
နေခြည်
နိဒါန်း
ရိုမေးနီးယားနိုင်ငံသည် ဥရောပအရှေ့တောင်ပိုင်း တွင် တည်ရှိပြီး မြို့တော်မှာ Bucharest ဖြစ်သည်။ မြောက်ဘက်တွင် ယူကရိန်းနိုင်ငံ၊ အရှေ့ မြောက်ဘက်တွင် မိုဒိုဗာနိုင်ငံ၊ အရှေ့တောင်ဘက် တွင် ပင်လယ်နက်၊ တောင်ဘက်တွင် ဘူဂေးရီးယား နိုင်ငံ၊ အနောက်တောင်ဘက်တွင် ဆာဘီးယား နိုင်ငံနှင့် အနောက်ဘက်တွင် ဟန်ဂေရီနိုင်ငံတို့နှင့် နယ်နိမိတ်ချင်း ထိစပ်လျက်ရှိသည်။ ၂၃၈၃၉၇ စတုရန်းကီလိုမီတာ ကျယ်ဝန်းပြီး လူဦးရေအား ဖြင့် ၂၁ သန်းကျော် နေထိုင်လျက်ရှိသည်။
နိုင်ငံ့လူဦးရေ၏ ဆယ်ပုံ ကိုးပုံခန့်သည် ရိုမေးနီးယန်းတိုင်းရင်းသားလူမျိုးများ ဖြစ်သည်။ နိုင်ငံ အနောက်မြောက်ပိုင်းရှိ Transylvania ဒေသတွင် အများစုနေထိုင်ကြသော ဟန်ဂေရီတိုင်းရင်းသား လူမျိုးများလည်း အများအပြားရှိသည်။ ရိုမာန် ဘာသာစကားကို ရုံးသုံးဘာသာအဖြစ် သတ်မှတ် ထားသော်လည်း Daco-Romanian ဘာသာစကား ကိုသာ အများဆုံးအသုံးပြုသည်။ အခြားသော ဘာသာစကားအနေဖြင့် ဟန်ဂေရီဘာသာစကား အား လူဦးရေတစ်သန်းကျော် အသုံးပြုပြောကြား လျက်ရှိသည်။
၁၉၄၄ ခုနှစ်တွင် ဆိုဗီယက်၏ သိမ်းပိုက်ခြင်း ခံခဲ့ရပြီးနောက် ၁၉၄၈ ခုနှစ်တွင် ဆိုဗီယက် ပြည်ထောင်စု ( Union of Soviet Socialist Republics – U.S.S.R ) ၏ လက်အောက်ခံ နိုင်ငံတစ်နိုင်ငံ ဖြစ်ခဲ့သည်။ ၁၉၄၈ ခုနှစ်မှ ၁၉၈၉ မတိုင်မီအထိ ကွန်မြူနစ်စနစ်ဖြင့်အုပ်ချုပ်ခဲ့သည်။ လွတ်လပ်သော ရွေးကောက်ပွဲများကို ၁၉၉၀ ပြည့်နှစ်တွင် ကျင်းပခဲ့သည်။ ၂၀၀၄ ခုနှစ်တွင် North Atlantic Treaty Organization (NATO) အဖွဲ့သို့ ဝင်ရောက်ခဲ့ပြီး ၂၀၀၇ ခုနှစ်တွင် ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံဖြစ်လာခဲ့သည်။
ရိုမေးနီးယားနိုင်ငံ၏ အုပ်ချုပ်ရေးယန္တရားကို ခရိုင်အဆင့်တွင် စီရင်စု ၄၁ စုနှင့် ပြည်ထောင်စု နယ်မြေ တစ်ခု ( Bucharest )၊ မြို့နယ်အဆင့်တွင် မြို့နယ် ( Municipalities ) ၁၀၃ ခု၊ မြို့ ( Cities) ၂၁၇ ခုနှင့် မြို့နယ်ခွဲ ( Communes ) ၂၈၆၁ ခု ဖွဲ့စည်း၍ အုပ်ချုပ်လျက်ရှိသည်။ မြို့နယ်ခွဲများ အောက်တွင် ကျေးရွာအုပ်စု ၁၂၉၅၇ အုပ်စုပါဝင် သော်လည်း ကျေးရွာအုပ်စုအဆင့်တွင် အုပ်ချုပ်ရေး ဆိုင်ရာအဖွဲ့အစည်း ထားရှိခြင်းမရှိပေ။ သို့သော် ပြည်ထောင်စုနယ်မြေတွင် နယ်မြေခြောက်ခု ပိုင်းခြားထားပြီး နယ်မြေအလိုက် အုပ်ချုပ်ရေး ဆိုင်ရာ အဖွဲ့အစည်းများ ဖွဲ့စည်းထားရှိသည်။
