တိကျ၊ မှန်ကန်၊ မြန်ဆန်ပါစေ

Type

 

တောသားလေး

 

ကျွန်တော်တင်ပြချင်တဲ့  အကြောင်းအရာက ထိရောက်အောင်မြင်စေတဲ့ အခြေခံသဘောသုံးချက်ဖြစ်ပါတယ်ခင်ဗျား။ ကျွန်တော်အစီရင်ခံ လိုက်တဲ့အခါ လူကြီးများက “ဒါဟာ တို့သုံးနေတာတွေပဲလေကွာ” လို့ ပြောကြမှာပါ။ လူလတ်ပိုင်း  ပုဂ္ဂိုလ်တွေကလည်း “ဒါလေးများ ကျွန်တော်လည်း သိပြီးသားပါ”လို့ ဆိုကြမှာ သေချာမလွဲပါပဲ။ လူငယ်တချို့က  “ကျွန်တော်တို့လည်း  ကြားဖူးပါတယ်”လို့ ပြောဆိုကြ ပေလိမ့်မယ်။
သစ်လွင်ဆန်းကြယ်တဲ့အကြောင်းအရာတွေတော့    မဟုတ်ပါဘူး ခင်ဗျာ။ ကျွန်တော်တို့ အစိုးရဝန်ထမ်းအရာရှိဘဝ အကြီးအကဲအဖြစ် အပါအဝင်  နှစ်ပေါင်း ၄၀ လောက် ထမ်းဆောင်ခဲ့ရလေတော့ အတွေ့ အကြုံထဲက အဆီအနှစ်ကို မျှဝေတင်ပြနေခြင်းသာ   ဖြစ်ပါတယ်။ သိပြီးသား၊   ကြားဖူးပြီးသား    စာဖတ်သူတွေအတွက်  ထပ်မံကြားသိရ ပြန်တယ်လို့ ယောနိသော မနသီကာရနဲ့ သဘောထားပေးပါခင်ဗျာ။ လိုရင်းတိုရှင်းတင်ပြမှာပါ-


ဘယ်အလုပ်ပဲလုပ်လုပ်
ဘယ်စာပဲ ရေးရေး
ဘယ်စကားပဲ ပြောပြော
ယခုကျွန်တော်အစီရင်ခံမယ့် အခြေခံသဘောတရားသုံးချက်နဲ့ ပြည့်စုံပါမှ အလုပ်ဟာ အောင်မြင်မယ်၊  စာရေးတဲ့ ရည်ရွယ်ချက်ဟာ ချောမောမယ်၊ ပြောရတဲ့စကားဟာ အဆင်ပြေပါလိမ့်မယ်။ အဲဒါ ဘာတွေလဲ။
(တစ်) တိကျရမယ်ဆိုတဲ့  သဘောတရားပါခင်ဗျာ။

 


ဒီအချက်ကို   လက်ကိုင်ထားပြီး   လက်တွေ့ကျင့်သုံးနေပြီလား၊ ကောင်းတာပေါ့။ ဒါကြောင့်လည်း အရာရာကြံစည်သမျှ အထမြောက် ပြီး ပြောဆိုသမျှ အောင်မြင်နေခဲ့တာပေါ့။  တိကျတဲ့  အလုပ်လုပ်ပုံ၊ တိကျတဲ့စကားပြောပုံဟာ တာဝန်ကြီးလေလေ အမှန်တကယ် လိုအပ် လေလေပဲ။   ရှင်းရှင်းလင်းလင်း တိတိကျကျဆိုရင်   အောင်မြင်မှာပဲ။

 


တိတိကျကျမဖြစ်ရင်    တလွဲတချော်နဲ့     ခရီးမတွင်ကြောင်း  လုပ်ငန်းခွင်အတွေ့အကြုံရှိသူတိုင်း    သိကြပါတယ်။   ဟုတ်ပြီ။ ဘာတိကျရမှာလဲလို့ မေးစမ်းပါဦး။ တိကျရမှာ(၆)ချက်   ရှိပါတယ်။   အင်္ဂလိပ်လိုပါ မှတ်ချင်ရင်-


(၁)    ဘယ်သူ        Who
(၂)    ဘယ်အချိန်    When 
(၃)    ဘယ်မှာ    Where
(၄)    ဘာကို    What
(၅)    ဘာကြောင့်    Why 
(၆)    ဘယ်လို    How ဆိုတဲ့ (၆) ချက်


