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနား”၊ နိုင်ငံတော်သမ္မတအိမ်တော် သဘင်ဆောင် တွင် “ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်အပ်နှင်းခြင်းအခမ်း အနား” တို့ကို ကျင်းပခဲ့ပြီး ညနေပိုင်းတွင် “နိုင်ငံတော်အဆင့် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ညစာစားပွဲအခမ်းအနား” တို့ကို ကျင်းပခဲ့ပါကြောင်း။
သို့ရာတွင် လတ်တလော ကမ္ဘာတစ်ဝန်း ဖြစ်ပွားလျက် ရှိသည့် Coronavirus Disease 2019 (COVID-19) ရောဂါ ကြောင့် ယခုနှစ်တွင် နေပြည်တော်နှင့် တိုင်းဒေသကြီး/ ပြည်နယ်များ၌ နံနက် ၄ နာရီ မိနစ် ၂၀ တွင် “နိုင်ငံတော် အလံတင် စစ်ရေးပြအခမ်းအနား”၊ နံနက် ၇ နာရီတွင် “နိုင်ငံတော်အလံ အလေးပြုပွဲနှင့် နိုင်ငံတော်သမ္မတ၏ လွတ်လပ်ရေးနေ့ သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနား”၊ နံနက် ၉ နာရီတွင် နိုင်ငံတော်သမ္မတအိမ်တော်၊ သဘင် ဆောင်၌ “ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်အပ်နှင်းခြင်း အခမ်းအနား” များကို ကျင်းပသွားမည်ဖြစ်ပါကြောင်း။
ကြိုတင်စီမံဆောင်ရွက်
နေပြည်တော်၌ နံနက်ပိုင်းတွင်ကျင်းပမည့် “နိုင်ငံတော် အလံတင်စစ်ရေးပြအခမ်းအနား” နှင့် “နိုင်ငံတော်အလံ အလေးပြုပွဲနှင့် နိုင်ငံတော်သမ္မတ၏ လွတ်လပ်ရေးနေ့ သဝဏ်လွှာ ဖတ်ကြားခြင်းအခမ်းအနား” တို့တွင် ကျန်းမာ ရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်၊ အကြံပြု ချက်များနှင့်အညီ ဧည့်သည်တော်များနှင့် လူထုပရိသတ် များကို တစ်ဦးနှင့်တစ်ဦး Social Distancing များအတိုင်း နေရာချထားပေးမည်ဖြစ်ရာ ဝင်ဆံ့မှုအပေါ် မူတည်၍ တက်ရောက်မည့် အရေအတွက်ကိုလည်း လျှော့ချလျာထား ပြီးဖြစ်ပါကြောင်း၊ “ ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်အပ်နှင်း ခြင်းအခမ်းအနား ” ကို ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၄ ရက် နံနက် ၉ နာရီတွင် နိုင်ငံတော်သမ္မတအိမ်တော်၊ သဘင်ဆောင်၌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက် များနှင့်အညီ ကျင်းပရန်လျာထားပြီး ၂၀၁၉ ခုနှစ်နှင့် ၂၀၂၀ ပြည့်နှစ်တွင် ဂုဏ်ထူးဆောင်ဘွဲ့ ရရှိသူများကို ယခု ၂၀၂၁ ခုနှစ်တွင် ချီးမြှင့်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ နိုင်ငံတော်သမ္မတအိမ်တော်တွင် ညနေပိုင်း၌ နှစ်စဉ်ကျင်းပပြုလုပ်ခဲ့သည့် “လွတ်လပ်ရေးနေ့ ဧည့်ခံပွဲနှင့် ညစာစားပွဲအခမ်းအနား”ကို COVID-19 ရောဂါကင်းစင် ပါက ကျင်းပမည်ဖြစ်ပြီး မကင်းစင်ပါက လုံးဝမကျင်းပသင့် ကြောင်းကိုလည်း (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့ ကျင်းပရေး ဗဟိုကော်မတီက သက်ဆိုင်ရာဆပ်ကော်မတီ များနှင့် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များ အားလုံး ကို အကြောင်းကြားထားပြီးဖြစ်ပါကြောင်း၊ ယခုလက်ရှိ အနေအထားအရ “လွတ်လပ်ရေးနေ့ ဧည့်ခံပွဲနှင့် ညစာစားပွဲ အခမ်းအနား”ကို ကျင်းပပြုလုပ်နိုင်မည် မဟုတ်သော်လည်း လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုသည့်အနေဖြင့် မီးရှူး၊ မီးပန်း များ ပစ်ဖောက်မှုကို ခမ်းနားထည်ဝါစွာနှင့် အန္တရာယ် ကင်းရှင်းစွာ ပစ်ဖောက်နိုင်ရေးအတွက် စနစ်တကျ ကြိုတင် စီမံဆောင်ရွက်ထားရန်လိုကြောင်း။
ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့်လည်း လွတ်လပ် ရေးနေ့မတိုင်မီနှင့် လွတ်လပ်ရေးနေ့တို့တွင် မြန်မာ့အသံ နှင့် ရုပ်မြင်သံကြားတို့မှ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်း များ၊ လွတ်လပ်ရေးနေ့နှင့် သက်ဆိုင်သော မျိုးချစ်စိတ်ဓာတ် ထက်သန်စေသည့် ဇာတ်လမ်းများ၊ သမိုင်းဝင်တေး သီချင်း များ ထုတ်လွှင့်ပြသနိုင်ရေးနှင့် သတင်းစာ၊ ဂျာနယ်များတွင် လည်း ရေးသားဖော်ပြသွားနိုင်ရေးအတွက် အချိန်မီ စီမံ ဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ လုံခြုံ ရေး ဆပ်ကော်မတီအနေဖြင့်လည်း သတ်မှတ်ထားသည့် လုပ်ငန်းတာဝန်များအား လစ်ဟာမှုမရှိအောင် ဘက်စုံ ထောင့်စုံ သုံးသပ်ဆောင်ရွက်ကာ စနစ်တကျစီမံချက်များ ရေးဆွဲပြီး လုံခြုံရေးအပြည့်အဝရရှိအောင် အမြဲစစ်ဆေး ဆောင်ရွက်ရန် ပြောကြားလိုပါကြောင်း၊ လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပို့စကတ်များကိုလည်း အချိန်မီဖြန့်ဝေ နိုင်ရေးအတွက် သက်ဆိုင်ရာဆပ်ကော်မတီများက ကြိုတင် စီမံဆောင်ရွက်သွားကြရန် ပြောကြားလိုပါကြောင်း၊ ထို့ပြင် ဆပ်ကော်မတီအလိုက် အသုံးစရိတ်များကို သေချာစွာ စိစစ်တွက်ချက် တင်ပြသုံးစွဲသွားရန် လိုအပ်ပါကြောင်း၊ အထူးသဖြင့် လွတ်လပ်ရေးနေ့အခမ်းအနားများ ကျင်းပရာ တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန် ချက်များနှင့်အညီ ဆောင်ရွက်ရမည့် “စံလုပ်ငန်း လမ်းညွှန် ချက်များ ( Standard Operating Procedure-SOP ) ” အတိုင်း စနစ်တကျ တိကျစွာလိုက်နာဆောင်ရွက်သွားကြ ရမည်ဖြစ်ပါကြောင်း၊ အစည်းအဝေးသို့ တက်ရောက်လာ ကြသည့် တာဝန်ရှိသူများအနေဖြင့် ယခင်ကျင်းပခဲ့သည့် ဗဟိုကော်မတီ၏ ပထမအကြိမ်အစည်းအဝေး ဆုံးဖြတ် ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှု အခြေအနေများ၊ ဆောင်ရွက်ဆဲလုပ်ငန်းများ၊ တွေ့ကြုံနေရသည့်အခက်အခဲ များ၊ ယခင်နှစ်များက ကျင်းပခဲ့သည့် အခမ်းအနားများ ၏ အားသာချက်/ အားနည်းချက်များနှင့် လိုအပ်သည့် အကြံပြုချက်များကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးပေးကြရန် ဖိတ်ခေါ်လိုပါကြောင်း ပြောကြားသည်။
ထို့နောက် ဗဟိုကော်မတီ အတွင်းရေးမှူး၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၊ အမြဲတမ်းအတွင်းဝန် ဦးဇော် သန်းသင်းက လွတ်လပ်ရေးနေ့ကျင်းပရေးဗဟိုကော်မတီ ပထမအကြိမ်ညှိနှိုင်းအစည်းအဝေး၏ အစည်းအဝေး ဆုံးဖြတ်ချက် (၁၆)ချက်နှင့်စပ်လျဉ်း၍ ဗဟိုကော်မတီက ဆောင်ရွက်ရမည့် အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ဆွေးနွေးတင်ပြ
