
ရန်ကုန် ဒီဇင်ဘာ ၁၅
ကျေးလက်ဒေသတို့တွင် တိရစ္ဆာန်ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းသည် တိရစ္ဆာန်ကျန်းမာရေး လုပ်သားတို့အပေါ်၌ မှီတည်လျက်ရှိပြီး ယင်းတို့၏ စွမ်းအားကို အပြည့်အဝအသုံးချနိုင်ရန် တိရစ္ဆာန် ကျန်းမာရေးလုပ်သားစနစ်ကို ထူထောင်၍ Technical and Vocational Education & Training (TVET)ကို အခြေခံသောသင်တန်းများ ပို့ချသွားရန် လိုအပ်လာကြောင်း ဒီဇင်ဘာ ၁၅ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ အင်းစိန်မြို့နယ် မွေးမြူရေးဆိုင်ရာ သုတေသနနှင့် ဖွံ့ဖြိုးရေးဗဟိုဌာနခန်းမ၌ ကျင်းပ သော တိရစ္ဆာန်ကျန်းမာရေးလုပ်သား(CAHW) သင်တန်းဆင်း အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသ ကြီး မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူး က ပြောကြားသည်။
တိရစ္ဆာန်ကျန်းမာရေးလုပ်သား (CAHW)သင်တန်းဆင်းပွဲသို့ ရန်ကုန်မြောက်ပိုင်းခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်ရေးမှူး ဦးသန့်ဇင်၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာတိုးမင်းထွန်းနှင့် မွေးမြူ ရေးဆိုင်ရာ သုတေသနနှင့် ဖွံ့ဖြိုးရေးဗဟိုဌာနမှ တာဝန်ရှိသူများ၊ အင်းစိန်မြို့နယ် အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနမှ အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
တိရစ္ဆာန်ကျန်းမာရေးလုပ်သားကဏ္ဍ ပိုမို တိုးတက်လာစေရန် မွေးမြူရေးနှင့် ကုသရေးဦးစီး ဌာနအနေဖြင့် ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် လယ်ယာ စိုက်ပျိုးရေးအဖွဲ့(FAO)နှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိပြီး ရန်ကုန်၊ မန္တလေး၊ ဧရာဝတီ၊ ပဲခူး၊ မကွေး၊ ရခိုင်၊ မွန်၊ ရှမ်းနှင့် ချင်း စသည့် တိုင်းဒေသကြီးနှင့် ပြည်နယ် ကိုးခုတွင် မြို့နယ်ပေါင်း ၃၂ မြို့နယ်မှ တိရစ္ဆာန် ကျန်းမာရေးလုပ်သား ၂၉၂ ဦး၏ တိရစ္ဆာန်ကျန်းမာရေး ဝန်ဆောင်မှုစစ်တမ်းကို ကောက်ယူနိုင်ခဲ့သည်။
မြန်မာနိုင်ငံ တိရစ္ဆာန်ဆေးပညာကောင်စီ၊ မြန်မာနိုင်ငံ တိရစ္ဆာန်ဆရာဝန်များအသင်း၊ မွေးမြူရေး ဆိုင်ရာ ဆေးတက္ကသိုလ်၊ မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနတို့မှ ဦးဆောင်မဏ္ဍိုင်အဖွဲ့ကို ၂၀၁၇ ခုနှစ် ဧပြီလတွင် ဖွဲ့စည်းခဲ့ပြီး ကျန်းမာရေးလုပ်သား ဆိုင်ရာမူဝါဒကို ချမှတ်ခဲ့သည်။ မူဝါဒနှင့်အညီ တိရစ္ဆာန်ကျန်းမာရေး လုပ်သားသင်တန်းများကို FAO-LIFT စီမံကိန်းမြို့နယ်များတွင် သင်တန်းများ ဖွင့်လှစ်ခဲ့ရာ ယနေ့တွင် သုံးခွမြို့နယ်၊ သန်လျင်မြို့နယ်၊ တိုက်ကြီးမြို့နယ်၊ မှော်ဘီမြို့နယ်နှင့် ထန်းတပင် မြို့နယ်တို့မှ တက်ရောက်သော သင်တန်းသား ၄၂ ဦးနှင့် မြို့နယ်တို့တွင် အောင်မြင်စွာ သင်တန်းပို့ချနိုင် ခဲ့သော သင်တန်းဆရာ ဆရာမ ၁၁ ဦးကိုလည်း တိရစ္ဆာန်ကျန်းမာရေးလုပ်သား ဆရာဖြစ်သင်တန်း ဆင်းလက်မှတ်ကို တစ်ပါတည်း ပေးအပ်သည်။
“တိရစ္ဆာန်ကျန်းမာရေးလုပ်သား သင်တန်း ကာလက ငါးလကြာမြင့်ပါတယ်။ လက်တွေ့နဲ့ စာတွေ့ ပေါင်းစပ်သင်ကြားပေးတဲ့သင်တန်းပါ။ ယခုလို သင်တန်းမျိုးဟာ နိုင်ငံတော်အတွက် အထောက်အပံ့ ဖြစ်သလို ကူးစက်ရောဂါဖြစ်ပွားခဲ့ရင် မြန်ဆန်စွာ သိရှိဆောင်ရွက်နိုင်တဲ့ အကျိုးကျေးဇူးကိုလည်း ရရှိပါတယ်။ ဒီသင်တန်းမှာ အသေးစားခွဲစိတ်မှု၊ ဆေးယဉ်ပါးမှုပြဿနာနဲ့ ကူးစက်ရောဂါထိန်းချုပ်ရေး အပါအဝင် ဘာသာရပ် ၁၁ မျိုးကို သင်ကြားပေးပါ တယ်။ တစ်နိုင်ငံလုံးမှာ ဆက်ပြီးသင်တန်းဖွင့်လှစ်သွားဖို့လည်းရှိပါတယ်။ ကျွန်တော်တို့ဌာနအနေနဲ့ တိရစ္ဆာန်ကျန်းမာရေး ဝန်ဆောင်မှုလုပ်ငန်းကို ကျေးရွာအရောက် ဝန်ဆောင်မှုပေးတဲ့အခါမှာ အထောက်အကူပြုနိုင်တဲ့ လုပ်သားတွေကို ဆက်လက် လေ့ကျင့်သင်ကြားပေးသွားမှာပါ။ ရန်ကုန်တိုင်းဒေသ ကြီးမှာ တိရစ္ဆာန်ကျန်းမာရေးလုပ်သား ၁၄၈ ဦးရှိပါ တယ်”ဟု ရန်ကုန်တိုင်းဒေသကြီး မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာ တိုးမင်းထွန်းက ပြောကြားသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာန၏ ရည်မှန်းချက်ဖြစ်သော စားနပ်ရိက္ခာဖူလုံစေ ရန်နှင့် ကျေးလက်နေပြည်သူတို့၏ လူမှုစီးပွားဘဝ မြင့်မားလာစေရန်၊ နိုင်ငံတော်စီးပွားဖွံ့ဖြိုးတိုးတက် မှုတွင် အထောက်အကူပြုစေရန် မွေးမြူရေးဆိုင်ရာ မူဝါဒ ခုနစ်ချက်နှင့် အသားကဏ္ဍဆိုင်ရာမူဝါဒ လေးချက် ချမှတ်ထားပြီး တိရစ္ဆာန်ကျန်းမာရေး စောင့်ရှောက်မှု၊ မျိုးဗီဇများထိန်းသိမ်းခြင်းနှင့် မျိုးမြှင့်တင်ခြင်း၊ မွေးမြူရေးဆိုင်ရာအသိပညာပေးခြင်း၊ လူ့စွမ်းအားအရင်းအမြစ်များ ထူထောင်ခြင်း၊ ဓာတ်ခွဲခန်းများ အဆင့်မြှင့်တင်ခြင်းနှင့် သုတေသန လုပ်ငန်း လုပ်ဆောင်ခြင်း စသည့် လုပ်ငန်းစဉ် ၂၀ ချက်ကို အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိရာ အရည်အချင်းပြည့်ဝသော တိရစ္ဆာန်ကျန်းမာရေး လုပ်သားများ ဆက်လက်မွေးထုတ်ရာ၌ ကျန်းမာရေး လုပ်သားကဏ္ဍကို စနစ်တကျထူထောင်၍ Technical and Vocational Education & Training (TVET)စနစ် ကို အခြေခံပြီး ပို့ချသွားရန် လိုအပ်လာကြောင်း သိရ သည်။
သတင်းစဉ်