
နေပြည်တော် နိုဝင်ဘာ ၂၄
ဘူမိဥယျာဉ်ဆိုင်ရာ လုပ်ငန်းကော်မတီအစည်းအဝေး (၂/၂၀၂၁)ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော် ရှိ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ရုံး အင်ကြင်းခန်းမ၌ ကျင်းပသည်။
ကမ္ဘာ့အဆင့်ဘူမိဥယျာဉ်
အစည်းအဝေးတွင် ဘူမိဥယျာဉ်ဆိုင်ရာလုပ်ငန်း ကော်မတီဥက္ကဋ္ဌ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းမင်းဦး က မြန်မာနိုင်ငံတွင် ကမ္ဘာ့အဆင့်ဘူမိဥယျာဉ် UNESCO Global Geopark သတ်မှတ်ခံရနိုင်ရေး အတွက် မြန်မာနိုင်ငံဘူမိသိပ္ပံအသင်းမှ စတင်ကြိုးပမ်း အားထုတ်ခဲ့ပြီး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနသို့ အဆိုပြုတင်ပြလာမှု အပေါ် မိမိတို့ဝန်ကြီးဌာနမှ ပူးပေါင်းဆောင်ရွက်ခဲ့ ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ဘူမိဥယျာဉ် သတ်မှတ်ရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ထိရောက်အောင်မြင်စွာ ဆောင်ရွက် နိုင်ရန်အတွက် အထက်အဆင့်ဆင့်သို့ တင်ပြခဲ့ပြီး ပြည်ထောင်စုဝန်ကြီးဦးဆောင်သော အမျိုးသားအဆင့် ဘူမိဥယျာဉ်ဆိုင်ရာကော်မတီနှင့် ဒုတိယဝန်ကြီး ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်သော လုပ်ငန်းကော်မတီ တို့ကို ဖွဲ့စည်းထားပြီးဖြစ်ပါကြောင်း။
ဦးစွာဆောင်ရွက်လျက်ရှိ
ယခင်အစည်းအဝေးများတွင် ဆွေးနွေးဆုံးဖြတ် ခဲ့ကြသည့်အတိုင်း ကမ္ဘာ့အဆင့်ဘူမိဥယျာဉ် သတ်မှတ် ခံရရေးအတွက် အဆိုပြုလွှာတင်သွင်းခြင်း မဆောင်ရွက်မီ အမျိုးသားအဆင့် ဘူမိဥယျာဉ် သတ်မှတ်ရေးကို ဦးစွာဆောင်ရွက်လျက်ရှိပါကြောင်း၊ ကမ္ဘာ့အဆင့်ဘူမိဥယျာဉ် သတ်မှတ်ခံရရေး အလား အလာကောင်းများ ပိုင်ဆိုင်သည့် ပုပ္ပါးဒေသကို အမျိုးသားအဆင့် ဘူမိဥယျာဉ်အဖြစ်သတ်မှတ်နိုင်ရန် ပထမဦးဆုံးလုပ်ငန်းဖြစ်သည့် အဆိုပြုလွှာပြုစုနိုင် ရေးအတွက် “ဘူမိဥယျာဉ်အဆိုပြုလွှာ ပြုစုခြင်း ဆိုင်ရာ နည်းပညာလုပ်ငန်းအဖွဲ့”ကိုလည်း ဖွဲ့စည်းပြီး အဆိုပြုလွှာရေးသားခြင်းကို ဆောင်ရွက်ခဲ့ပါကြောင်း။
ပုပ္ပါးဒေသ အမျိုးသားအဆင့် ဘူမိဥယျာဉ်ကို မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်း မြို့နယ်အတွင်းရှိ ဘူမိနယ်မြေ (Geosite) ၁၅ နေရာ အဆိုပြုသွားမည်ဖြစ်ကြောင်း၊ ဘူမိနယ်မြေ (Geosite)များသည် မြန်မာနိုင်ငံဘူမိသိပ္ပံအသင်း၏ ပညာရှင်များ စနစ်တကျကွင်းဆင်းလေ့လာ ဖော်ထုတ်ပြီး ရွေးချယ်ထားသော နေရာများဖြစ် သည့်အတွက် ဘူမိပညာရပ်အရ အလွန်ထူးခြားသောနေရာများဖြစ်ကြောင်း၊ အခြားတစ်ဖက်တွင်လည်း စိန်ခေါ်မှုများ ရှိနေသည့်အတွက် Geosite များ၏ ဧရိယာ၊ မြေအသုံးချမှု၊ မြေစီမံခန့်ခွဲမှုများကို သေချာလေ့လာပြီး သက်ဆိုင်သောဒေသခံများ၊ ဌာန၊ အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ပြီး ဘူမိဥယျာဉ်သတ်မှတ်ခြင်းအပေါ် သဘောတူညီချက် များရယူ၍ အဆိုပြုလွှာကို အထက်အဆင့်တင်ပြခြင်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ အမျိုးသားအဆင့် နှင့် ကမ္ဘာ့အဆင့်ဘူမိဥယျာဉ်များ သတ်မှတ်ခြင်းမှ တစ်ဆင့် ခရီးသွားလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာ နိုင်ပြီး ဒေသခံများ၏ လူမှုစီးပွားရေးဖွံ့ဖြိုးမှုကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုလာနိုင်မည် ဖြစ်ကြောင်း ပြောကြားသည်။
အစည်းအဝေးသို့ နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များမှ ကိုယ်စား လှယ်များ၊ တာဝန်ရှိသူများ၊ ပါမောက္ခချုပ်များ၊ အထွေထွေအတွင်းရေးမှူး UNESCO အမျိုးသား ကော်မရှင်၊ မြန်မာနိုင်ငံဘူမိဥယျာဉ်ဆိုင်ရာလုပ်ငန်း ကော်မတီဝင်များ၊ ဖိတ်ကြားထားသော ဧည့်သည် တော်များက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက် ကြပြီး အစည်းအဝေးမှတင်ပြချက်များအပေါ် လေ့လာသုံးသပ်ပြီး လိုအပ်ချက်များကို ဖြည့်စွက် ဆွေးနွေးခြင်း၊ အခက်အခဲများအပေါ် ဖြေရှင်း ဆောင်ရွက်နိုင်မည့် နည်းလမ်းများ အကြံပြုခြင်း၊ ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ ချမှတ် နိုင်ရေးတို့အတွက် ဝိုင်းဝန်းအကြံပြု ဆွေးနွေးကြ ကြောင်း သိရသည်။
သတင်းစဉ်