
နေပြည်တော် ဇန်နဝါရီ ၃၀
ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် ဇန်နဝါရီ ၂၉ ရက် မွန်းလွဲပိုင်းတွင် ပြည်မြို့ Mingalar Garden Hotel ခန်းမ၌ ပြည်ခရိုင် ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များနှင့် ဟိုတယ်နှင့်ခရီးသွားကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ တွေ့ဆုံပွဲသို့ တက်ရောက်သည်။
မဖြစ်မနေ လိုက်နာဆောင်ရွက်
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းသည် လူအများကူးသန်းသွားလာမှု နှင့် ရင်းနှီးဆက်ဆံမှုများအပေါ် အခြေခံ၍ ဝန်ဆောင်မှုပေးအပ်သည့် လုပ်ငန်းတစ်ခုဖြစ်ရာ ယခု ကဲ့သို့ ကပ်ရောဂါဖြစ်ပွားနေသည့်အချိန် ဝန်ဆောင်မှု ပေးရာ၌ Enchanting Myanmar Health & Safety Protocol (HSP) သည် မဖြစ်မနေ လိုက်နာ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်တစ်ခုဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါသည် လုံးဝပျောက်ကွယ်သွား ခြင်း မရှိသေးဘဲ ဆက်လက်တည်ရှိနေမည်ဖြစ်သည့် အတွက် ၎င်းနှင့်အတူယှဉ်တွဲပြီး လုပ်ငန်းများ လုပ်ဆောင်တတ်ရန် ဝန်ဆောင်မှုလုပ်ငန်းနယ်ပယ် ရှိ ပုဂ္ဂိုလ်များအားလုံး ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပြီးစီးရန်နှင့် စည်းကမ်းနှင့်အညီ လုပ်ကိုင် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း။
ပွင့်လင်းရာသီကာလမှစ၍ ပြည်တွင်းခရီးသွား လုပ်ငန်းမှာ သိသာစွာ ပြန်လည်ဖွံ့ဖြိုးတိုးတက်လျက် ရှိပါကြောင်း၊ ယခု ကျင်းပမည့် သရေခေတ္တရာ ပျူမြို့ဟောင်း အပျော်တမ်းစက်ဘီးစီးပွဲတော်သည် ရာသီချိန်တွင် မြှင့်တင်ကြော်ငြာသည့် လှုပ်ရှားမှု အစီအစဉ်တစ်ခုဖြစ်ရာ ယင်းကိုအခြေခံ၍ ခရီးသွား ဧည့်သည်များ စိတ်ဝင်စားပြီး လာရောက်လည်ပတ် ခြင်းဖြင့် ခရီးသွားလုပ်ငန်းနှင့်ဆက်စပ်သည့် လုပ်ငန်းများနှင့် ဒေသခံပြည်သူများ၏ လူမှုစီးပွား ဘဝ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပါကြောင်း၊ ပြည်မြို့ ရှိ ဟိုတယ်များအနေဖြင့် ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်ပြီး ကဏ္ဍစုံဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရ၊ ပုဂ္ဂလိကနှင့်ဒေသခံပြည်သူများ အတူတကွ ညီညီညွတ်ညွတ် ဝိုင်းဝန်းကြိုးပမ်းကြစေလိုကြောင်း ပြောကြားသည်။
