
နေပြည်တော် ဒီဇင်ဘာ ၁၄
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်းသည် ယနေ့ မွန်းလွဲ ၁ နာရီတွင် အိန္ဒိယနိုင်ငံ စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် Confederation of Indian Industry (CII) တို့ ကြီးမှူးကျင်းပသည့် Partnership Summit 2021၏ Special Ministerial Plenary Session သို့ Virtual စနစ်ဖြင့် တက်ရောက်အမှာစကားပြောကြားသည်။
စီးပွားရေးချိတ်ဆက်
ဆောင်ရွက်မှု အခွင့်အလမ်းများ
ပြည်ထောင်စုဝန်ကြီးက ယနေ့ကျင်းပသည့် အခမ်းအနား၏ ရည်ရွယ်ချက်ဖြစ်သော “Partnering for Building a New World: Growth, Competitive-ness, Sustainability, Technology” သည် လက်ရှိ ကာလ ကမ္ဘာ့အသိုင်းအဝိုင်း၏ အခြေအနေကို ထင်ဟပ်နေပြီး ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ နည်းပညာနှင့် အခြားအရေးကြီးကဏ္ဍများပါ လွှမ်းခြုံပါဝင်နေသဖြင့် မိတ်ဖက်စီးပွားရေးအသိုင်း အဝိုင်းများအကြား ပိုမိုခိုင်မာသော ပူးပေါင်း ဆောင်ရွက်မှုများနှင့် စီးပွားရေးချိတ်ဆက် ဆောင်ရွက်မှု အခွင့်အလမ်းများကို ရရှိလာနိုင်မည်ဟု ယုံကြည်ကြောင်း။
ကိုဗစ်-၁၉ ကပ်ရောဂါ ကာလအတွင်း ဖွံ့ဖြိုးဆဲ နိုင်ငံများတွင် ဈေးကွက်ယှဉ်ပြိုင်မှုနှင့် တီထွင် ဆန်းသစ်မှုများအတွက် စီးပွားရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများ ဆောင်ရွက်ရာတွင် စိန်ခေါ်မှု အခက်အခဲများ ကြုံတွေ့နေရသဖြင့် ကုန်စည် ထုတ်လုပ်မှု ကွင်းဆက်များ ခေတ်မီဒစ်ဂျစ်တယ် နည်းပညာအသုံးပြုပြီး အဆင်ပြေချောမွေ့အောင်ဆောင်ရွက်နိုင်စေရန်အတွက် ယင်းကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးအတွက် အထူးအလေးထားဆောင်ရွက် သွားကြရန် လိုအပ်ပါကြောင်းနှင့် ပုဂ္ဂလိက ကဏ္ဍ၏ပါဝင်မှုကို မြှင့်တင်ပြီး ကိုဗစ်- ၁၉ ကြောင့် ကြုံတွေ့နေရသည့် အခက်အခဲများနှင့် အတားအဆီး များကို ကျော်လွှား နိုင်ရန်နှင့် ခိုင်မာအားကောင်းသော စီးပွားရေး ပြန်လည်ကုစားနိုင်ရေးတို့အတွက် ပိုမို ပူးပေါင်းဆောင်ရွက်သွားကြရန် တိုက်တွန်း ပြောကြားလိုကြောင်း။
စီးပွားရေးလုပ်ငန်းများ တိုးချဲ့
ထို့ပြင် မြန်မာနိုင်ငံသည် လယ်ယာစိုက်ပျိုးရေးကို အခြေခံသည့် နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ယင်းကဏ္ဍတွင် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်ရန် အခွင့်အလမ်းကောင်းများ ရှိသကဲ့သို့ ရေထွက်ပစ္စည်း၊ စွမ်းအင်၊ ခရီးသွားလုပ်ငန်း၊ အခြေခံအဆောက်အဦနှင့် နည်းပညာကဏ္ဍများမှာလည်း အလားအလာရှိ သည့် ကဏ္ဍများဖြစ်သဖြင့် ယနေ့အခမ်းအနားသို့ တက်ရောက်လာသည့် စီးပွားရေးလုပ်ငန်းရှင်များ မြန်မာနိုင်ငံသို့လာရောက်ပြီး စီးပွားရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်သွားရန် ဖိတ်ခေါ်ကြောင်း ပြောကြားသည်။
အမှာ စကားပြောကြား
အဆိုပါ အခမ်းအနားတွင် အိန္ဒိယ၊ ဘူတန်၊ ကမ္ဘောဒီးယား၊ အီတလီ၊ မော်လ်ဒိုက်၊ Mauritius ၊ သီရိလင်္ကာနိုင်ငံတို့မှ စီးပွားရေးဝန်ကြီးများနှင့် အိန္ဒိယကုန်သည်ကြီးများအသင်း ဥက္ကဋ္ဌတို့က အမှာ စကားပြောကြားခဲ့ပြီး အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများမှ အကြီးအကဲများ၊ နိုင်ငံတကာ စီးပွားရေးလုပ်ငန်းရှင်များ၊ နိုင်ငံပေါင်း ၈၀ ကျော်မှ ကိုယ်စားလှယ်များက Online နှင့် Physical တို့ဖြင့် တက်ရောက် ဆွေးနွေးခဲ့ကြသည်။
အခမ်းအနားသို့ မြန်မာနိုင်ငံဘက်မှ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူ များက Virtual စနစ်ဖြင့် ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။ သတင်းစဉ်