
ခန့်ဇော်(ကျေးလက်)
လူထုဗဟိုပြုစီမံကိန်းသည် ဖွံ့ဖြိုးရေးလုပ်ငန်းများကို လူထုကိုယ်တိုင် ရေးဆွဲအကောင်အထည်ဖော်ခြင်း၊ ကြီးကြပ်ကွပ်ကဲ အကဲဖြတ်ခြင်းဖြင့် ရရှိလာသော ဖွံ့ဖြိုးမှုအသီးအပွင့်များကို တိုက်ရိုက်အကျိုးခံစားခွင့်ရရှိစေမည့် ဖွံ့ဖြိုးရေးချဉ်းကပ်မှုနည်းလမ်း ဖြစ်ပါသည်။
ရည်ရွယ်ချက်
လူထုဗဟိုပြုစီမံကိန်း၏ ရည်ရွယ်ချက်မှာ ဆင်းရဲနွမ်းပါးသော ကျေးလက်လူထုအနေဖြင့် အခြေခံအဆောက်အအုံများနှင့် ဝန်ဆောင်မှုများ အား လူထုဗဟိုပြုစနစ်ကို ကျင့်သုံး၍ ရယူသုံးစွဲ နိုင်စေရန်၊ ကျေးလက်ပြည်သူလူထု၏ စွမ်းဆောင် ရည်မြှင့်တင်ပေးရန်နှင့် အရေးပေါ်အခြေအနေ တစ်ရပ် ပေါ်ပေါက်လာပါက ထိရောက်လျင်မြန်စွာ တုံ့ပြန်နိုင်စေရန် ဖြစ်ပါသည်။
လူထုဗဟိုပြုစီမံကိန်းကို ၂၀၁၃ ခုနှစ်မှစ၍ မြန်မာတစ်နိုင်ငံလုံးရှိ မြို့နယ် ၆၃ မြို့နယ်တွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး ငွေကြေးထောက်ပံ့ပေးမှုအနေဖြင့် ကမ္ဘာ့ဘဏ်မှ ထောက်ပံ့ငွေ အမေရိကန်ဒေါ်လာ သန်း ၈၀ နှင့် ချေးငွေအမေရိကန်ဒေါ်လာ သန်း ၄၀၀ ၊ အီတလီ အစိုးရ၏ ထောက်ပံ့ငွေ အမေရိကန်ဒေါ်လာ ၃ ဒသမ ၁ သန်းနှင့် ချေးငွေအမေရိကန်ဒေါ်လာ ၂၃ ဒသမ ၈ သန်း၊ DFID ၏ ထောက်ပံ့ငွေ အမေရိ ကန် ဒေါ်လာ ၃ သန်း၊ ဂျပန်အစိုးရ၏ ထောက်ပံ့ငွေ အမေရိကန်ဒေါ်လာ ၂၅ သန်း၊ မြန်မာနိုင်ငံအစိုးရ၏ ထောက်ပံ့ငွေ အမေရိကန် ဒေါ်လာ သန်း ၃၀ အပါ အဝင် စုစုပေါင်း အမေရိကန်ဒေါ်လာ ၅၆၄ ဒသမ ၉ သန်းဖြင့် မြို့နယ် ၆၃ မြို့နယ်တွင် စီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။
ကျေးရွာအဆင့် စီမံကိန်းစက်ဝန်း
ကျေးရွာအဆင့်စီမံကိန်းစက်ဝန်းအရ ကြိုတင် ပြင်ဆင်ခြင်းအနေဖြင့် ပထမအကြိမ် ကျေးရွာ အစည်းအဝေးပြုလုပ်ရန်အတွက် အနည်းဆုံး သုံးရက် ကြိုတင်အကြောင်းကြားရပါသည်။ ကျေးရွာလူထု အဆင်ပြေမည့် အချိန်၊ နေ့ရက်နှင့် ကျေးရွာလူထု များနိုင်သမျှ များများတက်ရောက် နိုင်ရေး စီစဉ်ရပါသည်။ အိမ်ထောင်စုအရေအတွက် စုစုပေါင်း၏ အနည်းဆုံး ၅၀ ရာခိုင်နှုန်း တက်ရောက် မှ အထမြောက်ပါသည်။ အစည်းအဝေးတွင် စီမံကိန်းအကြောင်း၊ တာဝန်ရှိသူများနှင့် တာဝန်/ ဝတ္တရားများ ရှင်းပြပြီး ကျေးရွာစေတနာ့ဝန်ထမ်း အမျိုးသား တစ်ဦး၊ အမျိုးသမီးတစ်ဦး ရွေးကောက် တင်မြှောက်ပါသည်။
ကျေးရွာ စေတနာ့ဝန်ထမ်းများအနေဖြင့် ကျေးရွာစီမံကိန်း အထောက်အကူပြုကော်မတီ ဝင်မဟုတ်ဘဲ လူထုစည်းရုံးရေးမှူးကို ကူညီပေးရန်၊ အကြံပြုချက်ဖြေရှင်းရေးအဖွဲ့ကို ကူညီရန်၊ လေ့လာ ရေးခရီးစဉ်များမှာ လိုက်ပါကူညီရန် ဖြစ်ပါသည်။
စီမံကိန်းအထောက်အကူပြုကော်မတီများ ဖွဲ့စည်းခြင်း
ဒုတိယအကြိမ် ကျေးရွာအစည်းအဝေးတွင် ကျေးရွာစီမံကိန်းအထောက်အကူပြု ကော်မတီဖွဲ့ စည်းပါသည်။ ကော်မတီတွင် ကော်မတီဥက္ကဋ္ဌနှစ်ဦး (အမျိုးသားတစ်ဦး၊ အမျိုးသမီးတစ်ဦး)နှင့် (၁)ဝယ်ယူရေး၊ (၂)စောင့်ကြည့်ကြီးကြပ်ရေးနှင့် အကဲဖြတ်ရေး (၃)လည်ပတ်ရေးနှင့် ပြုပြင် ထိန်းသိမ်းရေးဆပ်ကော်မတီများ ဖွဲ့စည်းပြီး ဆပ်ကော်မတီတိုင်းတွင်လည်း အနည်းဆုံး အမျိုး သမီး တစ်ဦး ပါဝင်စေရပါမည်။
ကျေးရွာကယုံကြည်သောသူ နှစ်ဦး (အမျိုးသား တစ်ဦး၊ အမျိုးသမီးတစ်ဦး)ကို ဝေဖန်အကြံပြုချက် ဖြေရှင်းရေးကိုယ်စားလှယ်များအဖြစ် ရွေးချယ်ပြီး ကျေးရွာက ယုံကြည်သောသူတစ်ဦးကို ကျေးရွာ ငွေစာရင်းကိုင်အဖြစ် ရွေးချယ်ခန့်အပ်ပါသည်။
ကျေးရွာအုပ်စု စီမံကိန်းအထောက်အကူပြု ကော်မတီမှာ သက်ဆိုင်ရာကျေးရွာကော်မတီဥက္ကဋ္ဌ များဖြင့် ဖွဲ့စည်းထားပြီး အနည်းဆုံး ကော်မတီဝင် ခြောက်ဦးရှိရန် လိုအပ်ပါသည်။ ၎င်းတို့အနက်မှ သုံးဦးကို ဘဏ္ဍာရေးဆပ်ကော်မတီအဖြစ် ဖွဲ့စည်း တာဝန်ပေးအပ်ပြီး အနည်းဆုံး အမျိုးသမီး တစ်ဦး ပါဝင်စေရပါမည်။ ကျေးရွာအုပ်စုဝေဖန်အကြံပြုချက် ဖြေရှင်းရေးကော်မတီအား ကျေးရွာအကြံပြုချက် ဖြေရှင်းရေးကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားပြီး ကျေးရွာအုပ်စု စီမံကိန်းအထောက်အကူပြု ကော်မတီနှင့် ဆက်စပ်မှုမရှိသော လွတ်လပ်သည့် ကော်မတီဖြစ်ပါသည်။
လူထုကိုယ်တိုင် ကျေးရွာဖွံ့ဖြိုးရေးစီမံချက် ရေးဆွဲခြင်း (VDP)
ကျေးရွာဖွံ့ဖြိုးရေးစီမံချက် ရေးဆွဲထားမှုမရှိ သေး (သို့မဟုတ်) ပြည့်စုံမှုမရှိသေးပါက စည်းရုံး ရေးမှူးသည် အဖွဲ့ငယ်များခွဲ၍ ရပ်မိရပ်ဖ၊ အမျိုးသားအဖွဲ့၊ အမျိုးသမီးအဖွဲ့၊ လူငယ်အဖွဲ့၊ တိုင်းရင်းသားအဖွဲ့၊ ကော်မတီဝင်များအဖွဲ့ စသည့် လူထုပူးပေါင်းပါဝင်သော ဆန်းစစ်မှုများပြုလုပ်၍ ကျေးရွာဖွံ့ဖြိုးရေးစီမံချက်ရေးဆွဲပြီး ဦးစားပေး လုပ်ငန်းများ ရွေးချယ်ပါသည်။ စီမံကိန်းလုပ်ငန်းခွဲ များ ဖော်ထုတ်ရာတွင် အကျုံးဝင်သော စီမံကိန်း လုပ်ငန်းများအပြင် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများကဲ့သို့သော အခြားလုပ်ငန်းများ ကိုလည်း ဖော်ထုတ်ရမှာဖြစ်ပါသည်။
ဆောင်ရွက်ခွင့်ရှိသော/ အကျုံးဝင်သောလုပ်ငန်းများ
ကျေးလက်လမ်း/ တံတားများ၊ ပညာရေးနှင့် ကျန်းမာရေးအဆောက်အအုံများ၊ ကျေးလက်ရေပေး ရေးနှင့် မီးလင်းရေးလုပ်ငန်းများ၊ အများပြည်သူ နှင့်ဆိုင်သော နေရာများ၊ ကျေးရွာဈေးများ၊ ဆည် မြောင်းငယ်များ(၂၅ ဟက်တာအောက်)၊ ကျန်းမာ သန့်ရှင်းရေးလုပ်ငန်းများနှင့် ဆိပ်ခံတံတားများ ပြန်လည်ပြုပြင်ခြင်းနှင့် အသေးစားတိုးချဲ့ခြင်းများ မှာ အကျုံးဝင်သော စီမံကိန်းလုပ်ငန်းများဖြစ်ပါ သည်။
ဆောင်ရွက်ခွင့်မရှိသော/ အကျုံးမဝင်သောလုပ်ငန်းများ
ကျေးရွာအုပ်စုဖွံ့ဖြိုးရေးစီမံချက်တွင် မပါဝင် သောလုပ်ငန်းများ၊ ဆင်းရဲနွမ်းပါးသူများနှင့် အပယ်ခံအုပ်စုများကို ချန်လှပ်ထားသော လုပ်ငန်း များ၊ ကျား/မ တန်းတူလုပ်အားခ ပေးချေမှုမရှိသော လုပ်ငန်းများ၊ ရွာသားများနေရာပြောင်းရွှေ့ရန် လိုအပ်သောလုပ်ငန်းများ၊ ကမ္ဘာ့ဘဏ်နှင့် အစိုးရ ၏ထောက်ပံ့ငွေဖြင့် လျော်ကြေးပေးရန် လိုအပ် သောလုပ်ငန်းများ၊ ကိုယ်ပိုင်ကုန်ပစ္စည်းများနှင့် ကိုယ်ပိုင်အသက်မွေးဝမ်းကျောင်းမှုလုပ်ငန်းများ အတွက် ငွေကြေးထောက်ပံ့ထားသော လုပ်ငန်းများ၊ အစိုးရရုံးများနှင့် ဘာသာရေးအဆောက်အအုံများ တည်ဆောက်ခြင်း၊ နည်းပညာပိုင်းနှင့် အရည် အသွေးပိုင်းဆိုင်ရာ စံသတ်မှတ်ချက်များနှင့် ကိုက်ညီမှုမရှိသော လုပ်ငန်းများ၊ သဘာဝပတ်ဝန်း ကျင်(သို့မဟုတ်)လူမှုဆိုးကျိုးများ ဖြစ်ပေါ်စေနိုင် သောလုပ်ငန်းများ၊ ကလေးလုပ်သားအသုံးပြုသည့် လုပ်ငန်းများ၊ အဓမ္မအလုပ်စေခိုင်းသော လုပ်ငန်း များ၊ ဆည်တာတမံများ ပြုပြင်တည်ဆောက်ခြင်းလုပ်ငန်းများ၊ ကာကွယ်ထိန်းသိမ်းမှုပြုထားသော သစ်တောဧရိယာများတွင် ဆောင်ရွက်ရမည့် လုပ်ငန်းများ စသည့်လုပ်ငန်းများမှာ အကျုံးမဝင် သော စီမံကိန်းလုပ်ငန်းများ ဖြစ်ပါသည်။
ကျေးရွာအုပ်စု ဖွံ့ဖြိုးရေးစီမံကိန်းများ
ကျေးရွာများမှ ရေးဆွဲသော ဖွံ့ဖြိုးရေး စီမံကိန်း များကို ကျေးရွာအုပ်စုစီမံကိန်းအထောက်အကူပြု ကော်မတီက စုစည်းဆန်းစစ်ပြီး ရရှိမည့်ရန်ပုံငွေ၊ ကျေးရွာလိုအပ်ချက်နှင့် နှိုင်းချိန်၍ ကျေးရွာအုပ်စုဦးစားပေးစီမံကိန်းကို ရေးဆွဲကာ မြို့နယ်စီမံကိန်းရုံး မှတစ်ဆင့် မြို့နယ်စီမံကိန်းရေးဆွဲရေးနှင့် အကောင် အထည်ဖော်ရေးကော်မတီသို့ ပေးပို့အတည်ပြုချက် ရယူပါသည်။ အတည်ပြုသည့်လုပ်ငန်းခွဲများကို တတိယအကြိမ် ကျေးရွာအစည်းအဝေးများ ခေါ်ယူ ၍ ကျေးရွာလူထုကို ချပြဆွေးနွေးပါသည်။ ကျေးရွာအုပ်စုဖွံ့ဖြိုးရေးစီမံကိန်းတွင် အမျိုးသမီး များက တင်ပြသော စီမံကိန်းလုပ်ငန်းခွဲ အနည်းဆုံး တစ်ခု နှစ်စဉ် ပါရှိရမှာဖြစ်ပါသည်။ စီမံကိန်း တစ်နှစ် ပြီးဆုံးချိန်တွင် ကျေးရွာ/ကျေးရွာအုပ်စုဖွံ့ဖြိုးရေး စီမံကိန်းများကို ပြန်လည်သုံးသပ်ပြီး နောက်နှစ် စီမံကိန်းတွင် ပြင်ဆင်ရေးဆွဲနိုင်ပါသည်။ ကျေးရွာ တိုင်းက ကိုယ့်ရွာအတွက် လိုချင်ကြသော်လည်း စီမံကိန်းက လုပ်ငန်းရွေးချယ်သည့်အခါ ပိုလိုအပ် သည်ကို ဦးစားပေးရန်နှင့် မျှမျှတတဆုံးဖြတ်ရန် လေ့ကျင့်ပေးပါသည်။
ကျေးရွာအုပ်စု လူဦးရေအလိုက် ရန်ပုံငွေခွဲဝေမှု
တစ်ရွာမှ ငါးရွာရှိပြီး လူဦးရေ ၁၅၀၀ ရှိသည့် ကျေးရွာအုပ်စုဆိုလျှင် ငွေကျပ် ၂၄ သန်း၊ ခြောက်ရွာ မှ ၁၀ ရွာရှိပြီး လူဦးရေ ၁၅၀၀ ရှိသည့် ကျေးရွာအုပ်စု ဆိုလျှင် ငွေကျပ် ၃၅ သန်း၊ လူဦးရေ ၁၅၀၁ မှ ၃၀၀၀ ရှိသော ကျေးရွာ ငါးရွာအထိ ငွေကျပ် ၃၅ သန်း၊ ခြောက်ရွာမှ ၁၀ ရွာအထိ ငွေကျပ်သန်း ၄၀ ၊ ၁၁ ရွာနှင့်အထက်ကို ငွေကျပ် ၅၅ သန်း၊ လူဦးရေ ၃၀၀၁ မှ ၅၀၀၀ ရှိသော ကျေးရွာ ၁၀ ရွာအထိ ငွေကျပ် ၅၅ သန်း၊ ၁၁ ရွာနှင့်အထက် ငွေကျပ် ၇၅ သန်း၊ လူဦးရေ ၅၀၀၁ မှ ၉၀၀၀ ရှိသော ကျေးရွာ ၂၀ အထိ ငွေကျပ် သန်း ၈၀ ၊ ၂၁ ရွာနှင့်အထက်ကို ငွေကျပ် သန်း ၉၀ ၊ လူဦးရေ ၉၀၀၁ မှ ၁၃၀၀၀ ရှိသော ကျေးရွာ ၂၀ အထိ ငွေကျပ် သန်း ၁၃၀ ၊ ၂၁ ရွာ နှင့်အထက်ကို ငွေကျပ် ၁၆၅ သန်း၊ လူဦးရေ ၁၃၀၀၀ အထက် ရွာ၂၀ အထိ ငွေကျပ် ၁၆၅ သန်း၊ ၂၁ ရွာနှင့် အထက်ကို ငွေကျပ်သန်း ၂၂၀ စသည်ဖြင့် သတ်မှတ် ခွဲဝေဆောင်ရွက်ခဲ့ပါသည်။
ဘဏ်စာရင်းဖွင့်လှစ်ခြင်း
