ဒုတိယဝန်ကြီး ဦးဝင်းဖေ ရှမ်းပြည်နယ်(တောင်ပိုင်း)နှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ လမ်း၊ တံတား ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်မှုလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

 

နေပြည်တော်   ဒီဇင်ဘာ   ၂၂


ဆောက်လုပ်ရေးဝန်ကြီးဌာန     ဒုတိယဝန်ကြီး ဦးဝင်းဖေ သည် တာဝန်ရှိသူများနှင့်အတူ ဒီဇင်ဘာ ၂၁ ရက် နံနက်ပိုင်းတွင် ရှမ်းပြည်နယ်(တောင်ပိုင်း)  တောင်ကြီးမြို့ လမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံး၌ ပြည်နယ်အတွင်းရှိ အဆောက်အဦ၊ လမ်း၊ တံတား၊ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနနှင့်  ကျေးလက် လမ်း     ဖွံ့ဖြိုးရေးဦးစီးဌာနတို့မှ    ဝန်ထမ်းများနှင့် တွေ့ဆုံသည်။

 


တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက ဆောက်လုပ်ရေး ဝန်ကြီးဌာနအနေဖြင့် အဓိက လမ်းပန်းဆက်သွယ် ရေးနှင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေး အတွက် တာဝန်ယူဆောင်ရွက်ရသည့်ဌာန ဖြစ်ပါ ကြောင်း၊ ဦးစီးဌာနများအနေဖြင့် မိမိတို့တာဝန်ယူ ဆောင်ရွက်ရသော    လုပ်ငန်းများအား   သတ်မှတ် စံချိန်စံညွှန်းနှင့်အညီ    အရည်အသွေးပြည့်မီရေး အလေးထားဆောင်ရွက်ရန် လိုပါကြောင်း၊ ပြည်သူ များ သွားလာရေး လွယ်ကူအဆင်ပြေစေရေးအတွက် မိမိပြည်နယ်အတွင်းရှိ လမ်း၊ တံတားများ တိုးတက် ကောင်းမွန်အောင် အလေးထားဆောင်ရွက်ပေးရန် လိုပါကြောင်း၊    လုပ်ငန်းများ     အောင်မြင်အောင် ဆောင်ရွက်နိုင်ရေးအတွက် မိမိကျရာတာဝန်များကို ကျေပွန်စွာဖြင့်    စေတနာထား     ဆောင်ရွက်ရန် မှာကြားသည်။ 

 


ထို့နောက် ပြည်နယ် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ရဲမှူးချုပ် တင်ကိုကို က ပြည်နယ်အတွင်း လုပ်ငန်းဆောင်ရွက်မှုများနှင့် ပတ်သက်၍ လိုအပ် သည့် လုံခြုံရေးကိစ္စများကို ရှင်းလင်းပြောကြားပြီး လမ်းဦးစီးဌာန၊ အဆောက်အဦဦးစီးဌာနနှင့် တံတား ဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြား ရေးမှူးချုပ်များနှင့် အင်ဂျင်နီယာချုပ်တို့က သက်ဆိုင် ရာ ဦးစီးဌာနအလိုက် ဝန်ထမ်းရေးရာကိစ္စရပ်များနှင့် ပတ်သက်၍   လိုအပ်သည်များကို   ရှင်းလင်းတင်ပြ ကြသည်။ 

 


ယင်းနောက်       ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် အေးသာယာ - ညောင်ရွှေ - မိုင်းသောက် - နမ့်ပန်-တုံဟုံး - ပင်လောင်းလမ်းကို       လည်းကောင်း၊ အေးသာယာ - ညောင်ရွှေ - မိုင်းသောက် - နမ့်ပန်-တုံဟုံး - ပင်လောင်းလမ်းမှတစ်ဆင့်  အောင်ပန်း-ပင်မှီ-နန်းရုတ်-အင်းတိန်လမ်း ဆောင်ရွက်ထားရှိမှု အခြေအနေကိုလည်းကောင်း   လမ်းတစ်လျှောက် ကြည့်ရှုစစ်ဆေးသည်။

 


ဆက်လက်၍     ဒုတိယဝန်ကြီးနှင့်အဖွဲ့သည်  အောင်ပန်း-ပင်မှီ-လယ်ကြားပေါ်ရှိ  တံတားဦးစီးဌာန၊ တည်ဆောက်ရေးအဖွဲ့(၃)၊ တံတားအထူးအဖွဲ့(၁၂) က တာဝန်ယူတည်ဆောက်နေသော တံတားအမှတ် (၁/၅) ကုန်းနီတံတားလုပ်ငန်းခွင်အတွင်း တံတား ကမ်းကပ်ခုံလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေ အနေတို့ကို ကြည့်ရှုစစ်ဆေးသည် ။

 


ယင်းနောက်      ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မိတ္ထီလာ-တောင်ကြီး-ကျိုင်းတုံ-တာချီလိတ် လမ်း အတိုင်း  ပြန်လည်ထွက်ခွာခဲ့ရာ  မိတ္ထီလာမြို့တွင်းရှိ မိတ္ထီလာကန်ကူးတံတားသို့   ရောက်ရှိပြီး  တံတား လက်ရန်းများ ဆေးသုတ်ခြင်းလုပ်ငန်းများ ဆောင်ရွက် ထားရှိမှု    အခြေအနေတို့ကို      ကြည့်ရှုစစ်ဆေး သည်။

 


ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မိတ္ထီလာ မြို့ရှိ  လမ်းဦးစီးဌာန  ဧည့်ရိပ်သာသို့  ရောက်ရှိပြီး B.O.T စနစ်ဖြင့် ဆောင်ရွက်နေသော ကုမ္ပဏီငါးခုမှ တာဝန်ရှိသူများနှင့်   တွေ့ဆုံပြီး   ရန်ကုန်-မန္တလေး လမ်းမကြီး၊  မိတ္ထီလာ-သာစည်-တောင်ကြီးလမ်း၊ မိတ္ထီလာ-မလှိုင်-မြင်းခြံလမ်းနှင့် မိတ္ထီလာ-ကျောက် ပန်းတောင်းလမ်းတို့အား မြို့တွင်းလမ်းအပိုင်းတွင် လမ်းပေါ် ဖြတ်သန်းသွားလာသော ယာဉ်များအား လွယ်ကူရှင်းလင်းစွာ  ဖြတ်သန်းသွားလာနိုင်သော လမ်းအလယ်မျဉ်း Road Line များအား အမြန်ဆုံး ရေးဆွဲရန်နှင့်     လမ်းဘေးဝဲယာ   ချုံနွယ်များအား ရှင်းလင်းဖယ်ရှားပေးရန် မှာကြားခဲ့ကြောင်း သိရ သည်။                        

သတင်းစဉ်