၁၉၉၁ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတသည် တိုင်းပြည်၏အကြီးအကဲဖြစ်ပြီး ဝန်ကြီးချုပ်သည် အစိုးရအဖွဲ့အကြီးအကဲ ဖြစ်သည်။ ဥပဒေပြုရေးမဏ္ဍိုင်၊ အုပ်ချုပ်ရေးမဏ္ဍိုင်နှင့် တရား စီရင်ရေးမဏ္ဍိုင်ဟူ၍ မဏ္ဍိုင်ကြီး (၃) ရပ်ဖြင့် အာဏာ ခွဲဝေကျင့်သုံးသည်။
ဥပဒေပြုရေးမဏ္ဍိုင်
ဥပဒေပြုရေးအာဏာကို ပါလီမန်လွှတ်တော် တွင် အပ်နှင်းထားသည်။ ပါလီမန်လွှတ်တော် (Parlamentul României) ကို အောက်လွှတ်တော် ( Camera Deputaţilor ) နှင့် အထက်လွှတ်တော် ( Senatul) တို့ဖြင့် ဖွဲ့စည်းထားသည်။
လွှတ်တော်နှစ်ရပ်လုံးအတွက် ကိုယ်စားလှယ် များကို အချိုးကျ ကိုယ်စားပြုစနစ်အသုံးပြု၍ ရွေးကောက်တင်မြှောက်သည်။ အောက်လွှတ်တော် ဖြစ်သော (Camera Deputaţilor) တွင် ကိုယ်စားလှယ် ၃၃၀ ပါဝင်ပြီး သက်တမ်းအနေဖြင့် လေးနှစ် တာဝန်ထမ်းဆောင်ရမည်ဖြစ်သည်။ အထက်လွှတ်တော်ဖြစ်သော (Senatul) တွင် ကိုယ်စားလှယ် ၁၃၆ ဦး ပါဝင်ပြီး သက်တမ်း အနေဖြင့် လေးနှစ် တာဝန်ထမ်းဆောင်ရမည်ဖြစ် သည်။ လွှတ်တော် နှစ်ရပ်ရှိ ကိုယ်စားလှယ်ဦးရေအား ၂၀၁၆ ခုနှစ် ရွေးကောက်ပွဲပြီးနောက် ပြင်ဆင်ခဲ့ခြင်း ဖြစ်သည်။
အုပ်ချုပ်ရေးမဏ္ဍိုင်
ရိုမေးနီးယားနိုင်ငံတွင် အုပ်ချုပ်ရေးအာဏာကို သမ္မတနှင့် ဝန်ကြီးချုပ်ဦးဆောင်သည့် အစိုးရအဖွဲ့ အကြား ခွဲဝေကျင့်သုံးသည်။ တိုင်းပြည်၏ အကြီးအကဲဖြစ်သည့် သမ္မတသည် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်လည်း ဖြစ်သည်။ သမ္မတ သည် ဝန်ကြီးချုပ်အဖြစ် အမည်စာရင်း တင်သွင်းရာ တွင် လွှတ်တော်တွင်း ကိုယ်စားလှယ်နေရာ အများအပြား ရရှိထားသည့် နိုင်ငံရေးပါတီနှင့်သော် လည်းကောင်း၊ ကိုယ်စားလှယ်နေရာအများအပြားအနိုင်ရရှိသည့် နိုင်ငံရေးပါတီမရှိပါက နိုင်ငံရေး ပါတီအားလုံးနှင့်သော်လည်းကောင်း ညှိနှိုင်း၍ လွှတ်တော်သို့တင်သွင်းနိုင်သည်။ ဝန်ကြီးချုပ်သည် အစိုးရအဖွဲ့ဝင်များအား ရွေးချယ်အဆိုပြုနိုင်ပြီး ယင်းအဆိုပြုချက်ကို လွှတ်တော်တွင် မဲခွဲအတည် ပြုပေးသည်။
တရားစီရင်ရေးမဏ္ဍိုင်
ရိုမေးနီးယားနိုင်ငံ၏ တရားစီရင်ရေးစနစ်ကို တရားမဆိုင်ရာဥပဒေနှင့်အညီ အဆင့်ဆင့်သော တရားရုံးများဖြင့် ဖွဲ့စည်းကျင့်သုံးပြီး တရားစီရင်ရေး အာဏာကို ယင်းတရားရုံးများတွင် အပ်နှင်းထား သည်။ တရားမတရားရုံးများကို အောက်ဖော်ပြပါ အတိုင်း ဖွဲ့စည်းထားသည် -
- တရားလွှတ်တော်ချုပ် ( High Court of Cassation and Justice )
- အယူခံတရားရုံး ၁၅ ရုံး