သက်ဆိုင်ရာမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ကျေးရွာအုပ်စုကော်မတီမှ ငွေစာရင်းရှင် ဖွင့်လှစ် ရပြီး ပြည်ထောင်စုအဆင့်စီမံကိန်းရုံး၏ ဘဏ် စာရင်းများမှ ကျေးရွာအုပ်စုဘဏ်စာရင်းသို့ ရန်ပုံ ငွေ တိုက်ရိုက်လွှဲပြောင်းပါသည်။ ငွေထုတ်ယူရာတွင် ကျေးရွာအုပ်စုကော်မတီမှ နှစ်ဦး ပူးတွဲလက်မှတ် ရေးထိုးရပြီး ငွေထုတ်ယူရမည့် အကြိမ်ရေ/ပမာဏ ကန့်သတ်မှု မရှိပါ။ ကျွန်တော်တို့နိုင်ငံတွင် အစိုးရ ဌာနဆိုင်ရာများ၏ စီမံကိန်းများသည် ဌာနဆိုင်ရာ ဘဏ်စာရင်းသာ ရှိပါသည်။ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက ဆောင်ရွက်သည့် လူထု အခြေပြု စီမံကိန်းများဖြစ်သော လူထုဗဟိုပြုစီမံ ကိန်း (CDD)၊ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း(VDP)၊ မြစိမ်း ရောင် ကျေးရွာစီမံကိန်းများသည် ကျေးရွာအဆင့် ဘဏ်အကောင့်များ ထားရှိဆောင်ရွက်ခြင်း ဖြစ်ပါ သည်။
စီမံကိန်းအကောင်အထည်ဖော်ခြင်း
ကျေးရွာစီမံကိန်းလုပ်ငန်းခွဲများကို ကျေးရွာသူ ကျေးရွာသားများကိုယ်တိုင် လူထုပူးပေါင်းပါဝင် သော နည်းလမ်းများဖြင့် အစီအစဉ်များရေးဆွဲခြင်း၊ အကောင်အထည်ဖော် ဆောင်ရွက်ခြင်းများ လုပ်ဆောင်ပြီး မြို့နယ်နည်းပညာအဖွဲ့က စီမံကိန်း လုပ်ငန်းစဉ်တစ်လျှောက်လုံးတွင် ကူညီပံ့ပိုးပေး ပါသည်။
ဝယ်ယူရေးလုပ်ငန်းစဉ်များ
ကျေးရွာဝယ်ယူရေး ဆပ်ကော်မတီသည် သက်ဆိုင်ရာအင်ဂျင်နီယာ၊ စည်းရုံးရေးမှူးတို့၏ အကြံပေးမှုဖြင့် ဆောင်ရွက်ရပါသည်။ ဝယ်ယူ ရေး ကော်မတီသည် ပစ္စည်းများဝယ်ယူခြင်း၊ ကန်ထရိုက် တာ/ လုပ်သားငှားရမ်းခြင်းနှင့် လုပ်အားခပေးချေ ခြင်းတို့ကို ဆောင်ရွက်ရပြီး ပစ္စည်းအနေဖြင့် အနည်းဆုံး ဆိုင်သုံးဆိုင်မှ ဈေးနှုန်းအဆိုပြုလွှာရယူ ရပါသည်။ လုပ်သားအနေဖြင့် ကျေးရွာလူထု လုပ်အားဖြင့် ဆောင်ရွက်မည်လား(သို့) ကန်ထရိုက် ငှားရမ်း ဆောင်ရွက်မည်လားကို ကျေးရွာလူထု နှင့် ဆွေးနွေးတိုင်ပင်ပြီး ကန်ထရိုက်တာ ငှားရမ်းဆောင်ရွက်မည်ဆိုပါက အနည်းဆုံး အဖွဲ့သုံးဖွဲ့ အဆိုပြုလွှာရယူပြီး ရွေးချယ်ရန်နှင့် အထောက်အထားစာရွက်စာတမ်းများကို ကြော်ငြာ သင်ပုန်းမှာ ကပ်ပေးရပါမည်။
ကျေးရွာလူထုကိုယ်တိုင် စောင့်ကြည့်စစ်ဆေးခြင်း
စီမံကိန်းလုပ်ငန်းများအား အကောင်အထည် ဖော် ဆောင်ရွက်ရာတွင် လုပ်ငန်းများစောင့်ကြည့် ကြီးကြပ်ခြင်းကို ကျေးရွာလူထုကိုယ်တိုင်ကပင် ဆောင်ရွက်သည့်နည်းစနစ်ဖြစ်ပြီး ကျေးရွာစောင့်ကြည့်ကြီးကြပ်ရေးဆပ်ကော်မတီသည် ပစ္စည်း ရောက်ရှိအသုံးပြုမှု၊ လုပ်သားများ လုပ်ငန်းဆောင် ရွက်မှု၊ သဘာဝပတ်ဝန်းကျင်နှင့် လူမှုအကာ အကွယ်၊ ကျား/မ တန်းတူ ညီမျှစွာ အလုပ်အကိုင် အခွင့်အလမ်းရရှိမှုနှင့် လုပ်အားခပေးချေမှုတို့ကို စောင့်ကြည့်ကြီးကြပ်ပါသည်။
လုပ်ငန်းလည်ပတ်ရေးနှင့် ပြုပြင်ထိန်းသိမ်းရေး
ဆောင်ရွက်ပြီး စီမံကိန်းလုပ်ငန်းခွဲများ ရေရှည် တည်တံ့ခိုင်မြဲစေရန်၊ ပိုင်ဆိုင်မှုဆိုင်ရာ အသိစိတ် ဓာတ်များဖြစ်ပေါ်လာစေရန်၊ ကျေးရွာလူထု တာဝန် ယူစိတ် တာဝန်ခံစိတ်များ ဖြစ်ပေါ်လာစေရန်၊ ကျေးရွာ လူထုပူးပေါင်းဆောင်ရွက်မှု အလေ့အထ များရရှိစေရန်၊ အရေးပေါ်အခြေအနေများ ဖြစ်ပေါ် လာပါက အစိုးရဌာနများ၊ အခြားအဖွဲ့အစည်းများ၏ အကူအညီရယူပြီး ပြင်ဆင်ထိန်းသိမ်းမှုများ ဆောင်ရွက်နိုင်စေရန် လည်ပတ်ပြုပြင်ထိန်းသိမ်းရေးစီမံချက်ကို ရေးဆွဲပါသည်။ လုပ်ငန်းခွဲတစ်ခုချင်း အလိုက် ပျက်စီးနိုင်သည့်လုပ်ငန်းများ၊ ပြင်/ထိန်း ဆောင်ရွက်မည့်သူ (ရွာလူထု/အစိုးရဌာန)၊ ရန်ပုံ ငွေရရှိ/သုံးစွဲမည့်အစီအစဉ်၊ လုပ်ငန်းဆောင်ရွက် မည့် အစီအစဉ်များကို လေးနှစ်စာ အသေးစိတ် စီမံချက် ရေးဆွဲဆောင်ရွက်ပါသည်။
