ဟင်းသီးဟင်းရွက်ဆီ (Vegetable Oil, Cooking Oil) နှင့် စပ်လျဉ်း၍ ကုန်အညွှန်းအမှတ်အသား ဖော်ပြရာတွင် စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရန် ညွှန်ကြားချက်

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန
ညွှန်ကြားချက်အမှတ်   ၁  / ၂၀၂၁
၁၃၈၃ခုနှစ်၊ နတ်တော်လပြည့်ကျော်    ၄   ရက်
( ၂၀၂၁ ခုနှစ်၊  ဒီဇင်ဘာလ   ၂၂  ရက် )


စီးပွားရေးနှင့်     ကူးသန်းရောင်းဝယ်ရေး   ဝန်ကြီးဌာနသည် စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၉။) ပုဒ်မ ၈၃ ပုဒ်မခွဲ (ခ) အရအပ်နှင်းထားသော လုပ်ပိုင် ခွင့်ကို ကျင့်သုံး၍ ဤညွှန်ကြားချက်ကို ထုတ်ပြန်လိုက်သည်။

 


ဟင်းသီးဟင်းရွက်ဆီ (Vegetable Oil, Cooking Oil) နှင့် စပ်လျဉ်း၍ ကုန်အညွှန်းအမှတ်အသား ဖော်ပြရာတွင် စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရန် ညွှန်ကြားချက်


၁။    စားသုံးသူကာကွယ်ရေးဥပဒေ     ပုဒ်မ   ၁      ပုဒ်မခွဲ (ခ) အရ ဤဥပဒေ၏   အခန်း (၁၈) ပါ   ကုန်အညွှန်းအမှတ်အသားဆိုင်ရာ ပြဋ္ဌာန်းချက်များသည် ဥပဒေပြဋ္ဌာန်းပြီး တစ်နှစ်ပြည့်မြောက်ပြီးသည့် နေ့ရက်ဖြစ်သော   ၂၀၂၀ ပြည့်နှစ်၊  မတ်လ  ၁၆  ရက်နေ့မှစတင်၍ အာဏာတည်ပြီး ဖြစ်သည်။

 


၂။    ကုန်အညွှန်းအမှတ်အသားဆိုင်ရာ    ပြဋ္ဌာန်းချက်များနှင့် စပ်လျဉ်း၍ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် လိုက်နာဆောင်ရွက် ရာတွင်  အခက်အခဲမရှိစေရန်  မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင်သည် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၃ ရက်စွဲပါ ညွှန်ကြားချက် အမှတ် ၂/၂၀၁၉ ဖြင့် “ကုန်စည်များတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ဖော်ပြရာ၌ “စီးပွားရေးလုပ်ငန်းရှင်များ” လိုက်နာ ဆောင်ရွက်ရန် ညွှန်ကြားချက်”ကို ကုန်စည်အုပ်စုအလိုက် မြန်မာ ဘာသာဖြင့်   ကုန်အညွှန်းအမှတ်အသားဖော်ပြရမည့်   အသေးစိတ် စိစစ်ချက်နှင့်တကွ  ထုတ်ပြန်ပေးခဲ့ပါသည်။  ယင်းညွှန်ကြားချက်၏ အသေးစိတ် စိစစ်ချက်ပါ ကုန်စည် အုပ်စု ၈ ခုအနက် အစားအသောက် ကုန်စည်အုပ်စုတွင်   ပါဝင်သည့်   စားသုံးဆီအမျိုးမျိုးနှင့်စပ်လျဉ်း၍ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းတို့ကို    မဖြစ်မနေဖော်ပြရန်    လိုအပ် ကြောင်း သတ်မှတ်ထုတ်ပြန်ပြီးဖြစ်ပါသည်။

 

၃။    ယခုအခါ ဈေးကွက်အတွင်းစားသုံးဆီများအနက် အချို့သော စားသုံးဆီများကို ဟင်းသီးဟင်းရွက်ဆီ (Vegetable Oil, Cooking Oil) ဟူ၍   ဖော်ပြပြီး   ထုတ်လုပ်ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း စိစစ်တွေ့ရှိရပါသည်။ အဆိုပါ “ဟင်းသီးဟင်းရွက်ဆီ(Vegetable Oil, Cooking Oil)” ဟူသည့် ဖော်ပြချက်သည် ကုန်အညွှန်းအမှတ် အသား ဖော်ပြခြင်းဆိုင်ရာ ပြဋ္ဌာန်းချက်များအရ ကုန်စည်တစ်ခုခု၏ အမျိုးအမည်မဟုတ်သည့်အပြင် ပင်ရင်းပါဝင်ပစ္စည်းကို အခြေခံဖော်ပြ ထားခြင်းမရှိသော     ယေဘုယျဆန်သည့်   အမျိုးအမည်တစ်ခုသာ ဖြစ်သည်။

 

၄။    သို့ဖြစ်ပါ၍   စားသုံးသူများ   ထင်ယောင်ထင်မှားမဖြစ်စေရေး နှင့်  အခြေခံလိုအပ်ချက်အပေါ်တွင်  စိတ်ကျေနပ်မှုရှိစေရေးအတွက် သက်ဆိုင်ရာစီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချသည့် ဟင်းသီးဟင်းရွက်ဆီ (Vegetable Oil, Cook-ing Oil)   အမျိုးအစားနှင့်စပ်လျဉ်း၍   ကုန်အညွှန်းအမှတ်အသား ဖော်ပြရာတွင် -
    

(က)    ပင်ရင်းပါဝင်ပစ္စည်းကို    အခြေခံသော   ကုန်စည်၏ အမျိုးအမည်ကို တိကျစွာ မြန်မာဘာသာဖြင့် ဖော်ပြ ရမည်။ (ဥပမာ - ဟင်းသီးဟင်းရွက်ဆီ (စားအုန်းဆီ)၊ ဟင်းသီးဟင်းရွက်ဆီ (အဆင့်မြင့်စားအုန်းဆီ))
  

 ( ခ )    ကုန်စည်၏ အသားတင်ပမာဏနှင့် အရွယ်အစား တို့အား  မြန်မာ့အလေးချိန်ယူနစ်ဖြစ်သော  ပိဿာ၊ ကျပ်သားတို့ကို   မြန်မာဘာသာဖြင့်   ဖော်ပြရမည်။ (ပိဿာ၊ ကျပ်သား)

 

၅။    ဤညွှန်ကြားချက်သည် စတင်ထုတ်ပြန်ပြီး ၆ လ ပြည့်မြောက် ပြီးသည့် နေ့ရက်မှစတင် အာဏာသက်ရောက်မည်ဖြစ်ပြီး စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဤညွှန်ကြားချက် အပိုဒ် ၄ ကို လိုက်နာမှု မရှိပါက  စားသုံးသူကာကွယ်ရေးဥပဒေအရ အရေးယူဆောင်ရွက် သွားမည်ဖြစ်သည်။

                                       (ပုံ) 
                                                      ဒေါက်တာပွင့်ဆန်း
                                                     ပြည်ထောင်စုဝန်ကြီး