မြန်မာနိုင်ငံမှ အိန္ဒိယနိုင်ငံသို့ နောင်ဘဏ္ဍာနှစ်ငါးနှစ်အတွင်း နှစ်စဉ် မတ်ပဲတန်ချိန် ၂ ဒသမ ၅ သိန်းနှင့် ပဲစင်းငုံတန်ချိန် တစ်သိန်းတို့ကို ပုဂ္ဂလိကကုန်သွယ်မှုမှတစ်ဆင့် တင်ပို့မည်

 

နေပြည်တော်   ဒီဇင်ဘာ  ၁၆


ပဲမျိုးစုံတင်ပို့မှုဆိုင်ရာ  ပေါင်းစပ်ညှိနှိုင်းရေး  အထူး လုပ်ငန်းအဖွဲ့၏ ညှိနှိုင်းအစည်းအဝေးသို့ ယနေ့နံနက် ၁၀ နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန  အစည်းအဝေးခန်းမ၌ ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ကျင်းပရာ အမြဲတမ်းအတွင်းဝန် ဦးမင်းမင်း တက်ရောက်အမှာစကား ပြောကြားသည်။

 


အစည်းအဝေး၌  ၂၀၂၁ ခုနှစ် ဇွန် ၁၈ ရက်တွင် မြန်မာနှင့် အိန္ဒိယနိုင်ငံအစိုးရများအကြား လက်မှတ် ရေးထိုးခဲ့သည့် မတ်ပဲနှင့်ပဲစင်းငုံ ကုန်သွယ်မှုပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာအရ မြန်မာနိုင်ငံမှ အိန္ဒိယနိုင်ငံသို့ မတ်ပဲနှင့် ပဲစင်းငုံ တင်ပို့ သည့် ကိစ္စနှင့်ပတ်သက်၍ အဓိကထား ဆွေးနွေး ခဲ့ကြပြီး အဆိုပါနားလည်မှုစာချွန်လွှာအရ မြန်မာ နိုင်ငံမှ နှစ်စဉ် မတ်ပဲတန်ချိန် ၂ ဒသမ ၅ သိန်းနှင့် ပဲစင်းငုံတန်ချိန် တစ်သိန်းတို့ကို ပုဂ္ဂလိကကုန်သွယ်မှု မှတစ်ဆင့်   နောင်ဘဏ္ဍာနှစ်  ငါးနှစ်၊  ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်မှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် (ဧပြီလမှ မတ်လ)အတွင်း  အိန္ဒိယနိုင်ငံသို့  တင်ပို့သွားရမည် ဖြစ်သည်။

 


အိန္ဒိယနိုင်ငံသို့ G to G MoU အရ ပဲတင်ပို့မှု လွယ်ကူလျင်မြန်စေရေးနှင့် စနစ်တကျတင်ပို့နိုင်ရေး ဆိုင်ရာ  ကြီးကြပ်မှုလုပ်ငန်းအဖွဲ့  ဖွဲ့စည်းပြီးဖြစ်ရာ MoU အရ နှစ်နိုင်ငံ Joint Monitoring Committee အစည်းအဝေးမကျင်းပမီ   နှစ်ဖက်ကြိုတင်ညှိနှိုင်း အစည်းအဝေးတစ်ခုကို      ၂၀၂၂     ခုနှစ်  ဒီဇင်ဘာလ ကုန်ပိုင်းအတွင်း ကျင်းပသွားရန်  အိန္ဒိယဘက်နှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိပြီး ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာ နှစ်သည် မြန်မာ့ပဲမျိုးစုံ တင်ပို့မှုသမိုင်းတွင် အမြင့်ဆုံး ဖြင့်  တန်ချိန်နှစ်သန်းကျော်၊ တန်ဖိုးအမေရိကန် ဒေါ်လာ ၁ ဒသမ ၅၇ ဘီလီယံရရှိခဲ့သဖြင့် ယင်းအခြေ အနေကို   စဉ်ဆက်မပြတ်တင်ပို့နိုင်ရန်    Product Diversification   နှင့်   Market  Diversification ဆောင်ရွက်ရေး  ညှိနှိုင်းဆွေးနွေးမှုများ ဆောင်ရွက် ခဲ့ကြပြီး   ညွှန်ကြားရေးမှူးချုပ်များ၊  သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ   တာဝန်ရှိသူများ၊   မြန်မာနိုင်ငံ ပဲမျိုးစုံနှင့်     နှမ်းကုန်သည်များအသင်းဥက္ကဋ္ဌနှင့်  အသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ ကျွမ်းကျင်သူ များ၊  ပဲစိုက်ပျိုးသူများ  တက်ရောက်ခဲ့ကြကြောင်း သိရသည်။  


သတင်းစဉ်