
မြစ်ကြီးနား ဒီဇင်ဘာ ၁၆
ကချင်ပြည်နယ် ပူတာအိုမြို့တွင် ၂၀၁၉-၂၀၂၀ ခု ဘဏ္ဍာနှစ် ပြည်ထောင်စုအမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ရန်ပုံငွေ ဖြင့် ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဆောက်လုပ်ပြီးစီးခဲ့သော ရဝမ်ယဉ်ကျေးမှုပြတိုက် ဖွင့်ပွဲကျင်းပရေးအတွက် ဒီဇင်ဘာ ၁၅ ရက် ညနေ ၄ နာရီတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပသည်။
ညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က မြန်မာပြည်မြောက်ဖျားပိုင်းတွင် ရှိသည့် ရဝမ်တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အမွေအနှစ်များကို လက်ဆင့်ကမ်း ထိန်းသိမ်းပြီး ပြသနိုင်သည့် ရဝမ်ယဉ်ကျေးမှုပြတိုက်ကို ခမ်းခမ်း နားနား၊ အနှစ်သာရပြည့်ဝစွာဖြင့် ဖွင့်ပွဲပြုလုပ် ကျင်းပရမည်ဖြစ်ကြောင်း၊ မိမိတို့အစိုးရအဖွဲ့အနေဖြင့် လိုအပ်သည့် ကူညီထောက်ပံ့မှုများအပြင် ဖွင့်ပွဲ ကျင်းပရေးအတွက် ကော်မတီတစ်ရပ်ဖွဲ့စည်းပြီး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် ဖွင့်ပွဲ ကျင်းပနိုင်ရေး လိုအပ်သည့် အစီအမံများကို ပွင့်ပွင့် လင်းလင်း တင်ပြဆွေးနွေးပေးစေလိုကြောင်း တိုက်တွန်းပြောကြားသည်။
ထို့နောက် ပွဲတော်ကျင်းပရေး စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ ဦးအင်ဖုန်တန်၊ အဖွဲ့ဝင် ဒူဝါရယ် ဒမ်းတန်နှင့် တာဝန်ရှိသူများက ဖွင့်ပွဲကျင်းပရေး အတွက် စီမံခန့်ခွဲမှုကော်မတီမှ ဆောင်ရွက်သွား မည့် အစီအစဉ်များ၊ ရန်ပုံငွေရရှိရေး ဆောင်ရွက် လျက်ရှိသည့် အစီအမံများကို တင်ပြဆွေးနွေးကြရာ ဖွင့်ပွဲကျင်းပရေးအတွက် ပြတိုက်တည်ဆောက် ထားသည့် ရဝမ်ရိုးရာမနောကွင်းအတွင်း ပြုပြင် တည်ဆောက်ရေးဆိုင်ရာကိစ္စရပ်များ၊ ရန်ပုံငွေရရှိရေး အတွက် ကော်မတီဖွဲ့စည်းဆောင်ရွက်သွားရေးနှင့် အစိုးရအဖွဲ့မှ ကော်မတီများတွင် ပေါင်းစပ်ပါဝင် ဆောင်ရွက်သွားမည့် ကိစ္စရပ်များ၊ ပြည်ထောင်စု အဆင့်များအား ဖိတ်ကြားသွားမည့် အစီအစဉ်များ နှင့်ပတ်သက်၍ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိ သူများနှင့်အတူ ညှိနှိုင်းဆွေးနွေးကြသည်။
ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်
ဆွေးနွေးမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ရဝမ်တိုင်းရင်းသားများအပြင် အခြားတိုင်းရင်းသားရိုးရာယဉ်ကျေးမှု အဖွဲ့အစည်းများနှင့် ပူးပေါင်း ချိတ်ဆက်ဆောင်ရွက်နိုင်ရေး၊ ရိုးရာဓလေ့ထုံးစံနှင့် အညီ အနှစ်သာရရှိစွာ ကျင်းပနိုင်ရေးနှင့် ကိုဗစ်-၁၉ ကာကွယ်ရေး စည်းမျဉ်းစည်းကမ်းများနှင့်အညီ ပြုလုပ်ကျင်းပနိုင်ရေးနှင့် အုပ်ချုပ်ရေးပိုင်း တာဝန်ရှိ သူများ၊ တိုင်းရင်းသားစာပေနှင့်ယဉ် ကျေးမှုအဖွဲ့ များနှင့် ချိတ်ဆက်ပူးပေါင်း ဆောင်ရွက်နိုင်ရေး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကြောင်း သိရ သည်။
ပြည်နယ်(ပြန်/ဆက်)