
နေပြည်တော် အောက်တိုဘာ ၂၃
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက ဦးဆောင်၍ အာဆီယံဒေသဆိုင်ရာ အမျိုး သမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး လုပ်ငန်းစီမံ ချက်အပေါ် ကာလလတ်ပြန်လည်သုံးသပ်သည့် နိုင်ငံအဆင့် ဆွေးနွေးပွဲကို အောက်တိုဘာ ၂၂ ရက်က Online စနစ်ဖြင့် ကျင်းပသည်။
ဆွေးနွေးပွဲသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး၊ ဒုတိယဝန်ကြီး ဦးစိုးအောင်၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာကိုကိုနိုင်၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် အမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌများ၊ လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ စန်းစန်းအေး၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဦးဝင်းနိုင်ထွန်း၊ UN WOMEN Regional Consultant ၊ Ms. Katherine Belen၊ အစိုးရ/ဌာန အဖွဲ့ အစည်းအသီးသီးမှ တာဝန်ရှိသူများ၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု နည်းပညာဆိုင်ရာ လုပ်ငန်းအဖွဲ့ဝင် ကုလ သမဂ္ဂအဖွဲ့အစည်းများ၊ နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ ပြည်တွင်းအစိုးရမဟုတ်သော အဖွဲ့ အစည်းများ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ GBV Working Group မှ ကိုယ်စားလှယ်များ Online မှ ပါဝင် တက်ရောက် ခဲ့ကြသည်။
ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက ၂၀၁၅ ခုနှစ် နိုဝင်ဘာတွင် ကျင်းပခဲ့သည့် အာဆီယံထိပ်သီးညီလာခံ (ASEAN Summit) တွင် အာဆီယံဒေသဆိုင်ရာ အမျိုးသမီး များအပေါ် အကြမ်းဖက်မှု ပပျောက်ရေးလုပ်ငန်းစီမံချက်ကို အတည်ပြုခဲ့ပြီး ၂၀၁၆ ခုနှစ်တွင် စတင်အကောင်အထည် ဖော်ခဲ့ပါကြောင်း၊ လက်ရှိအချိန်သည် အာဆီယံ လုပ်ငန်းစီမံ ချက်၏ အကောင်အထည်ဖော်ဆောင်မှု၏ ပထမ ငါးနှစ် ပြီးမြောက်လုနီးပါးဖြစ်ပါကြောင်း၊ ထို့ကြောင့် အာဆီယံအဖွဲ့ဝင် နိုင်ငံများအနေဖြင့် လုပ်ငန်းစီမံချက်အား အကောင်အထည် ဖော်ဆောင်မှုများကို ကာလလတ်ပြန်လည် သုံးသပ်မှု ပြုလုပ်ရမည်ဖြစ်ကြောင်း၊ ကာလလတ် ပြန်လည်သုံးသပ် မှုကို အဆင့် နှစ်ဆင့်ဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ပထမအဆင့် (Phase I) အဖြစ် Desk Review ဆောင်ရွက်ပြီး ဒုတိယအဆင့် (Phase II) အဖြစ် နိုင်ငံအဆင့် ဆွေးနွေးပွဲ များကို ကျင်းပရန်ဖြစ်ကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေ ဖြင့် အာဆီယံအမျိုးသမီးကော်မတီ (ASEAN Committee on Women – ACW) နှင့် အာဆီယံအမျိုးသမီးနှင့် ကလေး သူငယ်အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးနှင့် မြှင့်တင်ရေးကော်မရှင် (ASEAN Commission on Promo-tion and Protection of the Rights of Women and Children- တို့အပြင် အာဆီယံအမျိုးသမီးရေးရာ ဝန်ကြီး များအဆင့်အစည်းအဝေး (ASEAN Ministerial Meeting on Women – AMMW) တို့တွင်လည်း Focal Point အဖြစ် တာဝန်ယူ ဆောင်ရွက်လျက်ရှိကြောင်း။