သဘာဝပတ်ဝန်းကျင်နှင့် လူမှုပတ်ဝန်းကျင်ဆိုင်ရာ အကာအကွယ်
စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ခြင်းကြောင့် သဘာဝ/ လူမှုပတ်ဝန်းကျင် ထိခိုက်မှု ရှိ/ မရှိ ကြိုတင်စစ်ဆေးနိုင်စေရန်၊ ဖြစ်ပေါ်လာနိုင်သော သဘာဝ/ လူမှုပတ်ဝန်းကျင်ထိခိုက်မှုများကို လျှော့ချနိုင်စေရန် အကာအကွယ်များ ထည့်သွင်း ဆောင်ရွက်ထားရှိပါသည်။
“သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကာအကွယ် များ”အနေဖြင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လိုက်နာရန်ကျင့်ဝတ်များ/ စီမံခန့်ခွဲမှုအစီအစဉ်နှင့် ရုပ်ဝတ္ထုဆိုင်ရာ ယဉ်ကျေးမှုအရင်းအမြစ်များ စီမံခန့်ခွဲမှုအစီအစဉ်ရေးဆွဲခြင်းတို့ကို ဆောင်ရွက် ပါသည်။
“လူမှုပတ်ဝန်းကျင်ဆိုင်ရာ အကာအကွယ် များ”အနေဖြင့် မြေသိမ်းခြင်း မလုပ်ဘဲ ဆန္ဒ အလျောက် မြေယာလှူဒါန်းခြင်း၊ တိုင်းရင်းသား လူမျိုးစုငယ်များ၊ ဆင်းရဲနွမ်းပါးသူများ၊ အမျိုးသမီး များ ထိခိုက်လွယ်အုပ်စုများ ဆုံးဖြတ်ချက်ချမှတ် ခွင့်ရရှိစေခြင်းနှင့် လွတ်လပ်သော အကြံပေးမှုများ ဆောင်ရွက်ခြင်း၊ ပုဂ္ဂလိကပိုင်ဆိုင်မှု မဆုံးရှုံးစေခြင်း၊ ရွှေ့ပြောင်းပေးရမှု မရှိစေခြင်းနှင့် မလွှဲမရှောင်သာ ရွှေ့ပြောင်းစေရပါက ထိခိုက်မှုအနည်းဆုံးဖြစ်စေ ရေးတို့ဖြစ်စေရန် စီမံဆောင်ရွက်ပါသည်။
ဝေဖန်အကြံပြု တိုင်ကြားဖြေရှင်းရေး
စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ပွင့်လင်းမြင်သာမှုရှိစေရန်နှင့် ဖြစ်ပေါ်လာနိုင်သော အခက်အခဲများကို အချိန်နှင့် တစ်ပြေးညီ ဖြေရှင်းနိုင်ရန်အတွက် ဝေဖန်အကြံပြု တိုင်ကြားဖြေရှင်းရေးစနစ်ကို ထည့်သွင်းဆောင်ရွက် ထားရှိပါသည်။ ကျေးလက်လူထုအတွင်းမှ မကျေ နပ်ချက်/ ဝေဖန်အကြံပြုချက်များကို ကျေးရွာနှင့် အုပ်စုကော်မတီများ၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနတို့သို့ စာဖြင့်ဖြစ်စေ၊ နှုတ်ဖြင့် ဖြစ်စေ၊ တယ်လီဖုန်းဖြင့် ဖြစ်စေ၊ email ဖြင့်ဖြစ်စေ၊ အခြားသင့်တော်ရာနည်းလမ်းဖြင့်ဖြစ်စေ အကြံပြု/ တိုင်ကြား/ ဆွေးနွေးနိုင်သော စနစ်ဖြစ်ပါသည်။ ၂၀၁၄ ခုနှစ် ဇန်နဝါရီလမှ ယခုလက်ရှိအချိန်အထိ အကြံပြုချက်ပေါင်း ၃၀၀၅၅ ခု လက်ခံရရှိခဲ့ပြီး ၃၀၀၅၅ ခု ၁၀၀ ရာခိုင်နှုန်းဖြေရှင်းပြီး ဖြစ်ပါသည်။
ကျား/ မတန်းတူညီမျှရေး
