
ရန်ကုန် ဇန်နဝါရီ ၁
သတင်းနှင့် စာနယ်ဇင်းဝန်ထမ်းဟောင်းများအသင်း၏ ၂၀၂၂ ခုနှစ် နှစ်ဦးအလှူ၊ ၂၀၂၁ခုနှစ်အတွင်း ကွယ်လွန်သွားခဲ့သော အသင်းမှ ဆရာသမားများ၊ အမှုဆောင်များ၊ အသင်းသားများအတွက် ရည်စူး အလှူနှင့် ပဉ္စမအကြိမ်မြောက် သက်ကြီးပူဇော်ပွဲကို ယနေ့နံနက် ၉ နာရီက ရန်ကုန်မြို့သိမ်ဖြူလမ်းရှိ သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း ရွှေဥဒေါင်းခန်းမတွင် ကိုဗစ်- ၁၉ စည်းကမ်းချက်များနှင့် အညီ ကျင်းပသည်။
ရှေးဦးစွာ နှစ်ဦးအလှူအဖြစ် ပင့်သံဃာများထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး နာယက ကြီးများနှင့် အမှုဆောင်များက လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းခြင်း၊ (အပေါ်ယာပုံ) ပရိတ် တရားများနာကြားခြင်း၊ နှစ်ဦးမေတ္တာပို့သခြင်းများပြုခဲ့ကြသည်။
ဆက်လက်၍ ၂၀၂၁ ခုနှစ် အတွင်း ကွယ်လွန်သွားခဲ့ကြသော ဆရာသမားများ၊ အသင်းအမှု ဆောင်များ၊ အသင်းသားများ စုစု ပေါင်း ၃၃ ဦးအတွက် ရည်စူးအလှူ ပြုလုပ်ကာ လှူဖွယ်ပစ္စည်းများ လှူဒါန်းခြင်း၊ အမျှအတန်း ပေးဝေခြင်း၊ မေတ္တာပို့သခြင်းများ ပြုလုပ်သည်။
ယင်းနောက် ယခုနှစ် သက်ကြီးပူဇော်ပွဲကို လက်ရှိ ကျန်းမာရေး အခြေအနေအရ ကန်တော့ခံများအား တစ်ဦးချင်းဖိတ်ကြားကန်တော့နိုင်ခြင်းမရှိဘဲ တက်ရောက်လာသော နာယက ကြီးများ၊ ကန်တော့ခံအမှုဆောင် ကြီးများကိုသာ အမှူးထားကာ ရည်စူးကန်တော့ကြသည်။
ထို့နောက် သိမ်ဖြူလမ်း သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းရှိ အသင်းရုံးခန်းဖွင့်ပွဲကို ဆက်လက် ကျင်းပရာ ဥက္ကဋ္ဌ ဦးမြင့်ဆွေနှင့် အသင်းအမှုဆောင်များက ဖဲကြိုး ဖြတ်ဖွင့်လှစ်ပေးကြသည်။
ကန်တော့ခံ ဆရာသမားများ ၏ ကန်တော့ပစ္စည်းများကို အမှုဆောင်များ ကိုယ်တိုင် အိမ်တိုင်ရာရောက် ပို့ဆောင် ကန်တော့ကြမည်ဖြစ်ပြီး အသက် ၈၀ နှင့်အထက် သက်ကြီး ကန်တော့ခံ အသင်းသားများ အတွက် ကန်တော့ငွေများကို Wave Money ဖြင့်ဖြစ်စေ၊ K Pay ဖြင့်ဖြစ်စေ၊ မိမိပင်စင် ထုတ်ရာ ဌာနတွင်ဖြစ်စေ အဆင်ပြေစွာ ထုတ်ယူနိုင်ရန် စီစဉ်ထား ကြောင်း သိရသည်။
ကိုဇော်