ဆူဇူကီးပြိုင်ပွဲ ယနေ့ဆက်လက်  ကျင်းပမည်ဖြစ်ပြီး  မြန်မာနှင့် တီမော၊ ဖိလစ်ပိုင်နှင့် စင်ကာပူတွေ့ဆုံ


 

 

ရန်ကုန်  ဒီဇင်ဘာ   ၇    

    ၂၀၂၀ အာဆီယံဆူဇူကီးဖလားပြိုင်ပွဲ အုပ်စု (က) ဒုတိယနေ့ကို ဒီဇင်ဘာ ၈ ရက် (ယနေ့)တွင် စင်ကာပူနိုင်ငံ၌ ဆက်လက်ကျင်းပမည်ဖြစ်ပြီး မြန်မာနှင့် တီမော၊ ဖိလစ်ပိုင်နှင့် အိမ်ရှင်စင်ကာပူအသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
အုပ်စု(က) ဒုတိယနေ့အဖြစ် ယနေ့ မြန်မာစံတော်ချိန် ညနေ ၄ နာရီတွင် မြန်မာ အသင်းနှင့် တီမောအသင်း၊ မြန်မာစံတော်ချိန် ည ၇ နာရီတွင် ဖိလစ်ပိုင်အသင်းနှင့် အိမ်ရှင် စင်ကာပူအသင်းတို့ ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ အုပ်စုပထမပွဲတွင် အရေးနိမ့်ထားသည့် မြန်မာအသင်းအတွက် ယခုပွဲမှာ အရေးပါနေပြီး နိုင်ပွဲရယူနိုင်မှသာ နောက်တစ်ဆင့် တက်ရောက်ခွင့်အတွက် ဆက်လက်မျှော်လင့်နိုင်မည်ဖြစ်သည်။ မြန်မာအသင်းတွင် ဒဏ်ရာရထားသူများရှိနေသဖြင့် ယခုပွဲတွင်လည်း လူစုံပါဝင်နိုင်မည်မဟုတ်ဘဲ ကျန်ရှိသည့် ကစားသမားများဖြင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။ မြန်မာနှင့် တီမောပွဲမှ အနိုင်ရသည့်အသင်းမှာ နောက်တစ်ဆင့်တက်ရောက်ခွင့်အတွက် ဆက်လက်မျှော်လင့်နိုင်မည်ဖြစ်သည်။ မြန်မာ အသင်းကို သုံးဂိုးပြတ်အနိုင်ရထားသည့် အိမ်ရှင်စင်ကာပူအသင်းသည် ဖိလစ်ပိုင်အသင်းနှင့် ဆက်လက်ကစားရမည်ဖြစ်ပြီး အနိုင်ရပါက နောက်တစ်ဆင့်တက်ရန် အခွင့်အရေးများသွား မည်ဖြစ်သည်။ အုပ်စု (က) တွင် ထိုင်းနှင့် စင်ကာပူအသင်းက သုံးမှတ်စီရထားပြီး မြန်မာ နှင့် တီမောအသင်းမှာမူ အမှတ်မရသေးဘဲ ဖိလစ်ပိုင်အသင်းမှာမူ ယနေ့မှသာ ပထမဆုံးပွဲ ကစားရမည်ဖြစ်သည်။                                    ရဲရင့်လွင်