
ကိုခက်ဝေ(စာပေဗိမာန်)
ယမန်နေ့မှအဆက်
ဆရာကြီး၏ ဘာသာပြန်စာပေလက်ရာများအနက် အမျိုးသား စာပေဆုရရှိသည့် စာအုပ် ငါးအုပ်ရှိခဲ့ရာ ပထမအကြိမ် ရရှိသည့် မဒမ်ကျူရီမှအပ ကျန်လေးအုပ်မှာ ဘာသာပြန် (ရသ) လက်ရာများ ချည်း ဖြစ်သည်ကို ကနဦးတွင် ဖော်ပြခဲ့ပါသည်။ မဟေသီ၊ သည်းဦး ပန်း၊ ငွေတာရီ၊ စံပယ်ဖြူ စသည့် မဂ္ဂဇင်းတို့တွင် ရသဝတ္ထုတိုများ ရေးသားခဲ့သည့် ဆရာကြီးအနေဖြင့် ဘာသာပြန်စာအုပ်များ ပြုစုရာ တွင်လည်း ပင်ကိုရေး ရသဈာန်များ နိုးထနေသည့်အတွက်ဟု ယူဆမိသည်။ သုတရသ ဝတ္ထု ဆောင်းပါးများစွာ ရေးသားခဲ့ရာမှ ဘာသာပြန်လိုင်းဘက် အားသန်ခဲ့ပုံနှင့်ပတ်သက်၍ မည်သို့သော အကြောင်းတရားကြောင့်များ ဖြစ်မည်နည်းဟု စူးစမ်းကြည့်မိသည်။
ကျွန်တော်ကဲ့သို့ စူးစမ်းကြည့်သူများအတွက် ဆရာကြီးက အင်တာဗျူးတစ်ခုတွင် ခပ်နောက်နောက် ဖြေဖူးပါသည်။ ‘‘ အပေါင်း အသင်း မကောင်းလို့ပါဗျာ...” ဟူ၍။ ဆရာကြီး ရည်ညွှန်းသည့် အပေါင်းအသင်းဆိုသူများမှာ ထိုစဉ်က စာပေဗိမာန်တွင် တာဝန် ထမ်းဆောင်နေသော ဆရာကြီး၏ မိတ်ဆွေများဖြစ်သည့် မောင်ပေါ် ထွန်း၊ ဆရာကြီး ဦးစံလွင်၊ လုပ်ဖော်ကိုင်ဖက် ဆရာကြီးမြတ်ငြိမ်းတို့ ကို ညွှန်းဟန်တူပါသည်။ (ထိုအကြောင်းကို ဓူဝံစာပေက ၂၀၁၉ ခုနှစ် တွင် ထုတ်ဝေသည့် ဆရာကြီး၏ နိုင်ငံရပ်ခြားဝတ္ထုတိုများ အမှာစာ တွင် ဖော်ပြခဲ့သည်။) ၎င်းအပြင် ဆရာကြီး နန္ဒမိတ်၊ ဆရာကြီး လင်းယုန်မောင်မောင်၊ ဆရာနတ်နွယ်တို့နှင့်အတူ စာပေလောကတွင် ဖြတ်သန်းကျင်လည်ခဲ့ရသည်မှာလည်း ဘာသာပြန်လက်ရာများစွာ ထွက်ပေါ်လာရသည့် အကြောင်းတစ်ရပ်ဖြစ်မည် ထင်ပါသည်။
အမျိုးသားစာပေဘာသာပြန် (ရသ) ဆုကို ထပ်မံရရှိခဲ့
ဆရာကြီးသည် “မျှော်” ဘာသာပြန်ဝတ္ထုဖြင့် အမျိုးသားစာပေ ဘာသာပြန် (ရသ) ဆု ရရှိပြီးနောက် ၂၀၁၂ ခုနှစ်အတွင်း ချန်ပီယံ တစ်ယောက်လိုတွေးပါ၊ လမ်းဘေးရှေ့နေ၊ ပြစ်မှုနှင့်ပြစ်ဒဏ် စာအုပ် များ ထွက်ပေါ်လာခဲ့ရာ ဒေါ်စတာယက်စကီ၏ ပြစ်မှုနှင့်ပြစ်ဒဏ် စာအုပ်ဖြင့် အမျိုးသားစာပေဘာသာပြန် (ရသ) ဆုကို ထပ်မံရရှိခဲ့သည်။