ကျား/မ တန်းတူညီမျှမှုနှင့် အမျိုးသမီးများ စွမ်းဆောင်ရည်မြင့်မားလာစေရန်မှာ စီမံကိန်း၏ ရည်ရွယ်ချက်တစ်ရပ်ဖြစ်ပြီး အမျိုးသမီးစွမ်းဆောင် ရည် မြှင့်တင်မှုလုပ်ငန်းများ အများအပြား ပါဝင်ပါ သည်။ ကော်မတီဝင် ၅၀ ရာခိုင်နှုန်းသည် အမျိုးသမီး များ ဖြစ်ရမည်။ ဆပ်ကော်မတီတိုင်းတွင် အနည်းဆုံး အမျိုးသမီးတစ်ဦး ပါဝင်ရမည်။ တူညီသောအလုပ် အတွက် တူညီသော လုပ်အားခကို ပေးချေရမည်။ စီမံကိန်းလုပ်ငန်းစဉ်တိုင်း ကျား/မ တန်းတူ ညီမျှ ရေးကို ထည့်သွင်းစဉ်းစားရပါမည်။ လက်ရှိအချိန် အထိ စီမံကိန်းတွင် အမျိုးသမီးပူးပေါင်းပါဝင်မှုမှာ ရာခိုင်နှုန်းအားဖြင့် ကော်မတီတွင် ၅၀ ရာခိုင်နှုန်း၊ သင်တန်းရရှိသူ အမျိုးသမီးဦးရေအနေဖြင့် ပြည်နယ်/ တိုင်းဒေသကြီးတွင် ၄၂ ရာခိုင်နှုန်း၊ မြို့နယ်တွင် ၄၈ ရာခိုင်နှုန်း၊ ကျေးရွာအဆင့်တွင် ၄၉ ရာခိုင်နှုန်း၊ အလုပ်အကိုင် အခွင့်အလမ်းရရှိသူ အမျိုးသမီးအနေဖြင့် ၄၂ ရာခိုင်နှုန်း ပါဝင်ဆောင် ရွက်နိုင်ခဲ့ခြင်းဖြစ်ပါသည်။
သတင်းဆက်သွယ်ပြန်ကြားရေး
စီမံကိန်းအကြောင်းအရာများအား ကျေးရွာ လူထုပိုမိုသိရှိနိုင်ရန်၊ အားလုံးတက်ကြွစွာ ပါဝင် ဆောင်ရွက်နိုင်စေရန်နှင့် စီမံကိန်းအချက်အလက် များကို အများပြည်သူသိရှိနိုင်စေရန် သတင်းအချက် အလက်ပြန်ကြားရေးစနစ်ကို ထည့်သွင်းဆောင် ရွက်ထားရှိပါသည်။ စီမံကိန်းအကြောင်းအရာများ အား အင်တာနက်စာမျက်နှာ၊ လူမှုကွန်ရက်၊ မီဒီယာတို့တွင် ထုတ်ပြန်ခြင်း၊ သက်ဆိုင်သူများ မှတစ်ဆင့် စီမံကိန်းအကြောင်း ထပ်ဆင့်မျှဝေခြင်း၊ စီမံကိန်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပ ခြင်း၊ ကြော်ငြာသင်ပုန်းများ/ ကျေးရွာအစည်းအဝေး များတွင် ချပြရှင်းလင်းခြင်း၊ စီမံကိန်းအချက် အလက်ပြပွဲများကျင်းပခြင်း၊ စီမံကိန်းများအချင်း ချင်း၊ ဌာနများအချင်းချင်းကြား ဆက်သွယ်ဆောင် ရွက်ခြင်းနှင့် Information Technology အသုံး ပြု၍ ဆက်သွယ်ရေးလုပ်ငန်းများကို တိုးမြှင့် ခြင်းတို့ဖြင့် ဆောင်ရွက်ပါသည်။
တိုင်းရင်းသားဘာသာစကား ၁၇ မျိုးဖြင့် ဘာသာပြန်ဆောင်ရွက်ထား
လူထုဗဟိုပြုစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်သော မြို့နယ် ၆၃ မြို့နယ် အနက် ၁၈ မြို့နယ်သည် တိုင်းရင်းသားလူမျိုးစု အများစုနေထိုင် လျက်ရှိသောကြောင့် စီမံကိန်းမှ ဖြန့်ဝေသော ပိုစတာများ၊ လက်ကမ်းစာစောင်များ၊ ဝေဖန် အကြံပြုစာအိတ်နှင့် စီမံကိန်းလက်စွဲအကျဉ်းတို့ကို တိုင်းရင်းသားဘာသာ ၁၇ မျိုးဖြင့် ဘာသာပြန်ဆို ဖြန့်ဝေဆောင်ရွက်ထားပါသည်။
သဘာဝဘေးအန္တရာယ်နှင့် အရေးပေါ်ကိစ္စရပ်များ
ကျေးရွာဖွံ့ဖြိုးရေးစီမံချက်တွင် သဘာဝဘေး အန္တရာယ်ဆိုင်ရာ ကိစ္စရပ်များအား ကြိုတင်စဉ်းစား ထည့်သွင်းရေးဆွဲထားပြီး သဘာဝဘေးအန္တရာယ် ဆိုင်ရာသင်တန်းများ၊ အသိပညာပေးခြင်းများ ဆောင်ရွက်ပါသည်။ သဘာဝဘေးအန္တရာယ် ကြုံတွေ့ရချိန်တွင် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ခြင်းနှင့် စီမံကိန်းမြို့နယ်များတွင် သဘာဝဘေး ကြောင့် ပျက်စီးဆုံးရှုံးခြင်းများရှိခဲ့ပါက ထိုပျက်စီး မှုအတွက် ရန်ပုံငွေထောက်ပံ့ပေးပါသည်။ လက်ရှိ အချိန်အထိ စီမံကိန်း မြို့နယ် ၃၀ တွင် သဘာဝဘေး ကြောင့်ပျက်စီးဆုံးရှုံးခဲ့သည့် လုပ်ငန်းခွဲ ၂၉၄ ခု အတွက် ရန်ပုံငွေကျပ် ၁၁၁၂ ဒသမ ၁၃ သန်း ထောက်ပံ့ပေးနိုင်ခဲ့ပါသည်။
စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှု
စီမံကိန်းဆိုင်ရာ အချက်အလက်များအရ (၃၀-၁၁-၂၀၂၁)ရက်နေ့အထိ စီမံကိန်းမြို့နယ်ပေါင်း ၆၃ မြို့နယ်၊ အကျိုးပြုလူဦးရေ ၇ ဒသမ ၅၄၁ သန်း၊ စီမံကိန်းလုပ်ငန်းခွဲပေါင်း ၃၇၈၂၅ ခု၊ အမျိုးသမီး ပါဝင်မှု ၅၁ ဒသမ ၅၆ ရာခိုင်နှုန်း၊ ကျေးရွာဖွံ့ဖြိုးရေး အစီအစဉ်ရေးဆွဲရာတွင် ကျေးရွာလူထု ပူးပေါင်း ပါဝင်မှု ၆၁ ဒသမ ၈၄ ရာခိုင်နှုန်း၊ စီမံကိန်းအပေါ် ကျေးရွာလူထု၏ကျေနပ်မှု ၉၄ ဒသမ ၀၁ ရာခိုင်နှုန်း၊ ဝေဖန်အကြံပြုဖြေရှင်းမှု ၁၀၀ ရာခိုင်နှုန်း၊ လူထု လုပ်အားခပေးချေနိုင်မှု ၅၃ ဒသမ ၈၉ ဘီလီယံနှင့် လုပ်သားအလုပ်လုပ်ရက် ၈ ဒသမ ၆၆ သန်းအတွက် အကျိုးဖြစ်ထွန်းစေခဲ့ပါသည်။
၂၀၂၁ ခုနှစ် နိုဝင်ဘာလအထိ လူထုဗဟိုပြုစီမံ ကိန်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှုမှာ လုပ်ငန်းခွဲစုစုပေါင်း ၃၇၈၂၅ ခုတွင် လမ်းတံတား ၂၀၆၅၂ ခု၊ ရေပေးရေး ၄၃၁၀ ခု၊ မီးလင်းရေး ၃၃၄၆ ခု၊ ပညာရေးအဆောက်အအုံ ၅၂၀၆၊ ကျန်းမာရေး အဆောက်အအုံ ၁၄၈ ခု၊ ကျေးရွာအဆောက်အအုံ ၂၆၃၂ ခု၊ စာကြည့်တိုက်နှင့်ဈေး ၁၈၈ ခုနှင့် ကျန်းမာ သန့်ရှင်းရေးနှင့် အခြားလုပ်ငန်းပေါင်း ၁၃၄၃ ခု တို့ကို ဆောင်ရွက်နိုင်ခဲ့ပါသည်။
၂၀၁၃ ခုနှစ်မှ ၂၀၂၁ ခုနှစ် စက်တင်ဘာလအထိ လူထုဗဟိုပြုစီမံကိန်း စွမ်းဆောင်ရည် သင်တန်းများ ကို ပြည်ထောင်စုအဆင့်တွင် ၁၇၄ ကြိမ်၊ မြို့နယ် အဆင့်တွင် ၁၈၅၇ ကြိမ်နှင့် ကျေးရွာအဆင့်တွင် ၃၃၉၃၅ ကြိမ်၊ သင်တန်းအကြိမ်ရေပေါင်း ၃၅၉၆၆ ကြိမ်တို့ကို စွမ်းဆောင်ရည်မြှင့်တင်ပေး နိုင်ရေး ဆောင်ရွက်နိုင်ခဲ့ပါသည်။
ရန်ပုံငွေသုံးစွဲမှု
လူထုဗဟိုပြုစီမံကိန်းစတင်ချိန်မှ ၃၁-၁၀-၂၀၂၁ ရက်အထိ ချေးငွေ/ ထောက်ပံ့ငွေအလိုက် ရန်ပုံငွေသုံးစွဲမှုမှာ ကမ္ဘာ့ဘဏ် ထောက်ပံ့ငွေမှ အမေရိကန်ဒေါ်လာ ၂၆၆ ဒသမ ၉ သန်း၊ ကမ္ဘာ့ ဘဏ်ချေးငွေမှ အမေရိကန်ဒေါ်လာ ၇၄ သန်း၊ အီတလီအစိုးရထောက်ပံ့ငွေမှ အမေရိကန်ဒေါ်လာ ၃ ဒသမ ၁ သန်း၊ အီတလီအစိုးရချေးငွေမှ ယူရို ၁၅ ဒသမ ၁ သန်း၊ DFID ထောက်ပံ့ငွေမှ အမေရိ ကန်ဒေါ်လာ သုံးသန်း၊ မြန်မာနိုင်ငံအစိုးရ၏ ထောက်ပံ့ငွေကျပ် ၂၈၁၇၃ ဒသမ ၉ သန်းရှိပြီး စုစုပေါင်း အမေရိကန်ဒေါ်လာ ၃၄၇ သန်း၊ ယူရို ၁၅ ဒသမ ၁ သန်းနှင့် မြန်မာနိုင်ငံအစိုးရ ထောက်ပံ့ ငွေကျပ် ၂၈၁၇၃ ဒသမ ၉ သန်းတို့ဖြင့် စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါသည်။ စီမံ ကိန်းမှ ဆောင်ရွက်ခဲ့သည့် စီမံကိန်းလုပ်ငန်းခွဲပေါင်း ၃၇၈၂၅ ခု အပေါ်တွင် ကျေးရွာပြည်သူလူထု ထည့်ဝင်ငွေ (Community Contribution)မှာ ငွေကျပ် ၂၁၁၀၅ သန်း ရှိပါသည်။
စီမံကိန်း အကျိုးရလဒ်များ
ကျေးရွာလူထုအနေဖြင့် လူမှုစီးပွားဘဝများ တိုးတက်ကောင်းမွန်လာမည့်အပြင် အလုပ်အကိုင် အခွင့်အလမ်းများလည်း ရရှိလာခြင်း၊ စီမံကိန်း အကောင်အထည်ဖော်ရာတွင် တန်းတူ စုပေါင်း ပါဝင်ခွင့်ရရှိခြင်း၊ လူတန်းစားမရွေး၊ ဘာသာမရွေး၊ ကျား/မ မရွေး ပါဝင်ဆောင်ရွက်ခွင့်ရရှိခြင်း၊ ကိုယ်တိုင်ဆုံးဖြတ်နိုင်စွမ်းရှိလာခြင်း၊ ပူးပေါင်း ဆောင်ရွက်တတ်လာခြင်း၊ တာဝန်ယူသည့် အလေ့ အထများ တိုးပွားလာခြင်း၊ ပွင့်လင်းမြင်သာမှုရှိစွာ ဆောင်ရွက်တတ်လာခြင်း၊ အစိုးရဌာနများနှင့် ပူးပေါင်းဆောင်ရွက်တတ်လာခြင်း၊ အတွေ့အကြုံ နှင့် နည်းပညာများ ပိုမိုသိရှိလာခြင်း စသည့်အကျိုး ကျေးဇူးများရရှိနိုင်မည် ဖြစ်ပါသည်။