- စီရင်စုဆိုင်ရာတရားရုံး ၄၁ ရုံးနှင့် Bucharest Municipal တရားရုံး
- ဒေသဆိုင်ရာတရားရုံး ၁၈၈ ရုံး
တရားလွှတ်တော်ချုပ်သည် အမြင့်ဆုံးသော တရားရေးအဖွဲ့အစည်းဖြစ်ပြီး တရားသူကြီးများ အား တရားသူကြီးချုပ်များ ကောင်စီ၏ ထောက်ခံချက်ဖြင့် တရားသူကြီးချုပ်မှ ခန့်အပ် သည်။ တရားလွှတ်တော်ချုပ်တရားသူကြီးချုပ်မှ ခန့်အပ်ထားသော တရားသူကြီးများအား ဖယ်ရှား ပိုင်ခွင့်မရှိပေ။ တရားသူကြီးချုပ်နှင့် တရားသူကြီး များသည် သက်တမ်းအားဖြင့် ခြောက်နှစ် တာဝန်ထမ်းဆောင်ရမည်ဖြစ်ပြီး နောက်တစ်ကြိမ် သက်တမ်းကိုလည်း တစ်ဆက်တစ်စပ်တည်း ထမ်းဆောင်ခွင့် ရှိသည်။
လူ့အဖွဲ့အစည်း၏ အထွေထွေအကျိုးစီးပွားကို ကိုယ်စားပြုပြီး တရားဥပဒေစိုးမိုးရေး အပါအဝင် နိုင်ငံသားများ၏ ရပိုင်ခွင့်နှင့် လွတ်လပ်ခွင့်များကို အကာအကွယ်ပေးထားသည့် တရားရေးဝန်ကြီး ဌာနကိုလည်း ဖွဲ့စည်းထားသည်။ တရားရေး ဝန်ကြီးဌာနသည် လွတ်လပ်၍ ဘက်မလိုက်သော အစိုးရရှေ့နေများမှတစ်ဆင့် ၎င်း၏အာဏာကို ကျင့်သုံးသည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးကိုလည်း ဖွဲ့စည်းထားရှိပြီး ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ကိစ္စရပ်များကို စီရင်ဆုံးဖြတ်သည်။
ရွေးကောက်ပွဲစီမံခန့်ခွဲရေးအဖွဲ့အစည်းများ
ရွေးကောက်ပွဲများ ကျင်းပနိုင်ရေးနှင့် စပ်လျဉ်း ၍ ရွေးကောက်ပွဲဆိုင်ရာ စီမံခန့်ခွဲရေးအဖွဲ့အစည်း နှစ်ရပ်ဖြင့် ဖွဲ့စည်းဆောင်ရွက်လျက်ရှိရာ ပထမ အဖွဲ့အစည်းမှာ အမြဲတမ်းဖွဲ့စည်းထားသည့် အဖွဲ့အစည်းဖြစ်သော ရွေးကောက်ပွဲဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်း ( Permanent Electoral Authority – PEA ) ဖြစ်သည်။ ဒုတိယအဖွဲ့အစည်းမှာ ရွေးကောက်ပွဲ တစ်ခုချင်းစီအလိုက် ရည်ရွယ်ဖွဲ့စည်း ထားသော အုပ်ချုပ်မှုအဆင့်သုံးဆင့်ရှိ ရွေးကောက်ပွဲ ရုံးများဖြစ်သည်။ ၎င်းတို့မှာ ဗဟိုရွေးကောက်ပွဲရုံး (Central Election Bureau - CEB )၊ မဲဆန္ဒ နယ်ဆိုင်ရာ ရွေးကောက်ပွဲရုံး (Constituency Election Bureaus– BECs) နှင့် မဲရုံဆိုင်ရာ ရွေးကောက်ပွဲရုံး (Polling Station Election Bureaus - BESVs ) တို့ဖြစ်သည်။
ဗဟိုရွေးကောက်ပွဲရုံး (CEB) ၏ အုပ်ချုပ်မှု အောက်တွင် မဲဆန္ဒနယ်ဆိုင်ရာရွေးကောက်ပွဲရုံး (BECs) ၄၁ ရုံး၊ မြို့တော် Bucharest ရှိ ရွေးကောက်ပွဲ ရုံးတစ်ရုံး၊ နိုင်ငံပြင်ပ မဲဆန္ဒရှင်များအတွက် ရွေးကောက်ပွဲရုံးတစ်ရုံးနှင့် မဲပေးခြင်းကို ကြီးကြပ် ဆောင်ရွက်ရသည့် မဲရုံဆိုင်ရာရွေးကောက်ပွဲရုံး (BESVs) ၁၈၈၀၀ ရုံးတို့ထားရှိ ဆောင်ရွက်လျက် ရှိသည်။