အသိအမှတ်ပြုလက်မှတ်များ ပေးအပ်ယင်းနောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးအောင်မင်းက ကိုဗစ်-၁၉ စည်းမျဉ်းစည်းကမ်းများနှင့်အညီ စစ်ဆေး၍ ပြန်လည် ဖွင့်လှစ်ခွင့်ပြုထားပြီးဖြစ်သည့် ဟိုတယ်များကို Enchanting Myanmar Health & Safety Protocol အစီအစဉ်အရ ဒေသအဆင့် အသိအမှတ်ပြု လက်မှတ်များပေးအပ်ရာ ဟိုတယ်များမှ တာဝန် ရှိသူများက လက်ခံရယူသည်။
ပြည်ထောင်စုဝန်ကြီးသည် ယနေ့ နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပ သော အားကစားဖြင့် ခရီးသွားလုပ်ငန်းမြှင့်တင်ရေး လှုပ်ရှားမှု သရေခေတ္တရာ ပျူမြို့ဟောင်း အပျော်တမ်း စက်ဘီးစီးပွဲတော်အခမ်းအနားသို့ တက်ရောက်သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဥပဒေချုပ်မှ အပျော်တမ်းစက်ဘီးစီး အားကစား သမားများကို ခရာမှုတ်၍ တာလွှတ်ပေးသည်။ စက်ဘီးစီးခရီးစဉ်လမ်းကြောင်းအနေဖြင့် ပန်းတောင်း မြို့၊ ရွှေဘုံသာမုနိဘုရားဈေးတန်းအရှေ့မှ နဝဒေး တံတား၊ ဘုရင့်နောင်လမ်းဆုံ၊ မြို့သစ်လမ်း၊ ပြည်- အောင်လံ- ပေါက်ခေါင်းလမ်းဆုံ၊ ကမ္ဘာ့အမွေအနှစ် တံဆိပ် သင်္ကေတနေရာမှတစ်ဆင့် ဘောဘောကြီး စေတီအထိ စုစုပေါင်း ၁၀ မိုင်ခန့် ရှည်လျားပြီး အပျော်တမ်း စက်ဘီးစီးပွဲတော်အတွင်း စက်ဘီးစီး အားကစားသမား စုစုပေါင်း ၃၂၀ ခန့် ပါဝင်ဆင်နွှဲ ကြသည်။
ဆက်လက်၍ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဥပဒေချုပ်နှင့် တာဝန်ရှိသူများက စက်ဘီးစီးခရီးစဉ် တစ်ထောက်နားရပ် နေရာဖြစ်သည့် နဝဒေးတံတား (ပြည်ဘက်ကမ်း)နှင့် ကမ္ဘာ့အမွေအနှစ် သင်္ကေတ တံဆိပ် တည်ရှိရာနေရာသို့ သွားရောက်ကာ အပျော်တမ်းစက်ဘီးစီးပွဲတော်တွင် ပါဝင်သည့် စက်ဘီးစီးအားကစားသမားများနှင့် တွေ့ဆုံအားပေး စကားပြောကြားသည်။
ဆုများ ပေးအပ်ချီးမြှင့်
ယင်းနောက် စက်ဘီးစီး အားကစားသမားများ ပန်းဝင်နေရာဖြစ်သော ဘောဘောကြီးစေတီရှေ့ ဆုချီးမြှင့်မဏ္ဍပ်တွင် ပြည်ထောင်စုဝန်ကြီး၊ ပဲခူး တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း နှင့် တာဝန်ရှိသူများက အပျော်တမ်းစက်ဘီးစီး ပွဲတော်တွင် ပန်းဝင်သည့် စက်ဘီးစီးအားကစား သမား တစ်ဦးချင်းကို အထိမ်းအမှတ်တံဆိပ်များ ပေးအပ်ခြင်း၊ စက်ဘီးအစီး ၂၀ ကံစမ်းမဲဖောက်ပေး အပ်ခြင်းနှင့် အသက် ၁၂ နှစ်အောက် စက်ဘီးစီး ကစားသမားများကို အထူးဆုများ ပေးအပ်ချီးမြှင့်ခြင်း တို့ ဆောင်ရွက်ကြသည်။ ထို့နောက် အပျော်တမ်းစက်ဘီးစီးပွဲတော် အထိမ်းအမှတ် ဂုဏ်ပြုနေ့လယ်စာစားပွဲ အခမ်း အနားကျင်းပသည့် Mingalar Garden Hotel ၌ ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ် တို့က ကျေးဇူးတင်စကားပြောကြား၍ ဧည့်သည် တော်များကို အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်