
မန္တလေး ဒီဇင်ဘာ ၅
မန္တလေးမြို့ ဝါးလုပ်ငန်းများကထုတ်လုပ်သော မြန်မာ့ဒေါင်းလန်းနှင့် တီထွင်ဖန်တီးထားသည့် အာလိန်မီးအိမ် များကို ပြည်တွင်းဈေးကွက်အတွင်း လူကြိုက်များလျက်ရှိသည်ဟု ဘိုးသိကြားမင်း အနုပညာလုပ်ငန်းမှ သိရသည်။
မြန်မာ့ရိုးရာ ဒေါင်းလန်းနှင့် အာလိန်မီးအိမ် ဒီဇိုင်းအသစ်များ ကို ကိုယ်ပိုင်ဒီဇိုင်းဖြင့် တီထွင် ထုတ်လုပ်ထားခြင်းဖြစ်ပြီး ကမ္ဘာ့ ဈေးကွက်အတွင်း မရှိသေးသော ကိုယ်ပိုင်တီထွင်ဆန်းသစ် ဖန်တီး မှုဖြစ်သောကြောင့် ပြည်တွင်း ဈေးကွက်အတွင်း လူကြိုက် များလာခြင်း ဖြစ်သည်ဟု ဘိုးသိကြားမင်း အနုပညာ လုပ်ငန်းမှ ဝါးလက်မှုပညာရှင် ဦးဝင်းမော်ငြိမ်းက ပြောသည်။
အဆိုပါ အာလိန်မီးအိမ်များကို ယခင်က မျက်နှာကြက်တွင် ချိတ်ဆွဲသည့်ဒီဇိုင်းများ တီထွင် ခဲ့ပြီး ယခုအခါ လတ်တလောတွင် မှာယူမှုပေါ်မူတည်ပြီး ချိတ်ဆွဲနိုင် သည့် ပုံစံအမျိုးမျိုးကိုတီထွင် ဖန်တီးထုတ်လုပ်ပေးလျက် ရှိသည် ဟု သိရသည်။
အဆိုပါ အာလိန်မီးအိမ်ဒီဇိုင်း များမှာ ကမ္ဘာ့ဝါးပစ္စည်းဈေးကွက် တွင် မရှိသေးသောကြောင့် လူကြိုက်များလာခြင်းဖြစ်သည်ဟုသိရသည်။
အာလိန်မီးအိမ် ဈေးနှုန်းများ မှာ ပြုလုပ်ချက်နှင့် လက်ရာ သေသပ်မှု အရည်အသွေးတို့ပေါ် မူတည်ပြီး ဈေးနှုန်းကွာခြား သည်ဟု သိရသည်။
မြန်မာ့လက်မှု ဝါးပစ္စည်း ထုတ်ကုန်များဖြစ်သည့် အဆင့်မြင့် ဝါးအလှကုန်ပစ္စည်းလေးများကို နိုင်ငံတကာဈေးကွက် ရရှိရန်နှင့် ပြည်တွင်း ဝါးဈေးကွက်ပေါ် မူတည်ပြီး အလုပ်အကိုင်အခွင့် အလမ်းများရရှိရန် ရည်မှန်းချက် ထားဆောင်ရွက်သွားမည် ဖြစ် သည်ဟု သိရသည်။
ထို့ပြင် မြန်မာ့ဝါးလက်မှု ပညာကဏ္ဍကို မြန်မာတစ်နိုင်ငံလုံး ရှိ ဝါးလောက ကဏ္ဍမိတ်ဆွေများ နှင့်ပူးပေါင်းကာ ဖော်ထုတ် မြှင့်တင်မည်ဖြစ်ပြီး မြန်မာ့ရိုးရာ ဝါးလက်မှုပညာ ရိုးရာမှတ်တမ်း များ စုံလင်သော ပြတိုက်ကြီး ဖြစ်ရန် ရည်မှန်းချက်ထား ကြိုးစား လျက်ရှိသည်ဟု သိရသည်။
နိုင်ငံတကာက မြန်မာ့ဝါး လက်မှုပညာများကို လက်ခံလာ အောင် နိုင်ငံတကာ နည်းစနစ်များ နှင့်အညီ နိုင်ငံတကာက လေးစား ရသည့်နည်းစနစ်များ၊ ဒီဇိုင်းသစ် များ၊ ပုံစံသစ်များကို နေ့စဉ် သုတေသနပြု ထုတ်လုပ်လျက် ရှိနေသည်ဟု ၎င်းက ပြောသည်။
ပြည်တွင်း ဈေးကွက်တွင် ဒေါင်းလန်းများနှင့် အာလိန် မီးအိမ်မျိုးစုံတို့ကို ဟိုတယ်နှင့် စားသောက်ဆိုင်လုပ်ငန်းရှင်များ၊ အိမ်တွင်းအလှဆင်လုပ်ငန်းများမှ အကြို အော်ဒါမှာယူမှုများ ရှိနေ ကြောင်း သိရသည်။
အိမွန်ဆွေ