မိတ်ကောင်းဆွေကောင်းဟူသည်က ...

Type

 

စာချစ်သူ
 

 

ဖေဖော်ဝါရီ ၂၄ ရက် ညနေပိုင်းက ချောင်ပရာယာ မြစ်ထဲကို အဖော်တစ်သင်းနှင့်အတူ လှေတစ်စင်း တည်းစီးပြီး  ထွက်လာခဲ့သည့်   ထိုင်းမင်းသမီး ချောလေး Tangno Pattaratida ရေထဲပြုတ်ကျပြီး ငယ်ငယ်ရွယ်ရွယ်နှင့် သေဆုံးခဲ့ရမှု၏ နောက်ဆက် တွဲ အရှုပ်တော်ပုံသတင်းများကို ဖတ်ရစဉ် ငယ်စဉ် ကဖတ်ရှုခဲ့ဖူးသော    ဆရာကြီး   နန္ဒာသိန်းဇံ၏  “မိတ်ကောင်းဆွေကောင်းနှင့် ခရီးသွားခြင်း” စာအုပ် ကို ဖျတ်ခနဲသတိရမိသည်။

 


မှန်ပါသည်။  ဘဝခရီး၊  သံသရာခရီးလမ်းကို လျှောက်လှမ်းနေကြရသည့်   ခရီးသည်များအဖို့ မိတ်ကောင်းဆွေကောင်းနှင့်   ပေါင်းသင်းရခြင်း၊ မိတ်ကောင်းဆွေကောင်းနှင့်အတူ ခရီးသွားရခြင်း က ကုသိုလ်ကံ အကျိုးပေးတစ်ခုပါပေ။ 
မိတ်ကောင်းဆွေကောင်းနှင့် ပေါင်းသင်းရခြင်း နှင့်ပတ်သက်ပြီး   ညီတော်အာနန္ဒာက   မြတ်စွာ ဘုရားရှင်ကို “အရှင်ဘုရား၊ မိတ်ကောင်းဆွေကောင်း နှင့် ပေါင်းသင်းခြင်းသည်   သာသနာတော်ကြီး၏ တစ်ဝက်ခရီးဖြစ်ပါသည်ဘုရား”ဟုဆိုကာ သတိ ချွတ်ချော်၍ မသင့်မတော် တင်လျှောက်ခဲ့ဖူးသည်။

 


မြတ်စွာဘုရားရှင်က “အာနန္ဒာ၊ ဤသို့မဆိုလင့်၊ အာနန္ဒာ၊ ဤသို့မဆိုလင့်”ဟုဆိုကာ အရှင်အာနန္ဒာ ၏ စကားကို  ချက်ချင်း  တားမြစ်တော်မူသည်။ တစ်ဆက်တည်းမှာပင် “မိတ်ကောင်းဆွေကောင်း နှင့် ပေါင်းသင်းမိခြင်းသည် သာသနာ့ခရီးတစ်လျှောက် ၌ အပြီးတိုင် အဆုံးတိုင်ရောက်ခြင်းသာ  ဖြစ်ပေ သည်။ သူတော်ကောင်းနှင့်  ပေါင်းသင်းမိသော ရဟန်းသည်သာလျှင် မဂ္ဂင်ရှစ်ပါးကို ပွားများနိုင်ပေ လိမ့်မည်။ ငါဘုရားတည်းဟူသော မိတ်ဆွေကောင်း ကို ပေါင်းသင်းမိခြင်းအားဖြင့် သတ္တဝါအနန္တသာဝက တို့သည် အိုခြင်း၊ နာခြင်း၊ သေခြင်း၊ စိုးရိမ်ပူဆွေး၊ ငိုကြွေးရခြင်း ဒုက္ခအပေါင်းမှလွတ်မြောက်ခဲ့ကြ ရပေသည်”ဟု ဘုရားရှင်က ညီတော်အာနန္ဒာကို မဟာကရုဏာတော်ဖြင့် မိန့်ကြားတော်မူခဲ့ပါသည်။
ထို့အတူ  မြတ်စွာဘုရားရှင်သည်  ရာဇဂြိုဟ် မြို့သား သိင်္ဂါလ သတို့သားအား ဟောဖော်ညွှန်ပြ ဆိုဆုံးမတော်မူခဲ့သော လူမှုရေးတရားတော်များ၌ လည်း မိတ်ဆွေအချင်းချင်း ဆက်ဆံရေးတာဝန် များနှင့်စပ်လျဉ်း၍ အကျယ်တဝင့်ဟောကြားတော် မူခဲ့ပေသည်။