ရွေးကောက်ပွဲဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်း (PEA) ကို လွှတ်တော်နှစ်ရပ်ပေါင်း အစည်းအဝေး မှတစ်ဆင့် ခန့်အပ်ထားသည့် ဥက္ကဋ္ဌက အကြီးအကဲ အဖြစ်တာဝန်ယူ၍ ဒုတိယဥက္ကဋ္ဌနှစ်ဦးဖြင့် လုပ်ငန်း များ တာဝန်ယူဆောင်ရွက်သည်။ ဥက္ကဋ္ဌနှင့် ဒုတိယ ဥက္ကဋ္ဌနှစ်ဦးတို့သည် နိုင်ငံရေးပါတီ တစ်ခုခု၏ ပါတီဝင် မဟုတ်သူများဖြစ်ရမည်ဖြစ်ပြီး သက်တမ်း အားဖြင့် ရှစ်နှစ် တာဝန်ထမ်းဆောင်ရန် သတ်မှတ် ထားသည်။ ရွေးကောက်ပွဲဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်း (PEA) သည် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများအား အထောက်အကူဖြစ်စေမည့် အမိန့်နှင့် ညွှန်ကြားချက်များကို ထုတ်ပြန်ခြင်း၊ မဲဆန္ဒရှင် စာရင်းပြုစုခြင်းအား ကြီးကြပ်ခြင်း၊ မဲဆန္ဒရှင် အသိပညာပေးအစီအစဉ်များအား စီစဉ်ဆောင်ရွက်ခြင်း၊ နိုင်ငံရေးပါတီများနှင့် မဲဆွယ် စည်းရုံးရေးအသုံးစရိတ်များကို ကြီးကြပ်ခြင်းနှင့် ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်ခြင်းတို့ကို တာဝန်ယူဆောင်ရွက်သည်။
ဗဟိုရွေးကောက်ပွဲရုံး (CEB) ကို တရား လွှတ်တော်ချုပ် ( High Court of Cassation and Justice) မှ တရားသူကြီး ငါးဦး၊ ရွေးကောက်ပွဲဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်း (PEA) ၏ ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌ နှစ်ဦး၊ ရွေးကောက်ပွဲဝင်ရောက် ယှဉ်ပြိုင်သည့်သူများ သို့မဟုတ် လွှတ်တော်တွင်းရှိ ပါတီများမှ ၁၂ ဦးထက်မပိုသော ကိုယ်စားလှယ် များဖြင့် ဖွဲ့စည်းထားသည်။ ဗဟိုရွေးကောက်ပွဲရုံး (CEB) နှင့် အဆင့်ဆင့်သော ရွေးကောက်ပွဲရုံးများ အကြားဆောင်ရွက်သည့် အစည်းအဝေးများ၏ အစည်းအဝေး ဆုံးဖြတ်ချက်များကို အများပြည်သူ သိရှိနိုင်စေရန်ထုတ်ပြန်ပေးလေ့ရှိသည်။ ဗဟို ရွေးကောက်ပွဲရုံး (CEB) သည် ရွေးကောက်ပွဲ ဖြစ်စဉ်များကို ကြီးကြပ်ခြင်း၊ အဆင့်ဆင့်သော ရွေးကောက်ပွဲရုံးများမှ တင်သွင်းလာသည့် အယူခံမှု များကို စစ်ဆေးဆုံးဖြတ်ခြင်းနှင့် ရွေးကောက်ပွဲ အပြီးသတ်ရလဒ်များ ရေတွက်ခြင်းတို့ကို တာဝန်ယူ ဆောင်ရွက်သည်။ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲ အတွက် ဗဟိုရွေးကောက်ပွဲရုံး (CEB) ကို စက်တင်ဘာလ ၁၁ ရက်နေ့တွင် ဖွဲ့စည်းခဲ့သည်။