မူရင်းစာရေးသူ ဒေါ်စတာယက်စကီ၏ ရုရှားဘာသာဖြင့် ရေးသား ထားသည့် ဝတ္ထုကို ရစ်ချဒ်ပီဗီယားနှင့် လာရစ်ဆာ ဗိုလ်ကွန်စကီ ဇနီးမောင်နှံက အင်္ဂလိပ်ဘာသာဖြင့် ပြန်ဆိုထားခြင်းဖြစ်ကာ ဆရာကြီးတင်မောင်မြင့်က မြန်မာစာဖတ်ပရိသတ်ထံ နှလုံးသား အာဟာရ ဝေငှလိုက်ခြင်း ဖြစ်သည်။ ဒေါ်စတာယက်စကီက Crime and Punishment စာအုပ်ကို မရေးသားမီ ‘ရှေးတုန်းက မပေါ်ဖူး ခဲ့သေးတဲ့ ဝတ္ထုမျိုး၊ ထူးထူးခြားခြား နော်ဗယ်မျိုး တစ်ပုဒ်လောက် ရေးမလို့။ ပုံနှိပ်စာမျက်နှာ ၄၈၀ လောက်ရှိမယ်’ဟု မိတ်ဆွေ တစ်ယောက်ထံ ကြိုတင်စာရေးအသိပေးခဲ့ကြောင်း၊ အဆိုပါ ဝတ္ထုကြီး ထွက်ပေါ်လာသည့် အခါတွင်လည်း ဝေဖန်ရေးဆရာများ၊ စာပေ ပညာရှင်များက ဝိုင်းဝန်းဝေဖန်ကြ၊ အကဲဖြတ်ကြသော်ငြား မည်သူ မျှ အတိအကျ မဖော်ညွှန်းနိုင်ကြကြောင်း၊ Crime and Punishment သည် သံစုံမြည်နေသည့် ဝတ္ထုကြီးဖြစ်ကာ လေးနက်သောဘဝအမြင် များ ဖြာထွက်လျက် အနှစ်သာရ ရုတ်ခြည်းမြင်နိုင်ရန် မလွယ်ကူ ကြောင်း၊ အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုသူတို့၏ အမှာစကားတွင် တွေ့ရ သည်။
ဆရာကြီးတင်မောင်မြင့်ကို ဘာသာပြန်ဆရာကြီး၊ အမျိုးသား စာပေဘာသာပြန် ( သုတ၊ ရသ) ဆရာကြီးတစ်ဦးအဖြစ် စာဖတ်သူ အတော်များများက မြင်ယောင်နှင့်ကြပြီးဖြစ်ပေသည်။ စောစောပိုင်း ဘာသာပြန်လက်ရာများ၌ အမှာစာပင် ရေးတောင့်ရေးခဲသည့်အတွက် ‘အမှာစာ မပါတဲ့စာအုပ်ဟာ မျက်ခုံးမွှေးမပါတဲ့ မိန်းမချောကလေးနှင့် တူတယ်၊ အမှာစာရေးပါ’ဟု ဆရာကြီးမောင်ပေါ်ထွန်းက တိုက်တွန်း ခဲ့ရသည်အထိဖြစ်ခဲ့သည်။ သည်တော့ ပင်ကိုရေး လက်ရာများရှိမှ ရှိပါလေစဟု ထင်မှတ်မှားခဲ့ကြသည်။