 


မိတ်ဆွေအချင်းချင်းဆောင်ရွက်ရန်   တာဝန် ငါးရပ်မှာ ထောက်ပံ့ပေးခြင်း၊ ချိုချိုသာသာပြောဆို ခြင်း၊ အကျိုးစီးပွားကို ဆောင်ရွက်ခြင်း၊ မိမိနှင့် တန်းတူထားခြင်းနှင့် စကားသစ္စာတည်ကြည်ခြင်း တို့ ဖြစ်ပါသည်။
မိတ်ဆွေစစ်များအပေါ် ထိုသို့တာဝန်ငါးရပ်ဖြင့် အပြည့်အဝဆက်ဆံသည့်အတွက် မိတ်ဆွေများ ဘက်မှလည်း မိမိမေ့လျော့ခိုက် အသက်အန္တရာယ် ကာကွယ်ပေးခြင်း၊ မိမိမေ့လျော့ခိုက်ပစ္စည်းဥစ္စာစောင့်ရှောက်ပေးခြင်း၊   ကြောက်လန့်နေခိုက် အားပေးနှစ်သိမ့်ခြင်း၊ အန္တရာယ်ကြုံသော်  စွန့်ပစ် မသွားခြင်း၊ သားစဉ်မြေးဆက်မေတ္တာသက်ဝင်ကြခြင်းဟူသော ငါးမျိုးသော တုံ့ပြန်မှုများရရှိနိုင်ပေ သည်။ မေတ္တာကိုမေတ္တာဖြင့် တုံ့ပြန်ခြင်းသာ ဖြစ်ပေ သည်။
ထိုကဲ့သို့   မိတ္တဿဧသာ   မေတ္တာဟူသော မိတ်ဆွေတို့၏စိတ်ဓာတ်၊ မိတ်ဆွေတို့၏ စိတ်နေ သဘောထားတို့ဖြင့် မိတ်ဆွေအချင်းချင်း မေတ္တာ ဖြင့် ဆက်ဆံကြရသော်လည်း တွေ့သမျှ လူတိုင်းကို ကား မိတ်ကောင်းဆွေကောင်းဟု ယုံမှတ်၍ မရနိုင် ပေ။ မိတ်ဆွေတုများကို ရှောင်၍ မိတ်ဆွေစစ်များနှင့် ပေါင်းဖော်မိဖို့က အလွန်အရေးကြီးပေသည်။
ရာသက်ပန် ပေါင်းသင်းထိုက်သော မိတ်ဆွေစစ် ဟူသည်က အကျိုးကျေးဇူးပြုတတ်သူ၊ အေးအတူ ပူအမျှ   သဘောထားသူ၊   အကျိုးရှိရာကိုသာ ညွှန်ကြားသူနှင့်  သနားကြင်နာတတ်သောသူတို့ ဖြစ်ကြ၏။

 