ယင်းနောက် နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သောင်းထိုက်ရွှေ က နိုင်ငံတော်အလံတင်နှင့် နိုင်ငံတော်အလံအလေးပြုပွဲ စစ်ရေးပြဆပ်ကော်မတီနှင့် စပ်လျဉ်း၍ နံနက်ပိုင်းအခမ်းအနားများတွင် စစ်ရေးပြ ဆောင်ရွက်မည့် ဂုဏ်ပြုတပ်ဖွဲ့အနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များ၊ အကြံပြုချက် များအတိုင်း တစ်ဦးနှင့်တစ်ဦး (၈)ပေခြားပြီး လူဦးရေ ကန့်သတ်လျှော့ချကာ ဖွဲ့စည်းလေ့ကျင့် ဆောင်ရွက်နေမှု အခြေအနေများ၊ ဇာတ်တိုက်လေ့ကျင့်မှုအခြေအနေများ၊ စစ်ရေးပြအခမ်းအနားတွင်ပါဝင်သည့် အရာရှိ၊ စစ်သည်များ အား Swab ယူကာ သီးခြားထားရှိ ဆောင်ရွက်သွားမည့် အစီအမံများကို လည်းကောင်း၊ နေပြည်တော်စည်ပင် သာယာရေးကော်မတီ အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်က နိုင်ငံတော်အလံ အလေးပြုပွဲအခမ်းအနား ကျင်းပရေး၊ ပြင်ဆင်ရေးနှင့် ဖိတ်ကြားရေးဆပ်ကော်မတီနှင့် စပ်လျဉ်း၍ နံနက်ပိုင်းအခမ်းအနားများအတွက် လူဦးရေကန့်သတ် လျှော့ချကာ တစ်ဦးနှင့်တစ်ဦး (၈)ပေခွာပြီး နေရာချထားမှု လျာထား အကွက်ချပုံစံနှင့် အစမ်းလေ့ကျင့်ဆောင်ရွက်မှု အခြေအနေ၊ အခမ်းအနားကျင်းပရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်နေမှုအခြေအနေနှင့် ဖိတ်ကြားရေးအတွက် ပြင်ဆင်ဆောင်ရွက်နေမှုအခြေအနေများ၊ ဆပ်ကော်မတီနှင့် လုပ်ငန်းအဖွဲ့များ ဖွဲ့စည်းထားရှိမှုနှင့် တာဝန်များ ခွဲဝေ ချထားမှုအခြေအနေ၊ ရင်ထိုးတံဆိပ်၊ ပန်ကြားလွှာနှင့် ယာဉ်ဝင်/ထွက် ခွင့်ကတ်များ ကြိုတင်ပြင်ဆင်ထားရှိမှုများ ကိုလည်းကောင်း၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက် ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က လွတ်လပ်ရေးနေ့ဧည့်ခံပွဲနှင့် ညစာစားပွဲ ကျင်းပရေး ဆပ်ကော်မတီနှင့် စပ်လျဉ်း၍ COVID-19 ရောဂါ ကင်းစင် ပါက ဆောင်ရွက်မည့်အစီအမံများကို လည်းကောင်း၊ စစ်လက်နက်ပစ္စည်း ညွှန်ကြားရေးမှူးရုံး၊ ညွှန်ကြားရေးမှူး ဗိုလ်ချုပ်ဝင်းလွင်က မီးရှူးမီးပန်းများ ပစ်ဖောက်ရေး ဆပ်ကော်မတီနှင့် စပ်လျဉ်း၍ လွတ်လပ်ရေးနေ့ကို ဂုဏ်ပြု သည့်အနေဖြင့် မီးရှူးမီးပန်းများကို ခမ်းနားထည်ဝါစွာနှင့် ဘေးအန္တရာယ်ကင်းရှင်းစွာ ပစ်ဖောက်နိုင်ရေးအတွက် ဆောင်ရွက်သွားမည့် အခြေအနေများကို လည်းကောင်း၊ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်စိုးတင့်နိုင်၊ ဒုတိယရဲချုပ်(၁) ရဲဗိုလ်ချုပ် အောင်အောင်နှင့် ယာဉ်ထိန်း တပ်ဖွဲ့မှူး ရဲမှူးကြီး စိုးမြင့်ဦးတို့က လုံခြုံရေးဆပ်ကော်မတီ နှင့်စပ်လျဉ်း၍ ပေးအပ်ထားသည့် လုပ်ငန်းတာဝန်များ အပေါ် ဆက်လက်ဆောင်ရွက်မည့် လုံခြုံရေးစီမံချက်များ ကို လည်းကောင်း၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဖေမြင့်နှင့် အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်တို့က ပြန်ကြားရေးဆပ်ကော်မတီနှင့် စပ်လျဉ်း၍ လွတ်လပ်ရေးနေ့နှင့် လွတ်လပ်ရေးနေ့အကြို ကာလတွင် နိုင်ငံပိုင်သတင်းစာများ၊ ရုပ်မြင်သံကြားနှင့် ရေဒီယိုတို့တွင် ထုတ်လွှင့်ဖော်ပြမည့် လျာထားချက်များ၊ လွတ်လပ်ရေးနေ့ ဂုဏ်ပြုအစီအစဉ်များ၊ လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ထုတ်ဝေမည့်သဝဏ်လွှာများ၊ လွတ်လပ် ရေးနေ့ အခမ်းအနားများအား တိုက်ရိုက်ထုတ်လွှင့်သွားမည့် အစီအမံများနှင့် လွတ်လပ်ရေးနေ့တွင် ဘွဲ့ထူးဂုဏ်ထူး ရရှိသူများ၏ အမည်စာရင်းများ ထုတ်ပြန်နိုင်ရေး ဆောင်ရွက်ထားရှိမှုအခြေအနေများကို