ယခုကဲ့သို့ ကာလလတ်ပြန်လည် သုံးသပ်ခြင်းဖြင့် အာဆီယံဒေသဆိုင်ရာ အမျိုးသမီးများအပေါ် အကြမ်းဖက် မှုပပျောက်ရေး လုပ်ငန်းစီမံချက် (ASEAN RPA on EVAW) ပါ လုပ်ငန်းရပ်များကို မိမိတို့နိုင်ငံအဆင့်တွင် အကောင် အထည်ဖော်ဆောင်မှုများကို စုစည်းဆန်းစစ်ပြီး စိန်ခေါ်မှု၊ ကွာဟချက်နှင့် ဖြေရှင်းနိုင်မည့်နည်းလမ်းများကို သတ်မှတ် ဖော်ထုတ်နိုင်မည် ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးအတွက် အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း (၂၀၁၃-၂၀၂၂) ရေးဆွဲအကောင် အထည်ဖော်ခြင်း၊ နည်းပညာဆိုင်ရာ လုပ်ငန်းအဖွဲ့ လေးဖွဲ့ တွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားဆီး ကာကွယ်ရေးနည်းပညာဆိုင်ရာ လုပ်ငန်းအဖွဲ့ကို ထည့်သွင်း ဖွဲ့စည်းခြင်း၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားဆီး ကာကွယ်ရေး ဥပဒေမူကြမ်းကိုရေးဆွဲခြင်း၊ ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု တားဆီးကာကွယ်ရေး အတွက် အမျိုးသားကော်မတီဖွဲ့ပြီး လုပ်ငန်းစီမံချက် (မူကြမ်း) ရေးဆွဲခြင်း၊ လူမှုရေးရာဖြစ်ရပ် စီမံခန့်ခွဲရေးစနစ် ဆိုင်ရာလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်ရေး စံလုပ်ငန်းလမ်းညွှန်ရေးဆွဲအတည်ပြုခြင်း၊ အမျိုးသမီးများ ဘဝတစ်လျှောက် အတွေ့အကြုံများဆိုင်ရာ စစ်တမ်း ကောက်ယူရေးအတွက် စီစဉ်ဆောင်ရွက်မှုများကို ပြုလုပ် ထားရှိကြောင်း။
အကြမ်းဖက်ခံရသူအမျိုးသမီးများကို ဝန်ဆောင်မှုများ ပေးနိုင်ရန်အတွက် ၂၄ နာရီ Help Line ဖွင့်လှစ်ထားခြင်း၊ One Stop Women Support Center ခြောက်ခု ဖွင့်လှစ် ထားရှိခြင်း၊ တရားရင်ဆိုင်စရိတ်နှင့် အသက်မွေး ဝမ်းကျောင်းအတွက် ထောက်ပံ့မှုများပေးခြင်း၊ လူမှုရေးရာ ဖြစ်ရပ်စီမံခန့်ခွဲသူများကို လေ့ကျင့်သင်တန်းပေးခြင်းကို ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံအဆင့် ဆွေးနွေးပွဲသို့ တက်ရောက်လာသူများအနေဖြင့် ဆွေးနွေးပွဲ ရည်ရွယ် ချက်များ ပေါက်မြောက်အောင်မြင်နိုင်ရေး၊ အမျိုးသမီးများ အကြမ်းဖက်မှု တားဆီးကာကွယ်ရေးလုပ်ငန်းများ၊ အခက် အခဲနှင့် စိန်ခေါ်မှုများ မကျန်ခဲ့စေရေး ဝိုင်းဝန်းဆွေးနွေး ပေးစေလိုပါကြောင်း ပြောကြားသည်။
ထို့နောက် လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ချုပ် ဒေါက်တာ ဒေါ်စန်းစန်းအေးက အာဆီယံဒေသဆိုင်ရာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး လုပ်ငန်း စီမံချက်အပေါ် ကာလလတ်ပြန်လည်သုံးသပ်သည့် နိုင်ငံ အဆင့်ဆွေးနွေးပွဲ၏ ရည်မှန်းချက်နှင့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခြင်း၊ UN WOMEN Regional Consul-tant ၊ Ms. Katherine Belen က အာဆီယံဒေသဆိုင်ရာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးလုပ်ငန်း စီမံချက်ပါ ဦးစားပေးလုပ်ငန်းနယ်ပယ် ငါးရပ်နှင့် လုပ်ငန်း စီမံချက် ရှစ်ခုတို့နှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခြင်း၊ အစုအဖွဲ့အလိုက် ဆွေးနွေးခြင်းများပြုလုပ်ခဲ့ကြကြောင်း သိရသည်။ သတင်းစဉ်