အကျိုးကျေးဇူးပြုတတ်သူ ဥပကာရမိတ်ဆွေ သည် -
    (၁)    မူးယစ်နေသောမိတ်ဆွေကို စောင့်ရှောက် တတ်၏။
    (၂)    မူးယစ်မေ့လျော့နေသော   မိတ်ဆွေ၏ ပစ္စည်းဥစ္စာကို စောင့်ရှောက်တတ်၏။
    (၃)    ကြောက်ရွံ့နေသောမိတ်ဆွေ၏ အားကိုး ရာဖြစ်၏။
    (၄) ပြုဖွယ်ကိစ္စဖြစ်ပေါ်လာပါက အကူအညီ တောင်းခံသည်ထက် နှစ်ဆသောစည်းစိမ် အထောက်အပံ့ကို ပေးတတ်၏။
ချမ်းသာအတူ ဆင်းရဲအတူ၊ အေးအတူပူအမျှ သဘောထားသူ သမာနသုခဒုက္ခ မိတ်ဆွေသည်-
    (၁)    ထိုမိတ်ဆွေအား လျှို့ဝှက်အပ်သည့်အမှု ကိစ္စကို ပြောကြား၏။
    (၂)    ထိုမိတ်ဆွေ၏ လျှို့ဝှက်အပ်သောအမှုကိစ္စ ကို လျှို့ဝှက်ထား၏။
    (၃)    ဘေးရန်ဖြစ်ပေါ်လာလျှင် မစွန့်ပစ်။
    (၄)    ထိုမိတ်ဆွေအတွက် အသက်ကိုပင်သော် လည်း စွန့်လွှတ်၏။ 
အကျိုးစီးပွားရှိရာကိုသာ     ညွှန်ကြားသူ အတ္ထက္ခာယီ မိတ်ဆွေသည် -
    (၁)    မကောင်းမှုမှ တားမြစ်တတ်၏။
    (၂)    ကောင်းမှု၌ သက်ဝင်စေ၏၊ တိုက်တွန်း တတ်၏။
    (၃)    မကြားဖူးသောတရားစကားကို  ပြော ကြား တတ်၏။
    (၄)    နတ်ပြည်ရောက်ကြောင်း   ခရီးလမ်းကို ပြောကြားတတ်၏။
အစဉ်သနားကြင်နာတတ်သော  အနုကမ္ပက မိတ်ဆွေသည် -
    (၁)    ထိုမိတ်ဆွေ၏ ဆုတ်ယုတ်ပျက်စီးခြင်းကို မနှစ်သက်။
    (၂)    ထိုမိတ်ဆွေ၏ ဖြစ်ထွန်းတိုးတက်ခြင်းကို နှစ်သက်၏။
    (၃)    ထိုမိတ်ဆွေအား ကဲ့ရဲ့စကားပြောကြားသူ ကို ကန့်ကွက်တားမြစ်တတ်၏။
    (၄)    ထိုမိတ်ဆွေအား ချီးမွမ်းစကားပြောကြား သူကို ထောက်ခံချီးမွမ်းတတ်၏။
ဝေးဝေးကရှောင်သင့်သော မိတ်ဆွေတုဟူသည် က ယူရုံယူ၍ မပေးလိုသောသူ၊ နှုတ်နှင့်သာမြှောက်၍ စားတတ်သူ၊ အလိုက်အထိုက်သာ ပြောတတ်သူနှင့် မကောင်းမှုများသို့ သွေးဆောင်သူတို့ဖြစ်ကြ၏။

 


