အိန္ဒိယနိုင်ငံ၌ ပါလီမန်ဝန်ထမ်း ၄၀၀ ကျော် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရ

နယူးဒေလီ    ဇန်နဝါရီ     ၉


အိန္ဒိယနိုင်ငံတွင် ပါလီမန်ဝန်ထမ်း ၄၀၀ ကျော် ကိုဗစ်-၁၉  ရောဂါ ကူးစက်ခံခဲ့ရကြောင်း ဒေသဆိုင်ရာမီဒီယာက ယနေ့ ဖော်ပြထားသည်။
အိန္ဒိယပါလီမန်ဝန်ထမ်းများသည်   ပါလီမန်၏  အစည်း အဝေးမတိုင်မီ  ဇန်နဝါရီ ၄ ရက်မှ ၈ ရက်အထိ ကိုဗစ်-၁၉ ရောဂါပိုး ရှိ၊ မရှိ စမ်းသပ်စစ်ဆေးမှုခံယူခဲ့ပြီး ဝန်ထမ်း ၄၀၀ ကျော်တွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်း တာဝန်ရှိသူများက ပြောကြားသည်။


ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူများသည် ပါလီမန်ဝန်ထမ်း ၁၄၀၉ ဦးကို ကိုဗစ်-၁၉ ရောဂါပိုး ရှိ၊ မရှိ စစ်ဆေးခဲ့ပြီး ၎င်းတို့၏ နမူနာများကို ဓာတ်ခွဲခန်းသို့ ပို့ဆောင်ခဲ့ပြီးနောက် ဝန်ထမ်း ၄၀၂ ဦးတွင် ဗိုင်းရပ်စ်ပိုးတွေ့ရှိကြောင်း ဓာတ်ခွဲခန်းတာဝန် ရှိသူများက အတည်ပြုလိုက်သည်ဟု ဒေသဆိုင်ရာသတင်း အေဂျင်စီက ဖော်ပြထားသည်။


ကျန်းမာရေးဆိုင်ရာတာဝန်ရှိသူများသည် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးဆိုင်ရာ အစိုးရ၏လမ်းညွှန်ချက်များအတိုင်း ရောဂါကြိုတင်ကာကွယ်ရေးအစီအမံများကို လိုက်နာကြရန် ပါလီမန်ဝန်ထမ်းများအား အကြံပေးခဲ့ကြောင်း သိရသည်။ 


ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသော အဆိုပါဝန်ထမ်းများ တွင် အောက်လွှတ်တော်ဝန်ထမ်း ၂၀၀၊ အထက်လွှတ်တော် ဝန်ထမ်း ၆၉ ဦးနှင့်  ပါလီမန်နှင့်  ဆက်နွှယ်သော   ဝန်ထမ်း ၁၃၃  ဦး ပါဝင်ကြောင်း  ဒေသဆိုင်ရာမီဒီယာက ဖော်ပြထား သည်။


အိန္ဒိယပါလီမန်၏ အစည်းအဝေးကို လာမည့်သီတင်းပတ် သုံးပတ်အကြာတွင် ကျင်းပမည်ဖြစ်သည်။
မကြာသေးမီက ဒေလီဒေသန္တရအစိုးရ၏ ညွှန်ကြားချက် အရ သဘာဝဘေး စီမံခန့်ခွဲရေးအာဏာပိုင်များက အစိုးရရုံး အားလုံးတွင် ဝန်ထမ်းအင်အား ၅၀ ရာခိုင်နှုန်းသာ ရုံးတက်ပြီး ကျန် ၅၀ ရာခိုင်နှုန်းသည်    နေအိမ်မှ  ရုံးလုပ်ငန်းများကို ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။


ဒေလီမြို့တွင်  လွန်ခဲ့သည့်  ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၂၀၁၈၁ ဦး  စစ်ဆေးတွေ့ရှိရကြောင်း သိရသည်။


ကိုးကား - ဆင်ဟွာ
ဘာသာပြန် - ဂျေတီ