မဲဆန္ဒနယ်ဆိုင်ရာ ရွေးကောက်ပွဲရုံး (BECs) ကို တရားသူကြီးသုံးဦး၊ ရွေးကောက်ပွဲဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်း ( PEA ) မှ ကိုယ်စားလှယ် တစ်ဦး ၊ နိုင်ငံရေးပါတီများ၊ ညွန့်ပေါင်းပါတီများနှင့် သက်ဆိုင်ရာမဲဆန္ဒနယ်အလိုက် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်သည့် ဥပဒေအရ ခွင့်ပြုထား သော တိုင်းရင်းသားလူမျိုးစု ကိုယ်စားပြုအဖွဲ့ အစည်းများမှ ၁၁ ဦး ထက်မပိုသော ကိုယ်စားလှယ် များဖြင့် ဖွဲ့စည်းထားသည်။
မဲရုံဆိုင်ရာရွေးကောက်ပွဲရုံး (BESVs) ကို ရာဇဝတ်တရားသူကြီး သို့မဟုတ် ဥပဒေပညာရှင် ဖြစ်သော ဥက္ကဋ္ဌတစ်ဦးနှင့် အဖွဲ့ဝင်ခုနစ်ဦးဖြင့် ဖွဲ့စည်းထားပြီး သတ်မှတ်ထားသည့် အနည်းဆုံး အဖွဲ့ဝင်ဦးရေမှာ ငါးဦးဖြစ်သည်။ ဥက္ကဋ္ဌနှင့် ဒုတိယ ဥက္ကဋ္ဌများအဖြစ် အရည်အချင်းပြည့်မီပြီး သက်ဆိုင်ရာ သင်တန်းတက်ရောက်ပြီးဖြစ်သော ရွေးကောက်ပွဲ ကျွမ်းကျင်သူများအနက်မှ အလှည့်ကျရွေးချယ်ခြင်း ဖြစ်သည်။
နိုင်ငံပြင်ပ မဲဆန္ဒရှင်များအတွက် ရွေးကောက်ပွဲ ရုံးကို ဥက္ကဋ္ဌတစ်ဦးနှင့် အဖွဲ့ဝင်အများဆုံး ရှစ်ဦးတို့ ဖြင့် ဖွဲ့စည်းထားသည်။ နိုင်ငံပြင်ပမဲဆန္ဒရှင်များ အတွက် ရွေးကောက်ပွဲရုံးသည် မဲရုံဆိုင်ရာ ရွေးကောက်ပွဲရုံး (BESVs) ဥက္ကဋ္ဌများအတွက် သင်တန်းများပို့ချခြင်းနှင့် မဲပေးခြင်း ဆောင်ရွက်ချိန် တွင် မဲရုံအဆင့်၌ပေါ်ပေါက်သည့် အယူခံမှုများကို စစ်ဆေးဆုံးဖြတ်ခြင်းအပါအဝင် စီရင်စုအဆင့်ရှိ လုပ်ငန်းဆောင်ရွက်မှုများကို စီမံခန့်ခွဲသည်။
နိုင်ငံပြင်ပမဲရုံဆိုင်ရာ ရွေးကောက်ပွဲရုံးများကို သံတမန်ရေးရာတာဝန်ရှိသူမှ ခန့်အပ်ထားသည့် ဥက္ကဋ္ဌ တစ်ဦးနှင့် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင် သည့်သူများ သို့မဟုတ် လွှတ်တော်တွင်းရှိ ပါတီ များမှရွေးချယ်ထားသည့် ကိုယ်စားလှယ် နှစ်ဦးမှ ခြောက်ဦးအကြား ပါဝင်၍ ဖွဲ့စည်းထားသည်။
ကျင်းပပြုလုပ်သည့်ရွေးကောက်ပွဲများ
ရိုမေးနီးယားနိုင်ငံတွင် ကျင်းပပြုလုပ်သော ရွေးကောက်ပွဲများမှာ အောက်ဖော်ပြပါအတိုင်း ဖြစ်သည် -
- သမ္မတရွေးကောက်ပွဲ၊
- ဥပဒေပြုလွှတ်တော်ရွေးကောက်ပွဲ၊
- ဥရောပပါလီမန်ရွေးကောက်ပွဲ၊
- ဒေသန္တရရွေးကောက်ပွဲများ။
သမ္မတရွေးကောက်ပွဲ
