
နေပြည်တော် နိုဝင်ဘာ ၂၉
ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရွှေလေးသည် နိုဝင်ဘာ ၂၈ ရက်တွင် ရန်ကုန်တိုင်း ဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဆောင်ရွက်သော တိုက်ကြီးမြို့နယ်အတွင်း အရှည် နှစ်မိုင် တာဂွ - ဂုံညင်းတန်း - ရှောက်ပင်ကပ် - ကုလားစု - ဗမာစု လမ်းကွန်ကရစ်ခင်းပြီးစီးမှုကို ကြည့်ရှုစစ်ဆေးသည်။
ထိုသို့စစ်ဆေးစဉ် လမ်းစခန်းယာယီရှင်းလင်း ဆောင်တွင် ညွှန်ကြားရေးမှူး ဦးသက်ဇော်က Top Royal Star Trading ကုမ္ပဏီမှ လုပ်ငန်းဆောင်ရွက် ထားရှိမှုကို ရှင်းလင်းတင်ပြရာ ကျေးလက်လမ်းဖွံ့ဖြိုး ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝဏ္ဏဇော်က ဖြည့်စွက်ရှင်းလင်းတင်ပြသည်။
တင်ပြချက်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စု ဝန်ကြီးက ကွန်ကရစ်အရည်အသွေးကောင်းမွန် သကဲ့သို့ လမ်းတစ်လျှောက်လုံးရှိ လမ်းပခုံးများ ကောင်းမွန်ရေးဆောင်ရွက်ရန်၊ မှော်ဘီမြို့နယ်နှင့် ဆက်စပ်သည့် ကွန်ကရစ်လမ်းဆုံးနေရာရှိ ရထား လမ်းကျော်အပိုင်းကို ဒေသခံပြည်သူများ သွားလာ ရေး လွယ်ကူအဆင်ပြေစေရန် မြန်မာ့မီးရထားမှ ခွင့်ပြုပေးနိုင်သည့် အမာခံလမ်းအဆင့် ဆက်လက် ဆောင်ရွက်ပေးရန် တာဝန်ရှိသူများကို မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့အား ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု) မှ ညွှန်ကြား ရေးမှူး ဦးခိုင်ဇော်ဝင်းက လှိုင်မြစ် - လှော်ကား ရေအားဖြည့်စီမံကိန်းလုပ်ငန်းဆောင်ရွက်မှု၊ စီမံကိန်း တွင် ဆောက်လုပ်ရေးဝန်ကြီးဌာန လမ်းဦးစီးဌာနပိုင် မှော်ဘီမြို့တွင်းလမ်းအောက်မှ ရေပိုက်လိုင်း သွယ်တန်းမှုတို့ကို ရှင်းလင်းတင်ပြသည်။
တင်ပြချက်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စု ဝန်ကြီးက လှိုင်မြစ် - လှော်ကားရေအားဖြည့်စီမံကိန်း လုပ်ငန်းများနှင့် ပတ်သက်၍ သိရှိလိုသည်များ မေးမြန်းပြီး ကားလမ်းအောက်မြှုပ်နှံရမည့် ရေပိုက် လိုင်းကို တစ်ကြိမ်တည်းဖြင့် ရေရှည်တည်တံ့ခိုင်မြဲ အောင် ဆောင်ရွက်ရန် တာဝန်ရှိသူများကို မှာကြား ပြီး ရေတွန်းပို့ကန် တည်ဆောက်ရေးလုပ်ငန်းခွင် အတွင်း လှည့်လည်ကြည့်ရှုသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန် - ပြည်လမ်းပိုင်း မှော်ဘီမြို့အတွင်းရှိ ဆောက်လုပ်ရေးဝန်ကြီးဌာန လမ်းဦးစီးဌာနပိုင် လမ်းဧရိယာတွင် ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီ အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု)မှ မြေအောက်အနက် ၁၀ ပေတူး၍ ၅ ပေအချင်းရှိ ရေပိုက်လိုင်းသွယ်တန်းထားရှိမှု၊ ရေပိုက်တစ်ခုနှင့် တစ်ခု ချိတ်ဆက်နေမှု၊ ပိုက်မြှုပ်ရန် စက်ယန္တရားဖြင့် ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး ရေပိုက် လိုင်းပေါ်တွင် ပြန်ခင်းသည့် လမ်းဒီဇိုင်းအား ခံနိုင်ဝန် ရှိစေရန် လမ်းသုတေသန ညွှန်ကြားရေးမှူးကိုယ်တိုင် ဦးဆောင်ကွင်းဆင်း၍ စနစ်တကျတွက်ချက်ပြီး နှစ်ဖက်အဖွဲ့များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ရန်၊ အများပြည်သူ ဘေးအန္တရာယ်ကင်းရှင်းစွာ ဆောင်ရွက် နိုင်ရေး B.O.T ကုမ္ပဏီမှလည်း အလေးထား ဆောင်ရွက်ရန် တာဝန်ရှိသူများကို မှာကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်မြောက်ပိုင်းခရိုင် လမ်းဦးစီးဌာနမှ အမှတ် (၄) လမ်းမကြီး ပြုပြင်ထိန်း သိမ်းထားရှိမှုအခြေအနေတို့ကို လမ်းတစ်လျှောက် ကြည့်ရှုစစ်ဆေးသည်။
ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ယနေ့ မွန်းလွဲပိုင်းတွင် ရန်ကုန် - နေပြည်တော် - မန္တလေး အမြန်လမ်းမကြီး (ရန်ကုန် - နေပြည်တော်)အပိုင်း လမ်းဘေး ဝဲ / ယာတွင် သစ်ပင်များ ရှင်သန်ဖြစ်ထွန်း နေမှု၊ ယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက် စက် ယန္တရားများဖြင့် မြေညှိခြင်းနှင့် ချုံနွယ်များ ရှင်းလင်း ထားရှိမှုကို လမ်းတစ်လျှောက် ကြည့်ရှုစစ်ဆေးခဲ့ ကြောင်း သိရသည်။ သတင်းစဉ်