ယူရုံသာယူတတ်သောသူ    အညဒတ္ထုဟရ မိတ်ဆွေတုသည် -
    (၁)    ယူသာ ယူတတ်၏။
    (၂)    နည်းသောဥစ္စာကိုပေးခြင်းဖြင့် များစွာ သောဥစ္စာကို အလိုရှိ၏။
    (၃)    မိမိဘေးဖြစ်မှ  ထိုသူ့ကိစ္စကို   ပြုလုပ် ပေးတတ်၏။
    (၄)    အကျိုးစီးပွားရလိုသောကြောင့် ဆည်းကပ် ၏။
နှုတ်နှင့်သာမြှောက်၍  စားတတ်သူ   ဝစီပရမ မိတ်ဆွေတုသည် -
    (၁)    လွန်ပြီးသော     အကြောင်းအရာဖြင့် ချီးမြှောက်၏။
    (၂)    မဖြစ်သေးသော   အကြောင်းအရာဖြင့် ချီးမြှောက်၏။
    (၃)    အချည်းနှီးလောကွတ်မျှဖြင့် ချီးမြှောက် ၏။
    (၄)    ဖြစ်ဆဲကိစ္စတို့၌ ပျက်စီးခြင်းကိုပြသ၏။
အဓိပ္ပာယ်အားဖြင့် “မနှစ်က ခင်ဗျား မလာဘူး ဗျာ။  ကျုပ်တို့မှာ အလုပ်အကိုင် သိပ်ပြေလည်တယ်” စသဖြင့် လွန်ပြီးသည့်အကြောင်းအရာဖြင့် ချီးမြှောက် ခြင်း၊ “ရှေ့လလောက်မှာ ကောက်စပါးပေါ်ပါလိမ့် မယ်၊ ခင်ဗျားလာခဲ့ပါလား”စသဖြင့် မဖြစ်သေးသည့် အကြောင်းအရာဖြင့်  ချီးမြှောက်ခြင်း၊  ကားလေး တစ်ခေါက်လောက် ကူညီပါဟု တောင်းခံလာသော အခါ “ကားပျက်နေတယ်”ဟုဖြစ်ဆဲ ပစ္စုပ္ပန်ကိစ္စတို့၌ ပျက်စီးခြင်းကိုပြသခြင်းတို့ပင်ဖြစ်သည်။

 


အကြိုက်ကို  လိုက်၍   အလိုက်အထိုက်သာ ပြောတတ်သူ အနုပ္ပိယဘာဏီ မိတ်ဆွေတုသည်-
    (၁)    ထိုသူအား မကောင်းမှုကိုလည်း ခွင့်ပြု၏။
    (၂)    ထိုသူအား ကောင်းမှုကိုလည်း ခွင့်ပြု၏။
    (၃)    ထိုသူ၏မျက်မှောက်၌   ချီးမွမ်းစကားကို ဆို၏။
    (၄)    ထိုသူ၏မျက်ကွယ်၌ ကဲ့ရဲ့စကားကိုဆို၏။
ပျက်စီးကြောင်း မကောင်းမှုများသို့ သွေးဆောင် သူ အပါယသဟာရမိတ်ဆွေတုသည် -
    (၁)    သေရည်သေရက်သောက်ခြင်း၌ အပေါင်း အဖော်ဖြစ်၏။
    (၂)    အခါမဲ့ခရီးသွားခြင်း၌   အပေါင်းအဖော် ဖြစ်၏။
    (၃)    ပွဲလမ်းသဘင်  ကြည့်ရှုနားထောင်ခြင်း၌ အပေါင်းအဖော်ဖြစ်၏။
    (၄)    လောင်းကစားခြင်း၌   အပေါင်းအဖော် ဖြစ်၏။
ဤသို့အားဖြင့်  မိတ်ဆွေစစ်နှင့်   မိတ်ဆွေတု တို့ကို မြတ်စွာဘုရားရှင်၏ လူမှုရေးတရားတော်တို့ နှင့်အညီ လေးပါးသောအကြောင်းတို့ဖြင့် ခွဲခြားသိရှိ ပြီဆိုပါက မိတ်ဆွေတုကို ဝေးဝေးကရှောင်ကြဉ်၍ မိတ်ဆွေစစ်တည်းဟူသော မိတ်ကောင်းဆွေကောင်း ကိုရှာဖွေကာ ရာသက်ပန်ပေါင်းသင်းကြရပေမည်။

 