သမ္မတရွေးကောက်ပွဲကို အဆင့်နှစ်ဆင့်ဖြင့် ကျင်းပပြုလုပ်သည်။ ပထမအဆင့်ယှဉ်ပြိုင်မှုတွင် ဝင်ရောက်ယှဉ်ပြိုင်သည့် ကိုယ်စားလှယ်လောင်းတစ်ဦးဦးအနေဖြင့် ထောက်ခံမဲ ၅၀ ရာခိုင်နှုန်းထက် ကျော်လွန်ရရှိပါက ၎င်းကိုယ်စားလှယ်လောင်းကို အနိုင်ရရှိသူအဖြစ် ကြေညာသည်။ သို့သော် ပထမ အဆင့်ယှဉ်ပြိုင်မှုတွင် မည်သည့် ကိုယ်စားလှယ်
လောင်းမျှ ထောက်ခံမဲ ၅၀ ရာခိုင်နှုန်းထက် ကျော်လွန်ရရှိခြင်းမရှိပါက ထောက်ခံမဲအများဆုံး ရရှိခဲ့သည့် ကိုယ်စားလှယ်လောင်း နှစ်ဦးဖြင့် ဒုတိယ အဆင့် ယှဉ်ပြိုင်မှုကို ဆက်လက်ဆောင်ရွက်သည်။ ဒုတိယအဆင့်ယှဉ်ပြိုင်မှုတွင် ထောက်ခံမဲအများဆုံး ရရှိသူအား အနိုင်ရရှိသူအဖြစ် ကြေညာသည်။
သမ္မတသက်တမ်းမှာ ငါးနှစ်ဖြစ်သည်။ ၁၉၉၂ ခုနှစ်နှင့် ၂၀၀၄ ခုနှစ်အကြားတွင် သမ္မတသက်တမ်း ကို လေးနှစ်သတ်မှတ်ထားခဲ့သော်လည်း ၂၀၀၃ ခုနှစ်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြည်လုံးကျွတ် ဆန္ဒခံယူ ပွဲကျင်းပပြီးနောက် ပြင်ဆင်သတ်မှတ် ခဲ့ခြင်းဖြစ်သည်။ မည်သူမဆို သမ္မတသက်တမ်း နှစ်ကြိမ်ထက်ပို၍ ထမ်းဆောင်ခွင့်မရှိပေ။
သမ္မတအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည့်သူများ သည် အောက်ဖော်ပြပါ အရည်အချင်း သတ်မှတ် ချက်များနှင့် ပြည်စုံသူများဖြစ်ရမည် -
(က) ရိုမေးနီးယားနိုင်ငံသားဖြစ်သူ၊
(ခ) ရွေးကောက်ပွဲ ကျင်းပမည့်နေ့တွင် အသက် ၃၅ နှစ် ပြည့်ပြီးသူ၊
(ဂ) ၁၉၉၁ ဖွဲ့စည်းပုံအခြေခံဥပဒေအာဏာတည်ပြီးချိန်မှစ၍ ၁၉၉၂ ခုနှစ်နောက်ပိုင်း သမ္မတသက်တမ်း နှစ်ကြိမ်ထမ်းဆောင်ဖူးခြင်း မရှိသူ။
ဥပဒေပြုလွှတ်တော်ရွေးကောက်ပွဲ
အောက်လွှတ်တော်ကို ကိုယ်စားလှယ် ၃၃၀ ဖြင့် ဖွဲ့စည်းထားပြီး အထက်လွှတ်တော်ကို ကိုယ်စားလှယ် ၁၃၆ ဦးဖြင့် ဖွဲ့စည်းထားသည်။
အထက်လွှတ်တော်အတွက် ကိုယ်စားလှယ် ၁၃၆ ဦးကို အချိုးကျကိုယ်စားပြုစနစ် Party-List Proportional Representation အသုံးပြု၍ ရွေးကောက်တင်မြှောက်သည်။ စီရင်စု ၄၁ စုတွင် မဲဆန္ဒနယ် ၄၃ နယ်သတ်မှတ်ပြီး ကိုယ်စားလှယ် နေရာ ၁၂၁ နေရာ၊ ပြည်ထောင်စုနယ်မြေ ( Bucharest ) မဲဆန္ဒနယ်တွင် ကိုယ်စားလှယ်နေရာ ၁၃ နေရာ၊ နိုင်ငံပြင်ပတွင်နေထိုင်သည့် မဲဆန္ဒရှင် များအတွက် မဲဆန္ဒနယ်တွင် ကိုယ်စားလှယ်နေရာ နှစ်နေရာ သတ်မှတ်ထားသည်။
