
ပရီမီယာလိဂ်ပွဲစဉ် (၁၅)၏ နောက်ဆုံးပွဲစဉ်အဖြစ် ဘင်နီ တက်ဇ်၏ အဲဗာတန်အသင်းနှင့် အာတီတာ၏ အာဆင်နယ် အသင်းတို့ပွဲစဉ်ကို ဒီဇင်ဘာ ၇ ရက် နံနက်ပိုင်းက အဲဗာတန် အိမ်ကွင်းဖြစ်သည့် ဂွတ်ဒီဆင် ပတ်ခ်၌ အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ရာ အဲဗာတန် အသင်းက ဂရေး၏ နောက်ကျဂိုး နှင့်အတူ နှစ်ဂိုး- တစ်ဂိုးဖြင့် အာဆင်နယ်အသင်းကို အနိုင်ရ ရှိခဲ့သည်။
အဲဗာတန်အသင်းသည် ယခု အနိုင်ပွဲကြောင့် နောက်ဆုံး ယှဉ်ပြိုင်ကစားခဲ့သည့် ပြိုင်ပွဲစုံ ရှစ်ပွဲဆက် နိုင်ပွဲပျောက်ဆုံးမှုကို အဆုံး သတ်နိုင်ခဲ့သည်။ ယခုပွဲစဉ်မတိုင်မီ အဲဗာတန်အသင်းသည် မန်စီးတီး၊ ဘရန့်ဖို့ဒ်၊ လီဗာပူးအသင်း စသည့်အသင်းများကို သုံးပွဲဆက်ရှုံးနိမ့်ထား သည်။ ပြိုင်ဘက် အာဆင်နယ်အသင်းက ယခုပွဲစဉ်ရှုံးနိမ့်မှုကြောင့် နောက်ဆုံးလေးပွဲတွင် နယူးကာဆယ်အသင်းကိုသာလျှင် နိုင်ပွဲရရှိထား ပြီး ရှုံးပွဲသုံးပွဲအထိ ရှိလာပြီဖြစ်သည်။
ပွဲချိန် ၄၄ မိနစ်နှင့် ၅၈ မိနစ်တွင် ရရှိခဲ့သော ရစ်ချတ်လီဆန်၏ သွင်းဂိုးများကို ဗွီအေအာရ်က ပယ်ဖျက်ခဲ့သောကြောင့် အဲဗာတန်အသင်း နစ်နာခဲ့ရသည်။ ဦးဆောင်ဂိုးကို ပထမပိုင်းပွဲချိန်ပြီးခါနီးတွင် တီယာနေ ၏ ဖန်တီးမှုမှ အိုဒီဂတ်က သွင်းယူပေးနိုင်ခဲ့သည်။
ဒုတိယပိုင်းတွင် အာဆင်နယ်အသင်း၏ ကစားဟန် ပုံမှန်အောက် ရောက်ရှိခဲ့ပြီး အဲဗာတန်အသင်းက ကစားကွက် အသာ၊ ခြေအသာဖြင့် ဖိအားပေးကစားနိုင်ခဲ့သည်။ သို့သော်လည်း ပွဲချိန် ၇၉ မိနစ်ကျော်သည် အထိ အာဆင်နယ်အသင်းဘက်သို့ ချေပဂိုးသွင်းယူနိုင်ခြင်း မရှိခဲ့ချေ။ မိနစ် ၈၀ တွင် အဲဗာတန်အသင်း ချေပဂိုးရရှိခဲ့ပြီး ယခုပွဲစဉ်တွင် ခြေစွမ်း ပြသထားနိုင်သည့် ရစ်ချတ်လီဆန်ကပင် သွင်းယူပေးနိုင်ခဲ့သည်။ အဲဗာတန်အသင်းအတွက် အနိုင်သေချာစေမည့် သွင်းဂိုးကို ဒုတိယပိုင်း ပွဲချိန်ပြည့်ခါနီးတွင် ဂိုမက်စ်၏ ဖန်တီးမှုမှ ဂရေးက သွင်းယူပေးနိုင်ခဲ့ သည်။ ထို့နောက် တစ်ဖက်နှင့်တစ်ဖက် ထပ်မံဂိုးသွင်းယူနိုင်ခြင်း မရှိ သောကြောင့် အဲဗာတန်က နှစ်ဂိုး- တစ်ဂိုးဖြင့် အနိုင်ရရှိသည်။
အဲဗာတန်အသင်းသည် ယခု အနိုင်ပွဲကြောင့် ပွဲစဉ် (၁၅) အပြီး ရမှတ် ၁၈ မှတ်ဖြင့် အဆင့် (၁၂) နေရာအထိ တက်လှမ်းလာနိုင်ခဲ့ပြီး ပြိုင်ဘက် အာဆင်နယ်အသင်းက ရမှတ် ၂၃ မှတ်ဖြင့် အဆင့်(၇)နေရာ တွင် ဆက်လက်ရပ်တည်နေသည်။ လာမည့်ပွဲစဉ်အဖြစ် အဲဗာတန် အသင်းသည် ဒီဇင်ဘာ ၁၂ ရက်၌ ခရစ္စတယ်ပဲလေ့စ်အသင်းနှင့် ကစားရမည်ဖြစ်ပြီး အာဆင်နယ်အသင်းက ဒီဇင်ဘာ ၁၁ ရက်တွင် ဆောက်သမ်တန်အသင်းနှင့် ကစားရမည်ဖြစ်သည်။ အောင်ဇော်