လည်းကောင်း၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ အမြဲတမ်း အတွင်းဝန် ဦးထွန်းအုံက နံနက်ပိုင်းအခမ်းအနားအတွက် တိုင်းရင်းသား/တိုင်းရင်းသူ ၃၂ ဦး တက်ရောက်နိုင်ရေး စီမံဆောင်ရွက်ထားရှိမှုအခြေအနေများကို လည်းကောင်း၊ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက နိုင်ငံတော်သမ္မတ၏ လွတ်လပ်ရေးနေ့ သဝဏ်လွှာပြုစုရေး ဆပ်ကော်မတီနှင့် စပ်လျဉ်း၍ နိုင်ငံတော်သမ္မတ၏ လွတ်လပ်ရေးနေ့သဝဏ်လွှာမူကြမ်း ပြုစုထားရှိမှုအခြေ အနေများကိုလည်းကောင်း၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး နှင့် အမြဲတမ်းအတွင်းဝန် ဒေါက်တာသက်ခိုင်ဝင်းတို့က ကျန်းမာရေးဆပ်ကော်မတီနှင့် စပ်လျဉ်း၍ နံနက်ပိုင်းတွင် ကျင်းပမည့် လွတ်လပ်ရေးနေ့ အခမ်းအနားများတွင် ပါဝင် ဆောင်ရွက်မည့်သူများအား COVID-19 ရောဂါ ရှိ/မရှိ စစ်ဆေးဆောင်ရွက်ပေးသွားမည့် အစီအမံများ၊ အခမ်း အနားသို့ တက်ရောက်မည့်သူများအား COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးပစ္စည်းများဖြစ်သည့် လက်အိတ်၊ Face Shield နှင့် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပေး သွားမည့် အစီအမံများ၊ COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ လမ်းညွှန်ချက်များ၊ အမိန့်နှင့် ညွှန်ကြားချက်များကို တိတိကျကျ လိုက်နာဆောင်ရွက် နိုင်ရေးအတွက် လိုအပ်သည့် အကြံပြုချက်များကို လည်းကောင်း၊ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင် က COVID-19 ရောဂါ ကင်းစင်ပါက အားကစားပြိုင်ပွဲများ ကျင်းပရေး ဆပ်ကော်မတီနှင့် စပ်လျဉ်း၍ ဆောင်ရွက်သွားမည့်အစီအစဉ် များကို လည်းကောင်း၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး အမြဲတမ်းအတွင်းဝန် ဒေါ်နိုင်သက်ဦးက စာရင်းစစ်ဆေးရေး ဆပ်ကော်မတီနှင့်စပ်လျဉ်း၍ ပေးအပ်ထားသည့် လုပ်ငန်း တာဝန်များနှင့် အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်နေမှုအခြေအနေများကိုလည်းကောင်း ဆွေးနွေး တင်ပြကြသည်။
ဆွေးနွေးတင်ပြ
ထို့နောက် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်မြင့်က ၂၀၂၁ ခုနှစ်၊ လွတ်လပ်ရေးနေ့ တွင် ကျင်းပပြုလုပ်မည့် “ ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့် အပ်နှင်းခြင်း အခမ်းအနား” ကျင်းပနိုင်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက် များနှင့်အညီ ဆောင်ရွက်ထားရှိမှု အခြေအနေများကို လည်းကောင်း၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးခင်မောင်ဝင်းက လွတ်လပ်ရေးနေ့အခမ်း အနားများ ကျင်းပနေစဉ်အတွင်း လျှပ်စစ်မီးပြတ်တောက်မှု မရှိ စေရေး စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေများကို လည်းကောင်း ဆွေးနွေးတင်ပြကြသည်။
အကြံပြုဆွေးနွေး
ယင်းနောက် ဗဟိုကော်မတီဥက္ကဋ္ဌ၊ ဒုတိယသမ္မတ ဦးမြင့်ဆွေ က ဆပ်ကော်မတီများအလိုက် တင်ပြချက်များ၊ အကြံပြုဆွေးနွေးချက်များနှင့် စပ်လျဉ်း၍ ပေါင်းစပ်ညှိနှိုင်း ပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေး ကို ရုပ်သိမ်းလိုက်သည်။
သတင်းစဉ်