အောက်လွှတ်တော်အတွက် ကိုယ်စားလှယ် ၃၃၀ ကို အချိုးကျကိုယ်စားပြုစနစ် အသုံးပြု၍ ရွေးကောက်တင်မြှောက်သည်။ စီရင်စုအပေါ် အခြေခံသတ်မှတ်ထားသည့် မဲဆန္ဒနယ် ၄၂ နယ် နှင့် ပြည်ထောင်စုနယ်မြေ မဲဆန္ဒနယ်တို့တွင် ကိုယ်စားလှယ် ၃၀၈ဦး ကိုလည်းကောင်း၊ နိုင်ငံပြင်ပရောက်ရှိနေသူများအတွက် မဲဆန္ဒနယ် တွင် ကိုယ်စားလှယ် လေးဦးကိုလည်းကောင်း အသီးသီး ရွေးကောက်တင်မြှောက်သည်။ ကျန်ကိုယ်စားလှယ်နေရာ ၁၈ နေရာကို ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်သည့် လူနည်းစု တိုင်းရင်းသားလူမျိုးစုများအား ခွဲဝေ ပေးသည်။ ခွဲဝေပေးရာတွင် ၎င်းတို့အတွက် သီးသန့် သတ်မှတ်ပေးထားသည့် အနည်းဆုံးရရှိရ မည့် ဆန္ဒမဲအရေအတွက် အထူးသတ်မှတ်ချက် ဖြစ်သော ကိုယ်စားလှယ်နေရာတစ်နေရာရရှိရန်အတွက် လိုအပ်သည့်ခိုင်လုံမဲ အရေအတွက်၏ ၅ ရာခိုင်နှုန်းရရှိထားသည့် ကိုယ်စားလှယ်လောင်း များအား ခွဲဝေပေးသည်။
ဥရောပပါလီမန်
ပထမဆုံးအကြိမ်အဖြစ် ရိုမေးနီးယားနိုင်ငံသား တို့သည် ဥရောပပါလီမန်အတွက် ၎င်းတို့ နိုင်ငံ ကိုယ်စားပြု ကိုယ်စားလှယ်များကို ၂၀၀၇ ခုနှစ် နိုဝင်ဘာလ ၂၅ ရက်နေ့တွင် ရွေးကောက် တင်မြှောက်ခွင့်ရရှိခဲ့သည်။ ရိုမေးနီးယားနိုင်ငံ တစ်နိုင်ငံလုံးအား မဲဆန္ဒနယ်မြေတစ်ခုအဖြစ် သတ်မှတ်၍ ဥရောပပါလီမန်ကိုယ်စားလှယ် ၃၃ ဦးအား ရွေးကောက်တင်မြှောက်သည်။ ရွေးကောက်ပွဲတွင် အချိုးကျကိုယ်စားပြုစနစ် ဖြစ်သော Closed Party List Proportional Representation ကို အသုံးပြုဆောင်ရွက်ခြင်း ဖြစ်ပြီး အနည်းဆုံးရရှိရမည့် ထောက်ခံမဲ အရေအတွက် (Threshold) ကို ၅ ရာခိုင်နှုန်း သတ်မှတ်ထားသည်။
ဒေသန္တရရွေးကောက်ပွဲများ
မြို့တော်ဝန် ရွေးကောက်ပွဲတွင် အများဆုံးရသူ အနိုင်ယူစနစ် (Fast Past the Post– FPTP ) ကို အသုံးပြုဆောင်ရွက်ခြင်း ဖြစ်သည်။ ဆန္ဒမဲအများဆုံးရရှိသူအား မြို့တော်ဝန်အဖြစ် ရွေးကောက်တင်မြှောက်ခြင်း ဖြစ်သည်။
စီရင်စုကောင်စီဥက္ကဋ္ဌ ရွေးချယ်ရာတွင် ၂၀၀၈ ခုနှစ်နှင့် ၂၀၁၂ ခုနှစ်အတွင်း အများဆုံးရသူ အနိုင်ယူစနစ် (FPTP ) ကို အသုံးပြုခဲ့သည်။ ၂၀၀၈ ခုနှစ်မတိုင်မီနှင့် ၂၀၁၆ ခုနှစ်နောက်ပိုင်းတွင်မူ စီရင်စုကောင်စီတစ်ခုချင်းစီအလိုက် ဥက္ကဋ္ဌများကို တိုက်ရိုက်မဟုတ်သော နည်းလမ်းများဖြင့် ရွေးချယ်ခဲ့သည်။
ဒေသဆိုင်ရာနှင့် စီရင်စုကောင်စီရွေးကောက်ပွဲများတွင် အချိုးကျကိုယ်စားပြုစနစ် တစ်ခုဖြစ် သော Closed Party List Proportional Representation ကို အသုံးပြုပြီး အနည်းဆုံးရရှိ ရမည့် ထောက်ခံမဲအရေအတွက်ကို သက်ဆိုင်ရာ မဲဆန္ဒနယ်အလိုက် ၅ ရာခိုင်နှုန်း သတ်မှတ်ထား သည်။
ဥပဒေပြုလွှတ်တော် ရွေးကောက်ပွဲများတွင် ပြောင်းလဲကျင့်သုံးခဲ့သည့် ရွေးကောက်ပွဲ နည်းစနစ်များ
၁၉၉၀ - ၁၉၉၁