လက်အောက်ငယ်သားများကို       အမိန့်ပေးရာမှာပဲဖြစ်ဖြစ်၊ ညွှန်ကြားရာမှာပဲဖြစ်ဖြစ်   ဘယ်သူက  ဘာလုပ်ရမယ်၊ ဘယ်အချိန်၊ ဘယ်နေရာ၊ ဘာကို၊ ဘာကြောင့်၊ ဘယ်လိုလုပ်ရမယ်ဆိုတာ    တိတိ ကျကျ စီမံခန့်ခွဲရပါမယ်။ ဒါဟာအုပ်ချုပ်မှုပညာလည်း ဟုတ်တယ်။ စီမံခန့်ခွဲနည်းပညာလည်းဖြစ်တယ်။ မိမိရဲ့ အထက်အကြီးအကဲများကို တင်ပြရှင်းလင်းတဲ့အခါမှာလည်း  အလားတူပဲ။    ဘ ခြောက်လုံးနဲ့ စနစ်တကျ ရှင်းလင်းတင်ပြရမှာ ဖြစ်ပါတယ်။

 


အလုပ်လုပ်ရာမှာဖြစ်စေ၊ စကားပြောဆိုရာမှာဖြစ်စေ၊ ကုမ္ပဏီ တစ်နဲ့တစ်ခု၊   တစ်နိုင်ငံနဲ့   တစ်နိုင်ငံ၊ ဒီအချက် (၆)ခုမှာ တိတိကျကျ ပြောဆိုရေးသား၊ လုပ်ဆောင်ကြရပါတယ်ခင်ဗျာ။  အသက်အရွယ် ကြီးကြီးငယ်ငယ် ဘယ်သူဘယ်ဝါဖြစ်ပါစေ...။ ယခု ကျွန်တော်တင်ပြ တဲ့ ဘယ်သူ/ဘယ်အချိန်/ဘယ်နေရာ/ ဘာကို/ဘာကြောင့်/ဘယ်လို လုပ်ကြမယ်ဆိုတဲ့ (ဘ) ခြောက်လုံးစနစ် သဘောကို ကျက်မှတ်ပြီး အရာရာလုပ်ကိုင်/ အရာရာပြောဆို/ အရာရာစဉ်းစားသုံးသပ်ရင် ဘာမဆို ယခင်ကထက်     သိသိသာသာ     တိုးတက်အဆင်ပြေတာ သေချာပေါက်ပေါ့ခင်ဗျာ။   ဒီသဘောတရားဟာ    မြန်မာပြည်မှာလည်း မှန်တယ်။ အင်္ဂလန်မှာလည်း မှန်တယ်။ စင်ကာပူမှာလည်း မှန်တာပဲ။ လူလူချင်း ဆက်ဆံရာတွင် ဒီလိုမျိုးတိကျရင် အကျိုးရှိတယ်။ ချောမွေ့ တယ်။  
ဒုတိယအချက် အခြေခံသဘောက (နှစ်) မှန်ကန်ရပါတယ်။

 


လုပ်တော့လုပ်တာပဲ၊ လုပ်တာက မှားနေတယ်ဆိုပါစို့။  တစ်ညလုံး မအိပ်ဘဲလုပ်ခဲ့လည်း အလကားပဲ။  မှားတာပါရင်  ချက်ချင်းပြင်ရမယ်။ အမှားတွေပါနေခဲ့ရင် တစ်လလုံးလုံး  မနားမနေလုပ်လည်း အချည်းနှီး ပါပဲ။
အနှစ် ၂၀ လုံးလုံး ထောင်ကျခံပြီး ကြိုးစားခဲ့တာပါ။ ထည့်ပြောမနေ နဲ့၊ အပိုပဲ။ အဲဒါလည်း လမ်းမှားနေရင် ဘဝမှာ ဘာမှ အသုံးမဝင်ဘူး။ နိုင်ငံအတွက် အကျိုးမပြုနိုင်ခဲ့ဘူး။

 