သို့ရာတွင် လောကလူ့ရွာ၌ မိတ်ဆွေစစ်ဟူသည် ကား  နည်းပါးလွန်းလှသည်။   ရှားပါးလွန်းလှပေ သည်။ ဆရာကြီးရွှေဥဒေါင်းက “Bosom Friend ဟူသော အင်္ဂလိပ်စကားလုံးမှာ ‘ရင်ဘတ်မိတ်ဆွေ’ ဟု  အဓိပ္ပာယ်ရှိလေရာ  အလွန်တိကျပေါ်လွင်သော အသုံးအနှုန်းဖြစ်၏။ အကြောင်းမူကား ရင်ဘတ်ထဲ၌ ရှိသော အခြင်းအရာအားလုံးကို (အကောင်းရော အဆိုးပါ) ဖွင့်ဟတိုင်ပင်၍ အကြံဉာဏ်တောင်းနိုင် သော မိတ်ဆွေမျိုးဖြစ်ပေသောကြောင့်တည်း။ ဤ မိတ်ဆွေမျိုးသည် တစ်ယောက်နှင့်တစ်ယောက် ဟန်လုပ်ခြင်း၊  ကြွားဝါခြင်း၊  ဂုဏ်ပြိုင်ခြင်းမရှိ။ တစ်ယောက်ဒုက္ခရောက်သည်ဆိုလျှင် တစ်ယောက် က ပါးစပ်ဖျားကလေးဖြင့် ‘ဝမ်းနည်းပါတယ်ဗျာ’ဟု လောကဝတ်စကားပြောခြင်းမဟုတ်။ စိတ်၌တကယ် ထိခိုက်အောင်   လှိုက်လှိုက်လှဲလှဲ   ဝမ်းနည်း၍ ကောင်းစားလျှင်လည်း  အဟုတ်တကယ်  ဝမ်း မြောက်ဝမ်းသာ(မုဒိတာစိတ်)ဖြစ်နိုင်သည့် မိတ်ဆွေ မျိုးကိုဆိုလိုပေသည်။ လူတိုင်းလူတိုင်း၌ ထိုသို့သော မိတ်ဆွေမျိုး ဘယ်နှယောက်စီရှိကြသည်မဆိုနိုင်။ ကျွန်ုပ်အဖို့ရာ၌ကား (ကိုဖေအပါအဝင်) တစ်သက်တာ လုံး၌ သုံးလေး ငါးယောက်မျှသာ ကြုံရဖူးပါသည်။ (ဤသို့သော မိတ်ဆွေမျိုးမှာ ဘဝရေစက်လည်းပါဦး မှ တွေ့နိုင်ဟန်တူပေသည်။)” ဟူ၍  ဆရာကြီးက ၎င်း၏တစ်သက်တာမှတ်တမ်းနှင့် အတွေးအခေါ် များ စာအုပ်တွင် ရေးသားခဲ့ပေသည်။


ဆရာကြီးနန္ဒာသိန်းဇံကမူ “မိတ်ဆွေကောင်းရဲ့ဂုဏ်အင်္ဂါတွေနဲ့ပြည့်စုံဖို့ဆိုတာ လွယ်တော့မလွယ် ပါဘူး။ ကိုယ်ကိုယ်တိုင် မိတ်ဆွေကောင်းဖြစ်ဖို့ ခက်ခဲ နေရင် ကိုယ့်ဝန်းကျင်က လူတွေကို မိတ်ဆွေကောင်း တွေ မဟုတ်ပါဘူးလို့  အလွယ်တကူအပြစ်မတင်ဖို့လည်း သတိထားရမှာ ပါပဲ။ ‘သင်ကကော မိတ်ဆွေ ကောင်းဟုတ်ရဲ့လား’လို့ ပြန်ပြီး အမေးခံနိုင်ရတယ်ဆိုတာကိုလည်း သတိပြု ရမှာပါပဲ။

 