နည်းပညာစစ်ဆေးခြင်းနှင့် စာရင်းစစ်ဆေးခြင်း
နှစ်စဉ် စာရင်းစစ်ဆေးခြင်းကို ဌာနတွင်း စစ်ဆေးခြင်းနှင့် စာရင်းစစ်ချုပ်ရုံးမှ စစ်ဆေးခြင်းတို့ ဆောင်ရွက်ပြီး တွေ့ရှိချက်များကို ကမ္ဘာ့ဘဏ်သို့ ပေးပို့ရပါသည်။ လူထုဗဟိုပြုစီမံကိန်း (CDD) Website တွင်လည်း ပွင့်လင်းမြင်သာမှုရှိစွာ တင်ပြ ရပါသည်။ နည်းပညာစစ်ဆေးခြင်းကို Internal QC အပြင် တတိယအဖွဲ့အစည်းမှ ပြင်ပပညာရှင်များ ငှားရမ်းပြီး ဌာနမှ စီမံကိန်းတွင်မပါဝင်သော အင်ဂျင် နီယာများဖြင့် စုဖွဲ့စစ်ဆေးအစီရင်ခံရပါသည်။ လိုအပ်ချက်များကို နှစ်စဉ်ပြုပြင် ဆောင်ရွက်ပါ သည်။
နှစ်စဉ်သုံးသပ်ခြင်း
ဘဏ္ဍာရေးနှစ်အလိုက် စီမံကိန်းတစ်ခုလုံး၏ ဆောင်ရွက်ချက်များကို နှစ်စဉ်မြို့နယ်အဆင့်မှ ပြည်ထောင်စုအဆင့်အထိ သုံးသပ်ပွဲများ၊ Forum များ ကျင်းပပြုလုပ်ပြီး အားနည်းချက်/ အားသာ ချက်များ ဖော်ထုတ်ပါသည်။ ပြုပြင်ရန်ရှိသည်များကို ပြင်ဆင်ရေးဆွဲပြီး ဆောင်ရွက်ပါသည်။ ဆုပေး စနစ်များလည်းလုပ်ပါသည်။ ဆုရကျေးရွာများကို ဒုတိယသမ္မတနှင့် ပြည်ထောင်စုဝန်ကြီးများ ကိုယ်တိုင်ဆုပေးဆောင်ရွက်ခဲ့ပါသည်။ နှစ်စဉ် သုံးသပ်ခြင်းသည် ကောင်းမွန်သော လုပ်ငန်းစဉ် ဖြစ်ပါသည်။
လူထုအခြေပြုဖွံ့ဖြိုးရေး၏အနှစ်သာရ(သို့)ဒီမိုကရေစီ၏ အခြေခံအုတ်မြစ်
ဒေသ၏လိုအပ်ချက်များကို ဒေသခံပြည်သူများ ကိုယ်တိုင်ဖော်ထုတ်၊ စီမံချက်ရေးဆွဲ၊ ကိုယ်တိုင် အကောင်အထည်ဖော်၊ ကိုယ်တိုင်ကြီးကြပ်/ စိစစ် အကဲဖြတ်ခြင်း၊ ကိုယ်တိုင်တာဝန်ယူ တာဝန်ခံခြင်း၊ ကိုယ်တိုင်စီမံခန့်ခွဲပိုင်ခွင့်ပြုခြင်းဖြင့် စဉ်ဆက် မပြတ်ဖွံ့ဖြိုးမှုကို ဖော်ဆောင်ခြင်းမှာ စီမံကိန်း၏ အနှစ်သာရ ဖြစ်ပါသည်။ ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနမှဆောင်ရွက်သော လူထုအခြေ ပြု ကျေးလက်ဖွံ့ဖြိုးရေး ချဉ်းကပ်မှုနည်းလမ်းသည် လူထု၏ အသိပညာ(Capacity)နှင့် စွမ်းရည် (Capability)တို့ကို မြှင့်တင်ပေး၍ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို ပြည်သူများကိုယ်တိုင် ဆောင်ရွက် နိုင်အောင် လေ့ကျင့်သင်ကြားပေးခြင်း၊ ပြည်သူများ အား ပါဝင်ခွင့်နှင့် ဆုံးဖြတ်ခွင့် အခွင့်အလမ်းပေးထား ခြင်းဖြစ်ပါသည်။ အကောင်အထည်ဖော် ဆောင် ရွက်ရာမှာလည်း တာဝန်ယူမှု/ တာဝန်ခံမှုအပြည့်ဖြင့် ပွင့်လင်းမြင်သာစွာဆောင်ရွက်ခြင်း၊ လူထု၏ ဆန်းစစ်ခံနိုင်ခြင်း၊ လူမှုနှင့်သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိအောင် စီမံဆောင်ရွက်ခြင်း၊ ကျား/မ တန်းတူညီမျှမှုရှိစေရေး လေ့ကျင့်ပေးခြင်း၊ လူနည်းစုများကို မချန်ထားဘဲ အကျိုးရှိစေခြင်း ဖြစ်ပါသည်။ တစ်နည်းဆိုသော် လူထုအခြေပြုစီမံ ကိန်းများသည် ဖွံ့ဖြိုးရေးမှသည် ဒီမိုကရေစီစနစ်၏ အခြေခံအုတ်မြစ်များကို တည်ဆောက်ပေးနေခြင်း ဖြစ်ပါကြောင်း တင်ပြလိုက်ရပါသည်။ ။
- Log in to post comments