မှားတာတွေ လုပ်နေတာ အရေအတွက် ဘယ်လောက်များများ၊ အချိန်တွေ ဘယ်လောက်ပဲ ကုန်ခဲ့ကုန်ခဲ့၊ ဒါတွေဟာ ဂုဏ်ယူစရာလည်း မဟုတ်ဘူး။ ထည့်ပြောနေစရာလည်း မလိုအပ်ဘူး။ သဘောတရားအရ လိုရင်းက  မှန်ကန်ဖို့သာ အဓိကကျလို့ပါ။ “သဒိသံ   ပါကံ ဇနေတိ” မိမိပြုလုပ်လိုက်တဲ့    အကြောင်းကံအတိုင်းသာ   တူညီမျှတဲ့ အကျိုးကို ရကြလိမ့်မယ်လို့   တိကျရှင်းလင်းစွာ   ဟောကြားတော်မူခဲ့ပါတယ်။ မှန်ရာကိုသာ လုပ်ပါ။ ဒုစရိုက်  အကုသိုလ်တွေမှာ မပျော်ပိုက်ပါနဲ့။ အမှားအမှန် အမြဲစိစစ်ပါ၊ မှားနေရင်ပြင်လိုက်ပါ။ ခေါင်းမမာနဲ့။

 


အလုပ်မှန်ကန်မှ အကျိုးရှိမှာပါ။ 
အပြောမှန်မှ ကောင်းကျိုးရမှာပါ။ 
အတွေးအကြံမှန်မှ တန်ဖိုးရှိပါတယ်။

 


မှားတာကို မရွေးချယ်မိပါစေနဲ့။ အားလုံးကို ဆိုးကျိုးရိုက်ခတ် တယ်။ လုပ်ရပ်မှန်ကန်ဖို့ရာ  အဓိကထားပြီး  သုံးသပ်တတ်ရပါတယ် ခင်ဗျာ။ ကောင်းကျိုးပြုမှာလား၊     ဆိုးကျိုးသက်ရောက်စေမှာလား၊ ပုညကုသလလား၊ ပါပဒုစရိုက်  ဂြိုဟ်ဆိုးအလုပ်မျိုးလား။ ခွဲခြားတတ် ရပါမယ်။
အတွေး၊ အပြော၊ အလုပ်၊ ဒါတွေဟာ မှန်ကန်ရမယ်။ မမှန်မကန် မရိုးမသားလုပ်နေတာမျိုးက ဘေးချော်ကျမှာပဲ။ အမှားတွေကို ဇွဲရှိရှိနဲ့၊ သတ္တိကောင်းကောင်းနဲ့ အသက်စွန့်ပြီး လုပ်ပေမယ့်လည်း    သဲထဲ ရေသွန်သလို ဖြစ်နေမယ်။ မှားနေသေးရင် မှန်အောင်ပြင်။
မှန်ကန်ရမယ်ဆိုတဲ့အချက်ရဲ့ လေးနက်မှုကို လက်တွေ့ဘဝမှာ အသုံးချရပါတယ်။

 


(သုံး) သဘောတရား တတိယအချက်က  မြန်ဆန်ရမယ်ဆိုတဲ့ အချက်ပါ။ တိတိကျကျ ဖြစ်အောင်လုပ်ပါတယ်။ မှန်မှန်ကန်ကန် ဖြစ်အောင်    သေသေချာချာ သုံးသပ်စစ်ဆေးပြီး    လုပ်ခဲ့ပါတယ်။ ဟုတ်ကဲ့ အချိန်တော်တော်ကြာသွားပါတယ်ဆိုရင် အလာကောင်းပေ မယ့် အခါနှောင်းသွားတယ်။ နောက်ကျရင် အကျိုးရှိသင့်သလောက် အကျိုးမရှိ။

 


ဂြိုဟ်တုခေတ်၊   ဒုံးပျံခေတ်၊ အင်တာနက်ခေတ်၊    သူများတွေက မျက်တောင်တစ်ခတ်၊ လျှပ်တစ်ပြက် အချိန်လေးမှာ မြန်မြန်ဆန်ဆန် သွက်သွက်လက်လက်နဲ့ ပြီးမြောက်အောင် လုပ်ဆောင်နေကြပါတယ်။ အချိန်ကို ထည့်စဉ်းစားရပါမယ်။
ကိုယ်လုပ်နေတဲ့အလုပ်က နိုင်ငံတကာစံချိန်   မမြန်ရင်တောင် နှေးကွေးကြန့်ကြာနေတာမျိုး မဖြစ်စေရအောင် ကြိုတင်ပြင်ဆင်သင့် ပါတယ်။ စောလေကောင်းလေ။

 


