ကချင်ပြည်နယ်တွင် ငှက်ပျောချည်မျှင်ဖြင့် တန်ဖိုးမြှင့်လူသုံးကုန်များထုတ်လုပ်နိုင်ရန် နည်းပညာများဖြန့်ဝေပေးသွားမည်

 

ပူတာအို ဇန်နဝါရီ ၈


ကချင်ပြည်နယ်အတွင်းမှ လုပ်ငန်းရှင်များအနေဖြင့်  ငှက်ပျောချည်မျှင်ဖြင့် တန်ဖိုးမြှင့် လူသုံးကုန်များ ထုတ်လုပ်နိုင်ရန်အတွက် နည်းပညာအကူအညီများ လိုအပ်ပါက   နည်းပညာဖြန့်ဝေပေးသွားမည်ဖြစ် ကြောင်း ကချင်ပြည်နယ် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ သိရသည်။

 


“ငှက်ပျောပင်မှာ အရွက်၊ ပင်စည်၊ အခိုင် ဘာမှ လွှင့်ပစ်စရာမရှိပါဘူး၊     အားလုံးအသုံးဝင်ပါတယ်။ ငှက်ပျောပင်စည်၊ အရွက်တွေကနေ ငှက်ပျောချည် အဆင့်မီ ကောင်းမွန်ခိုင်ခံ့အောင် အဆင့်ဆင့်ပြုလုပ် ပြီးတော့ ထုပ်ပိုးခွံအမျိုးမျိုး၊ လူသုံးကုန် လက်မှုထည် အမျိုးမျိုးနဲ့ ငှက်ပျောရက်ထည်ချပ်တွေပေါ်မှာ ပန်းချီ အလှအပတွေ ရေးဆွဲချုပ်ပြီးတော့ တန်ဖိုးမြင့်အမှတ် တရလက်ဆောင်ပစ္စည်း  ထုတ်လို့ရတယ်။ ဒီလိုဖြစ်ဖို့ လုပ်ငန်းရှင်တွေက        နည်းပညာတောင်းခံလာရင် အချိန်မရွေး နည်းပညာအကူအညီပေးသွားမှာဖြစ် ပါတယ်”ဟု   ပြည်နယ်  အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှူး ဦးအောင်မောင်းက ပြောသည်။

 


ငှက်ပျောပင်နှင့် ငှက်ပြောရွက်မှ ထုတ်လုပ်သည့် ငှက်ပျောချည်မျှင်ဖြင့်  စားပွဲခင်း၊  ရှုခင်းပန်းချီကား၊ ထီး၊ ထုပ်ပိုးခွံအမျိုးမျိုး စသည့် တန်ဖိုးမြှင့်လူသုံးကုန် များ  ထုတ်လုပ်ရာတွင်   အသုံးပြုနိုင်ပြီး  ငှက်ပျော ချည်မျှင်ဖြင့် တန်ဖိုးမြှင့်လူသုံးကုန်များထုတ်လုပ်ရန်  လုပ်ငန်းရှင်များအနေဖြင့် နည်းပညာအကူအညီ လိုအပ်ပါက ပြည်နယ် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနက နည်းပညာအကူအညီပေးနိုင်ရန် အဆင်သင့်ပြင်ဆင်ထားကြောင်း သိရသည်။

 


ကချင်ပြည်နယ်အတွင်းရှိ    မြစ်ကြီးနားခရိုင်၊ ဗန်းမော်ခရိုင်၊    မိုးညှင်းခရိုင်များတွင်    တစ်သျှူး ငှက်ပျောစိုက်ဧက စုစုပေါင်း တစ်သိန်းခန့် စိုက်ပျိုး ထားခြင်းကြောင့် ဒေသခံပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများရရှိပြီး အဆိုပါတစ်သျှူးငှက်ပျော များကို    တွင်ကျယ်စွာ   စိုက်ပျိုးလာခြင်းကြောင့် နိုင်ငံခြားဝင်ငွေများရရှိသည့်အတွက် ဒေသ၏ GDP လည်း တိုးတက်လျက်ရှိကြောင်း သိရသည်။
                     

ဖုန်ကန်
(ပူတာအို)