စင်စစ်ဆရာကြီးသည် ဘာသာပြန်သာ အားကောင်းသည် မဟုတ်၊ ပင်ကိုရေး ရသဝတ္ထုများ၊ အကျိုးပြုကိုယ်တွေ့ဆောင်းပါးများ ရေးသား ရာတွင်လည်း မောင်းသန်ခဲ့သူတစ်ဦးဖြစ်ကြောင်း လင်းလွန်းခင် စာပေ က ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလတွင် ထုတ်ဝေခဲ့သည့် တင်မောင်မြင့် ပင်ကိုရေးစာများတွင် တွေ့ရပေသည်။ ဆရာကြီးက ပင်ကိုရေး အရေးနည်း အရေးကျဲသည့်အပြင် အစုအဆောင်းက စနစ်မကျ၊ အရွှေ့အပြောင်းကများ၊ ခြကနှိပ်စက်သည့်အတွက် သူ့လက်ထဲ မှာပင် စာမူအဟောင်း သိပ်မရှိတော့ကြောင်း အဆိုပါစာအုပ်တွင် ဖွင့်ဟခဲ့ သည်။
ကလောင်ခွဲပေါင်းများစွာဖြင့် ရေးသားပြုစုခဲ့
၁၉၆၀ ပြည့်လွန်ကာလများတွင် ကြေးမုံနှင့် ဗိုလ်တထောင် သတင်းစာ စာမျက်နှာများ၌ တင်မောင်မြင့်၊ ညိုမြင့် (စစ်ကျွန်း)၊ အောင်သန်းတင့်၊ ညိုမြင့် (ရေနံ)၊ ငှက်ခါး၊ ရဲဘော်တစ်ဦး၊ မောင်လူဘွင့် စသည့် ကလောင်ခွဲပေါင်းများစွာဖြင့် အကျိုးပြုဆောင်းပါးများစွာကို ရေးသားပြုစုခဲ့သူ၊ ၁၉၇၀ ပြည့်လွန်ကာလများအတွင်း၌ ပင်ကိုရေးနှင့် ဘာသာပြန် စာပေလက်ရာများကို စံပယ်ဖြူ၊ မဟေသီ၊ ငွေတာရီ၊ သည်းဦးပန်း၊ နွယ်နီ မဂ္ဂဇင်းတို့၌ ရေးသားခဲ့သူဖြစ်ကြောင်း အဆိုပါ ပင်ကိုရေးစာများအရ သိမှတ်ခွင့်ရခဲ့သည်။
ဆရာကြီးသည် ကျောင်းတုန်းကသူငယ်ချင်းတွေ၊ ကျိန်စာ၊ ခေတ်ပြိုင်တစ်ရာ- Times ငွေရန်သူ၊ ငါ့ဒိန်ခဲနေရာ ဘယ်သူရွှေ့ထား သလဲ၊ စကားလက် (သို့) လေရူးသုန်သုန် အဆက်၊ တမ်းတတတ်သည်၊ တသိမ့်သိမ့်ဒွန်၊ နွေကန္တာ၊ မိုးမြေသိမ့်သိမ့်၊ သံမဏိလိပ်ပြာ၊ အလံနီ အောက်ဝယ်... စသည့် ဘာသာပြန်လက်ရာများဖြင့် မြန်မာစာဖတ် ပရိသတ်တို့၏ နှလုံးသားအာဟာရဖြင့် ဦးနှောက်ဝမ်းစာဖြည့်ဆည်း ပေးခဲ့သလိုပင် ငပလီအမုန်း၊ မျက်စောင်းထိုးအိပ်စင်၊ လိုင်စင်မဲ့ စသော ပင်ကိုရေးဝတ္ထုတိုများဖြင့်လည်း ခေတ်စနစ်အခြေအနေတို့ကို မဂ္ဂဇင်း စာမျက်နှာများမှတစ်ဆင့် သေသပ်စွာ မီးမောင်းထိုးပြခဲ့သည်ကို ဆရာကြီး၏ ပင်ကိုရေးစာများ စာအုပ်တွင် တွေ့ရှိရသည်။
