
ကျန်းမာရေးဝန်ကြီးဌာနသည် ပြည်သူလူထုအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ခြင်းလုပ်ငန်းတစ်ရပ် အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုး လုပ်ငန်းကို မြို့ပေါ်ဒေသများတွင်သာမက ဝေးလံ ခက်ခဲသော ကျေးလက်များအထိ သွားရောက်ကာ ကာကွယ်ဆေးလွှမ်းခြုံမှု မြင့်မားစေပြီး ရောဂါ ဖြစ်ပွားမှုအား တားဆီးနိုင်ရန် ဆောင်ရွက်လျက် ရှိပါသည်။
ကျန်းမာရေးဝန်ကြီးဌာန၏ ကျန်းမာရေး ဝန်ထမ်းများသည် ကာကွယ်ဆေးထိုးလုပ်ငန်း အောင်မြင်စေရန်အတွက် တိုင်းဒေသကြီး/ ပြည်နယ်/ ခရိုင်/ မြို့နယ်/ ကျေးရွာအထိ ကြိုးပမ်းဆောင်ရွက် လျက်ရှိရာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၏ပံ့ပိုးမှုဖြင့် (၁၄-၁၂-၂၀၂၁) ရက် နေ့တွင် ရှမ်းပြည်နယ် ကွတ်ခိုင်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး နှင့်အဖွဲ့ ဦးဆောင်ပြီး ကွတ်ခိုင်မြို့နယ် ကုသရေးဦးစီး ဌာနမှူး ဒေါက်တာဝင့်ဝင့်မြိုင်နှင့် သားဖွားဆရာမ သုံးဦး၊ ယာဉ်မောင်း တစ်ဦးပါဝင်သော အဖွဲ့သည် ကွတ်ခိုင်မြို့နယ် မုံးစီးကျေးရွာသို့ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရန် သွားရောက်ခဲ့ပါသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးလုပ်ငန်း များ ဆောင်ရွက်ပြီးစီး၍ ကွတ်ခိုင်မြို့သို့ ပြန်လာရာ လမ်းတွင် အကြမ်းဖက်သမားများမှ ယုတ်မာရိုင်းစိုင်း စွာ လက်နက်များဖြင့် ပစ်ခတ်လုပ်ကြံမှုကြောင့် (၁၄-၁၂-၂၀၂၁) ရက်နေ့ ည ၇ နာရီခန့်တွင် ဒေါက်တာဝင့်ဝင့်မြိုင်သည် အသက်သေဆုံးခဲ့ရ ပါသည်။ ဒေါက်တာဝင့်ဝင့်မြိုင်သည် ထူးချွန်သော မြို့နယ်ကုသရေးဦးစီးဌာနမှူးတစ်ဦးဖြစ်ပြီး (၂၀၁၇) ခုနှစ်၊ (၂၀၁၈)ခုနှစ်နှင့် (၂၀၁၉)ခုနှစ်အတွက် တိုင်းဒေသကြီး/ ပြည်နယ်အလိုက် စံပြမြို့နယ် ဆေးရုံများ ရွေးချယ်ရာတွင် ရှမ်းပြည်နယ် (မြောက်ပိုင်း)အတွက် စံပြမြို့နယ်ဆေးရုံဆုကို သုံးနှစ်ဆက်တိုက်ရရှိအောင် ဆောင်ရွက်ခဲ့သူဖြစ်ပါ ကြောင်း၊ (၂၀၂၁)ခုနှစ် မတ်လအတွင်း ဆေးရုံလုပ်ငန်း များ ဆက်လက်ထမ်းဆောင်ခဲ့သည့် ဆေးရုံများအား ဂုဏ်ပြုချီးမြှင့်ရာတွင်လည်း ပါဝင်ခဲ့ပြီး (၂၀၂၁)ခုနှစ် အတွင်း ဆေးရုံလုပ်ငန်းများနှင့် မြို့နယ်ပြည်သူ့ ကျန်းမာရေးလုပ်ငန်းများကို အဆက်မပြတ် ခေါင်းဆောင်ကာ အကောင်အထည်ဖော် ဆောင်ရွက် ခဲ့သည့် ချီးကျူးဂုဏ်ပြုထိုက်သော မြို့နယ်ကုသရေး ဦးစီးဌာနမှူးတစ်ဦး ဖြစ်ပါသည်။
ထိုသို့ လူမဆန်သော အကြမ်းဖက်သမားတို့၏ ယုတ်မာရိုင်းစိုင်းမှုကြောင့် တိုင်းရင်းသားပြည်သူ လူထုအတွက် ကျန်းမာရေးစောင့်ရှောက်မှုနှင့် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်နှိမ်နင်းရေးကို စွမ်းစွမ်းတမံ ဆောင်ရွက်ပေးနေသည့် နိုင်ငံ့ဝန်ထမ်း လုပ်သက် (၂၁)နှစ်ရှိ ကျန်းမာရေးဆိုင်ရာ ပြည်သူ့ ဝန်ထမ်းကောင်းတစ်ဦးအား ဆုံးရှုံးရခြင်းအပေါ် ကျန်းမာရေးဝန်ကြီးဌာနမှ မိသားစုနှင့်အတူ ထပ်တူဝမ်းနည်းရပါကြောင်းနှင့် ထိုသို့ယုတ်မာ ရိုင်းစိုင်း၍ လူမဆန်စွာဖြင့် ကျန်းမာရေးဝန်ထမ်း တစ်ဦးကို လုပ်ကြံသတ်ဖြတ်ခဲ့သည့် အကြမ်းဖက် သမားများအား ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ပြင်းထန်စွာ ပြစ်တင်ရှုတ်ချကြောင်း သတင်း ထုတ်ပြန်အပ်ပါသည်။