တိကျတာချင်း၊ မှန်တာချင်း တူကြရင် မြန်တဲ့သူက   လက်ဦးမှုနဲ့ အနိုင်ယူသွားပေလိမ့်မယ်။ မိမိတို့က နောက်မကျအောင် အများကြီး ကြိုးစားကြရမှာပေါ့။


- တိတိကျကျ လုပ်ဆောင်တတ်ရပါမယ်။ 
- မှန်မှန်ကန်ကန် စွမ်းဆောင်တတ်ကြတယ်။ 
- မြန်မြန်ဆန်ဆန် အကောင်အထည်ဖော်နိုင်ကြရတယ်။ 
ကောင်းပါပြီ။ ဒါဆိုရင်  ကျွန်တော်တို့လူမျိုးတွေဟာ အလုပ်ကို အရည်အသွေးမြင့်မြင့်နဲ့ ဆောင်ရွက်နိုင်စွမ်းရှိသူတွေ ဆိုရပါလိမ့်မယ်။ မကြာခင်မှာ တိုးတက်လာတော့မယ်။

 


အရည်အသွေး၊ အရည်အချင်းနိမ့်တဲ့သူတွေက မတိမကျ မရေမရာ လုပ်ကိုင်ကြတယ်။ ပြောဆိုကြတယ်။ စဉ်းစားတဲ့နေရာမှာလည်း (ဘ)ခြောက်လုံး ပြည့်ပြည့်စုံစုံ တိတိကျကျ မစဉ်းစားခဲ့ဘူး။ အရည်အသွေး မမီတဲ့ အပြောတွေ၊ အလုပ်တွေနဲ့ အချိန်ကုန်သွားတတ်ပါတယ်။
မှန်မှန်ကန်ကန်လည်း မဆုံးဖြတ်တတ်ဘူး။ ပုလား ပ,လား၊ ပုမသိ ပမသိ (ဘုမသိ ဘမသိ) အကောင်းလား အဆိုးလား မဝေခွဲတတ်ခဲ့ဘူး။
လုပ်တာကိုင်တာလည်း  ထက်ထက်သန်သန်  တက်တက်ကြွကြွ  မရှိတော့ နှေးကွေးလေးလံတယ်။ အလုပ်တစ်ခုပြီးဖို့ရာ အချိန်အကြာ ကြီး ကြာတတ်တယ်။ မရောင်ရာကို ဆီလူးနေမိတယ်။

 


ကျွန်တော်တို့နိုင်ငံ၊ ကျွန်တော်တို့လူမျိုးဟာ ယခုနှစ်ဆယ့်တစ်ရာစု လူသစ် စိတ်သစ်၊    အားမာန်သစ်နဲ့   ဒီမိုကရေစီနိုင်ငံတော်သစ်ကို ထူထောင်တည်ဆောက်နေကြတာ    မဟုတ်လား။     ကျရာတာဝန်၊ ရောက်ရာနေရာက ဘာပဲလုပ်ရလုပ်ရ “တိတိကျကျ၊ မှန်မှန်ကန်ကန်နဲ့ မြန်မြန်ဆန်ဆန်”  စွမ်းဆောင်နိုင်ကြသူတွေဖြစ်နေရင် အားလုံးအစစ အရာရာ အောင်မြင်မှာမလွဲ။   တိုးတက်မှာပါပဲ။   ကျွန်တော်တို့ဟာ စိတ်ဓာတ်ကောင်းတယ်။ စွမ်းရည်ရှိကြပါတယ်။ ဇွဲသတ္တိ    ပြည့်စုံပါ တယ်။

 


တိကျ၊ မှန်ကန်၊ မြန်ဆန်အောင် သူများနိုင်ငံမှ သူများလူမျိုးတွေ လုပ်နိုင်ကြသလို ကျွန်တော်တို့က ဘာလို့  မလုပ်နိုင်ရမှာလဲ။ ကိုယ်လုပ် တဲ့အလုပ်၊ ကိုယ်ပြောတဲ့စကား၊ ကိုယ်စဉ်းစားတဲ့အတွေး  ပရမ်းပတာ၊ မရေမရာ မဖြစ်သင့်ဘူးလေ။ တိကျလေ ကောင်းလေ၊  မှန်ကန်လေ အကျိုးရှိလေ။ မြန်ဆန်လေ တိုးတက်လေလေ  မဟုတ်ပါလား။
တိကျ မှန်ကန် မြန်ဆန်ပါစေ...။ အောင်ပွဲတွေက ရှေ့မှာ ကြိုဆို နေကြတယ်လေ။    ။