၂၀၀၆ ခုနှစ်တွင် ဆရာကြီးတင်မောင်မြင့် ဘာသာပြန်သည့် Scarlett စာအုပ် (လေရူးသုန်သုန်အဆက်) ထွက်ရှိလာပါသည်။ အဆိုပါစာအုပ်၌ ဆရာကြီးက “လွန်ခဲ့သောနှစ်ပေါင်း သုံးဆယ်ကို ပြန်ငဲ့ကြည့်လိုက်သည့်အခါ ကိုယ့်ကိုယ်ကိုယ် မယုံနိုင်လောက်အောင် ဖြစ်ရပါသည်” ဟု အမှာစာတွင် တခုပ်တရ ဖော်ပြခဲ့ဖူးသည်။ သူ့ကိုယ် သူ မယုံနိုင်လောက်အောင်ဟု ဆိုသော်လည်း ကျွန်တော့်အဖို့မှာမူ ဆရာကြီး စာပေလောကတွင် ကျင်လည်စဉ်မှစ၍ ယနေ့အသက် ၈၆ နှစ် ဝန်းကျင်အထိ လုံးချင်းစာအုပ်ပေါင်း ၁၁၀ ကျော်ကို ကိုယ်တိုင် ရေးသား၊ ဘာသာပြန်ဆို ထုတ်ဝေခဲ့ခြင်းအပေါ် အံ့ဩငေးမောမဆုံး ဖြစ်ရပါသည်။
လေးစားအားကျမဆုံး ဖြစ်ရ
အထူးသဖြင့် ဘာသာပြန်လက်ရာများကို မဆုတ်မနစ် လုံ့လ ဥဿဟပြုကာ ကမ္ဘာ့စာပေကို မြန်မာစာဖတ်ပရိသတ်ရှေ့မှောက် အရောက်ပေးပို့ခဲ့သည့် ဆရာကြီး၏စေတနာအပေါ် လေးစား အားကျမဆုံး ဖြစ်ရသည်။ ကမ္ဘာ့စာပေကို မြန်မာ့နားမျက်စိထဲ ပုံပေါ် အောင် အရောက်ပို့ခြင်းဟူသည်မှာ အပြောလွယ်သလောက် လက်တွေ့မှာ နက်နဲလှသည်။ ထို့ကြောင့်ပင် “ဘာသာပြန်ဆိုသူ တစ်ဦးအနေဖြင့် ဒြပ်ကို ဒြပ်ချင်း၊ အတွေးအခေါ်ကို အတွေးအခေါ်ခြင်း၊ စိတ်ကူးကို စိတ်ကူးချင်း၊ အဖြစ်အပျက်ကို အဖြစ်အပျက်ချင်း နှိုင်းယှဉ် သည့်အလုပ်မှာ သာမညအားဖြင့် လွယ်သယောင်ရှိသော်လည်း တကယ်လုပ်ကြည့်ပါက များစွာမလွယ်ပါ” ဟု ဆရာကြီးမောင်ထင်က ကမ္ဘာ့စာပေအညွှန်းစာအုပ်တွင် အမှာပါးခဲ့ခြင်းဖြစ်ပါလိမ့်မည်။
ခြေရာခံခွင့်ရ
ဆရာကြီးသည် မိမိကိုယ်တိုင် စာအုပ်ပေါင်းများစွာကို ဘာသာပြန် ဆိုပြုစုလျက်ရှိသကဲ့သို့ မျိုးဆက်သစ်ဘာသာပြန် ကလောင်ရှင်များ အတွက်လည်း “ဘာသာပြန်ကောင်းတစ်ယောက် ဖြစ်ရန် စာများများ ဖတ်ဖို့လိုကြောင်း၊ မိမိဘာသာပြန်လေ့ကျင့်စဉ်က ဆရာမြသန်းတင့်၏ ဘာသာပြန်စာအုပ်များထဲမှ အမျိုးသားစာပေဆုရ စစ်နှင့်ငြိမ်းချမ်းရေး ကဲ့သို့ စာအုပ်မျိုးကို အတုယူလေ့လာဖတ်ရှုခဲ့ကြောင်း၊ ဘာသာပြန် စာအုပ်ကို မူရင်းစာအုပ်နှင့်တွဲ၍ နှိုင်းယှဉ်ဖတ်ရှုနိုင်လျှင် အကောင်းဆုံး ဖြစ်ကြောင်း၊ မိမိအနေဖြင့် ဘာသာရပ်ပိုင်း သီးခြားခွဲမထားဘဲ ဖတ်ကြည့်၍ ရင်ထဲစွဲငြိသွားလျှင် ဘာသာပြန်ဖြစ်သွားလေ့ရှိကြောင်း၊ ဖတ်ကြည့်၍ခံစားတတ်မှသာ ပြန်ဆိုလေ့ရှိကြောင်း” ၂၉-၁၁-၂၀၀၈ မြန်မာ့အလင်းသတင်းစာနှင့် တွေ့ဆုံရာတွင် ဖွင့်ဆိုခဲ့ဖူးသည်။ မိမိ ကိုယ်တိုင်ဖတ်ရှုမှတ်သား သုတရသပွားရသည့် ကမ္ဘာ့စာပေများကို မြန်မာစာဖတ်ပရိသတ်ထံ ဆင့်ပွားမျှဝေလိုသော ဆရာကြီး၏စေတနာ တရားကိုလည်း ထိုစကားမှတစ်ဆင့် ခြေရာခံခွင့်ရလိုက်ပါသည်။
အထူးသဖြင့် ဖတ်ရှုပြီးခံစားတတ်မှဟူသည် မိမိဖတ်ရှုပြီး သုတ ရသပွားရသည့် အကြောင်းအရာများကို မြန်မာစာဖတ်ပရိသတ်ထံ မိခင်ဘာသာစကားဖြင့် ဆင့်ပွားမျှဝေလိုသောစေတနာဟု နားလည် မိပါသည်။ ဤနေရာတွင် ဆရာကြီး၏ ဘာသာပြန် (ရသ)များနှင့် ပတ်သက်၍ ဆရာမောင်မောက် ဥက္ကလာက ‘ငြိမ်းကျော်က မြန်မာ လိုလွမ်းပြီး မြတ်ငြိမ်းနှင့် တင်မောင်မြင့်က ဘိုလို လွမ်းတယ်...’ ဟု ကျီစယ်မှတ်ချက်ပြုခဲ့ဖူးသည်ကို သတိရမိသည်။ ဆရာကြီး၏ ဘာသာပြန်စာပေလက်ရာများ မြန်မာစာပေလောက၌ အလျဉ်မပြတ် စီးဆင်းနေသည့် တစ်ခုသောကာလဖြစ်မည် ထင်ပါသည်။ စာပေ မိတ်ဆွေများ အချင်းချင်းကြုံတွေ့ဆုံစည်းခိုက် ပြောကြဆိုကြရာမှ ထွက်ပေါ်လာသည့် ပီတိစကားစများဟု ခံစားမိပါသည်။
ကျွန်တော့်အနေဖြင့် ပဲ့တင်နိုးထလာသည့် အဆိုပါ စကားစကို အထပ်ထပ်ခံစားကြားယောင်ကြည့်မိသည်။ ဆရာကြီးတင်မောင်မြင့်၏ အလွမ်းများကိုလည်း စမ်းချောင်းရေလျဉ်ကဲ့သို့ တသွင်သွင် ဆက်လက်စီးဆင်းစေလိုပါသေးသည်။ ထိုစမ်းရေများဖြင့်ပင် မြန်မာ့ ဥယျာဉ်မြေအတွင်း အရောင်သွေးစုံ၊ ရနံ့ထုံမွမ်းသည့် စာပေပန်းများ ပွင့်လန်းဝေဆာစေသည့်အတွက်လည်း ကြည်နူးဂုဏ်ယူမိပါကြောင်း ဂါရဝစကားဖြင့် ဤဆောင်းပါးကို နိဂုံးကမ္ပတ် အဆုံးသတ်ပါ သည်။
စာကိုးစကားကိုး
- ဆရာကြီးတင်မောင်မြင့်၏ အမျိုးသားစာပေဆုရ စာအုပ်များ
- တင်မောင်မြင့် ပင်ကိုရေးစာများစာအုပ်
- ဘာသာပြန် စာပေစာတမ်းများ
- ၂၅ နှစ်မြောက် စာဆိုတော်နေ့ အထိမ်းအမှတ်ထုတ် စာဆိုတော်နေ့ငွေရတုသဘင်
- Log in to post comments