Multi Member စနစ်ကို အသုံးပြုပြီး မဲဆန္ဒနယ် ၄၁ နယ်တွင် ကိုယ်စားလှယ်နေရာ ၃၉၅ နေရာကို ရွေးကောက်တင်မြှောက်သည်။ အနည်းဆုံးရရှိရ မည့် ဆန္ဒမဲအရေအတွက် သတ်မှတ်ထားခြင်း မရှိပေ။
၁၉၉၂ - ၁၉၉၉
မဲဆန္ဒနယ် ၄၂ နယ်တွင် ကိုယ်စားလှယ်နေရာ ၃၂၅ နေရာကို ရွေးကောက်တင်မြှောက်သည်။ နေထိုင်သည့် လူဦးရေအချိုးအစားအလိုက် ကိုယ်စားလှယ်နေရာ ခွဲဝေသတ်မှတ်သည်။ အနည်းဆုံးရရှိရမည့် ဆန္ဒမဲအရေအတွက်ကို ၃ ရာခိုင်နှုန်းအဖြစ် စတင်သတ်မှတ်ခဲ့သည်။ ညွန့်ပေါင်း အစုအဖွဲ့အများဖြစ်ပါက ပူးပေါင်းသည့် ပါတီ တစ်ပါတီလျှင် တစ်ရာခိုင်နှုန်း တိုးမြှင့် သတ်မှတ်ခဲ့သည်။ ခရိုင်အဆင့်တွင် Hare ပုံသေနည်း အသုံးပြုတွက်ချက်ပေးခြင်းဖြစ်ပြီး ကျန် ရှိသည့်နေရာများကိုမူ တစ်နိုင်ငံလုံး အတိုင်းအတာ ဖြင့် အသုံးပြုခြင်းမရှိသော ဆန္ဒမဲလက်မှတ်များ အပေါ်တွင် မူတည်ပြီး D’Hondt ပုံသေနည်း အသုံးပြု၍ တွက်ချက်သည်။
၂၀၀၀ - ၂၀၀၄
မဲဆန္ဒနယ် ၄၂ နယ်တွင် ကိုယ်စားလှယ်နေရာ ၃၂၇ နေရာကို ရွေးကောက်တင်မြှောက်သည်။ အနည်းဆုံး ရရှိရမည့် ဆန္ဒမဲအရေအတွက် (Threshold) ကို ၅ ရာခိုင်နှုန်း သတ်မှတ်ခဲ့ပြီး မည်သည့်ပါတီ နှစ်ပါတီမဆို ညွန့်ပေါင်းဖွဲ့စည်း ခဲ့ပါက အနည်းဆုံးရရှိရမည့် ဆန္ဒမဲအရေအတွက် ကို ၃ ရာခိုင်နှုန်း ထပ်လောင်းတိုးမြှင့် သတ်မှတ်ခဲ့သည်။ ညွန့်ပေါင်းအဖွဲ့အစည်းအတွင်း ပါတီများ ထပ်တိုးဖွဲ့စည်းခဲ့ပါက ပါတီတစ်ပါတီလျှင် တစ်ရာခိုင်နှုန်းဖြင့် အများဆုံး ၁၀ ရာခိုင်နှုန်းအထိ Threshold ကို သတ်မှတ်ထားသည်။
နောက်ပိုင်းတွင် အနည်းဆုံးရရှိရမည့် ဆန္ဒမဲ အရေအတွက် (Threshold) ကို ၃ ရာခိုင်နှုန်းသို့ လျှော့ချခဲ့ပြီး ညွန့်ပေါင်းအဖွဲ့အစည်းများအတွင်း ထပ်တိုးဖွဲ့စည်းသည့် ပါတီ တစ်ပါတီလျှင် တစ်ရာခိုင်နှုန်းဖြင့် Threshold ကို အများဆုံး ၈ ရာခိုင်နှုန်းအထိ ပြင်ဆင်သတ်မှတ်ခဲ့သည်။ လူနည်းစု တိုင်းရင်းသားလူမျိုးများအတွက် ကိုယ်စားလှယ်နေရာ ၁၈ နေရာကို ခွဲဝေသတ်မှတ် ပေးခဲ့သည်။ Hungarians လူမျိုးစုမှလွဲ၍ တိုင်းရင်းသားလူနည်းစု တစ်မျိုးမျိုးအား ကိုယ်စားပြုဖွဲ့စည်းထားသည့် တရားဝင် အဖွဲ့အစည်း တစ်ခုခုသည် တစ်နိုင်ငံလုံး အတိုင်း အတာဖြင့် ခိုင်လုံမဲ ၅ ရာခိုင်နှုန်း ရရှိထားသော်လည်း ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်နေရာ အနည်းဆုံးတစ်နေရာ ရရှိထားခြင်းမရှိပါက သတ်မှတ် ကိုယ်စားလှယ်နေရာတစ်နေရာ ရရှိခွင့် ရှိသည်။ (ဆက်လက်ဖော်ပြပါမည်)
- Log in to post comments