ကိုယ်က  မိတ်ဆွေကောင်းတို့ရဲ့  ဂုဏ်အင်္ဂါနဲ့ ညီအောင်  အတတ်နိုင်ဆုံး   ဆက်ဆံပြုမူပေမယ့် တစ်ဖက်လူတွေကကောင်းမွန်စွာ မတုံ့ပြန်ရုံမက ကိုယ့်အကျိုးကိုပျက်စီးအောင်  လုပ်လာတယ်ဆိုရင် လည်း  အားငယ်စိတ်ပျက်စရာတော့  မလိုပါဘူး။ ဒီလိုလူမျိုးတွေကို ရှောင်သင့်ကရှောင်၊ ဖယ်သင့်က ဖယ်ပြီး ကျွန်တော်တို့ရဲ့စေတနာ၊ ပညာ၊ ဝီရိယတွေ ကိုပဲ   မိတ်ဆွေကောင်းအဖြစ်၊  အဖော်မွန်အဖြစ် ပေါင်းသင်းဆက်ဆံပြီး ဘဝခရီးကိုတည်ငြိမ်စွာနဲ့ ကိုယ်ရည်မှန်းထားတဲ့ ပန်းတိုင်ရောက်သည်အထိ လျှောက်လှမ်းသင့်တယ်”  ဟူ၍   မိတ်ကောင်း ဆွေကောင်းနှင့် ခရီးသွားခြင်းစာအုပ်တွင် ရေးသား ခဲ့ပါသည်။

 


သို့ဆိုလျှင်  ဘဝခရီး၊   သံသရာခရီးလမ်းကို လျှောက်လှမ်းနေကြသည့် မိမိတို့ခရီးသွားများသည် အကောင်း၊ အဆိုးဒွန်တွဲနေသော လောကအလယ် တွင်   မိတ်ကောင်းဆွေကောင်းများနှင့်  သာမက မိတ်ဆွေတုတို့နှင့်လည်း ဘုံဘဝတွင်ကြုံရဆုံကြရ ပါဦးမည်။ ထိုသို့ ကြုံရဆုံကြရာတွင် ပစ္စုပ္ပန်ဘဝ ခရီးအတွက်သာမက သံသရာခရီးလမ်းအထိ မှန်းမျှော် ကာ မိတ်ကောင်းဆွေကောင်းများကို တန်ဖိုးထား၍ မိတ်ဆွေအချင်းချင်း   ဆောင်ရွက်ရမည့်   တာဝန် ဝတ္တရားများနှင့်အညီ အပြန်အလှန် မိတ်ဝတ်မပျက် အလေးထား   ပေါင်းသင်းကြရမည်ဖြစ်သကဲ့သို့ မိတ်ဆွေတုများကိုလည်း ဖယ်သင့်ဖယ်၊ ရှောင်သင့် ရှောင်နိုင်ဖို့ အရေးကြီးလှပေသည်။

 


အဘယ်ကြောင့်ဆိုသော် “သူတော်ကောင်းတို့ နှင့် ပေါင်းဆုံခြင်းသည် တစ်ကြိမ်သာလျှင်ဖြစ်၏။ (ဝါ) တစ်ကြိမ်သာလျှင် ဖြစ်စေကာမူ ထိုတစ်ကြိမ်မျှ ပေါင်းဆုံရတွေ့ရခြင်းသည် သူတော်ကောင်းတို့နှင့် ပေါင်းဆုံတွေ့ရသော ထိုသူကို  အကျိုးမဲ့ဖယ်ရှား၊ အကျိုးများအောင် ရွက်ဆောင်စောင့်ရှောက်တတ် ပေ၏။ သူယုတ်မာတို့နှင့် အကြိမ်များစွာ ပေါင်းဆုံ ရခြင်းသည် (ဝါ) အကြိမ်များစွာ ပေါင်းဆုံရစေကာမူ အကျိုးများအောင် မရွက်ဆောင် မစောင့်ရှောက် တတ်ချေ”  ဟူ၍   မဟာသုတသောမဇာတ်တွင် ဆိုဆုံးမခဲ့သည်  မဟုတ်ပါလား။      ။


    ကျမ်းကိုး -     ဝဏ္ဏသီရိ၏ ညီတော်အာနန္ဒာ၏ တစ်သက်တာမှတ်တမ်း၊   သာသနာ တော် ထွန်းကားပြန့်ပွားရေး ဦးစီးဌာန ၏  ဗုဒ္ဓဘာသာကောင်းတစ်ယောက်။