မီဒီယာမှ ကောင်းကျိုးများရရှိနိုင်အောင် ဆောင်ကြဉ်းပေးနိုင်သကဲ့သို့ မီဒီယာမှ ရရှိနိုင်သော ဆိုးကျိုးများကိုလည်း အထိန်းအကွပ်ပြုလုပ်ပေးနိုင်ရန် လိုအပ် Social Media ကို မှန်ကန်စွာ အသုံးပြုနိုင်ရေး ထိန်းကျောင်းနိုင်ရန်လိုအပ်ပြီး ဖောက်ဖျက်ပါက ထိရောက်စွာ ဟန့်တား

နေပြည်တော်   နိုဝင်ဘာ   ၂၄ 
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ သတင်း မီဒီယာကောင်စီဝင်များအား ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံသည့် အခမ်းအနားကို ယနေ့ ညနေ ၆ နာရီခွဲတွင် နေပြည်တော်ရှိ Horizon Lakeview resort ၌ ကျင်းပသည်။
တက်ရောက်
ညစာစားပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ဦးချစ်နိုင်၊ ဦးအောင်နိုင်ဦး၊ ဒေါက်တာ သီတာဦး၊ ဦးကိုကို၊ ဦးလှမိုး၊ ဒေါက်တာသက်ခိုင်ဝင်း၊ ဒေါက်တာ သက်သက်ခိုင်၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ် စိုးတင့်နိုင်၊ ဦးကျော်မျိုးထွဋ်၊ ဦးစန်းလွင်၊ ဦးရဲတင့်၊   ဦးဇော်အေးမောင်နှင့် တာဝန်ရှိ သူများ တက်ရောက်ကြပြီး မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ ဥက္ကဋ္ဌ ဦးအုန်းမောင် (မြင်းမူ မောင်နိုင်မိုး) နှင့် သတင်းမီဒီယာကောင်စီဝင်များ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ဂုဏ်ပြုအမှာစကားပြောကြားရာ၌   ယနေ့ဆိုလျှင် ၂၀၁၄ ခုနှစ်က  စတင်ပြဋ္ဌာန်းလိုက်သည့် သတင်းမီဒီယာဥပဒေနှင့်အညီ စတင်ဖွဲ့စည်း ခဲ့သည့်  မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီသည် တတိယအကြိမ် သက်တမ်းအတွက် ရွေးချယ်ဖွဲ့စည်းနိုင်ခဲ့ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ ရှေ့မှောက်တွင် ကတိသစ္စာ ပြုခဲ့ကြပြီးလည်း ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ ရွေးချယ်ဖွဲ့စည်းအတည်ပြု နိုင်ခဲ့သည့်အတွက်လည်း ဝမ်းမြောက်ဂုဏ်ယူမိပါသည်ဟု ပဏာမဦးစွာ ပြောကြားလိုပါကြောင်း။
ခိုင်ခိုင်မာမာ ပေါ်ထွန်းလာခဲ့
သတင်းမီဒီယာကောင်စီ၏ ဖြစ်စဉ်သမိုင်းကို ပြန်ကြည့်မည်ဆိုလျှင် ၂၀၁၂ ခုနှစ်တွင် မြန်မာနိုင်ငံအမြုတေစာနယ်ဇင်းကောင်စီကို အဖွဲ့ဝင် ၂၀ ဖြင့်  စတင်ဖွဲ့စည်းခဲ့ပါကြောင်း၊ ထို့နောက် မြန်မာနိုင်ငံစာနယ်ဇင်း ကောင်စီ (ယာယီ)ကို ဖွဲ့စည်းနိုင်ခဲ့ပြီး ၂၀၁၅ ခုနှစ်တွင်   မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီကို   ဖွဲ့စည်းနိုင်ခဲ့ပါကြောင်း၊   မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ၏  ဒုတိယအကြိမ်သက်တမ်းကို  ၂၀၁၈ ခုနှစ် တွင် ဖွဲ့စည်းခဲ့ပြီး ကောင်စီ၏ သက်တမ်း သုံးနှစ်ပြည့်သည့်  ယခု ၂၀၂၁ ခုနှစ်တွင်  တတိယအကြိမ် သက်တမ်းအဖြစ် မြန်မာနိုင်ငံသတင်းမီဒီယာ ကောင်စီသည် ခိုင်ခိုင်မာမာ ပေါ်ထွန်းလာခဲ့ပြီဖြစ်ပါကြောင်း။ 
မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီသည်  သတင်းမီဒီယာသမား များ၏ အခွင့်အရေး အပြည့်အဝရရှိရန်နှင့် သတင်းမီဒီယာလွတ်လပ်ခွင့် များကို အကာအကွယ်ပေးရန် ၊ စောင့်ရှောက်ပေးရန် တာဝန်ရှိပါကြောင်း၊  ထိုသို့  မီဒီယာနှင့် မီဒီယာသမားများ၏ အခွင့်အရေးများကို ကာကွယ် စောင့်ရှောက်သကဲ့သို့ တစ်ဖက်ကလည်း သတင်းစားသုံးသူ ပြည်သူ လူထု၏  အကျိုး၊ ပြည်သူ့အကျိုးကိုလည်း ကာကွယ်စောင့်ရှောက်ပေး စေလိုပါကြောင်း၊   မီဒီယာသည်  စတုတ္ထမဏ္ဍိုင်ဖြစ်သည့်အတွက် နိုင်ငံတွင်  အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်ပါကြောင်း၊  ပြည်သူများ အတွက် စတုတ္ထမဏ္ဍိုင်ပီသစွာ ခိုင်ခိုင်မာမာရပ်တည်ပြီး မီဒီယာနှင့် ပြည်သူအကြား   ဘက်လိုက်မှုမရှိဘဲ  ရပ်တည်နိုင်ရေးသည်လည်း အရေးကြီးပါကြောင်း။ 
သတင်းမီဒီယာကောင်စီ၏  လုပ်ငန်းတာဝန်များဖြစ်သည့် သတင်း မီဒီယာကို စောင့်ကြည့်ခြင်းနှင့် အရည်အသွေး မြှင့်တင်ပေးခြင်းဆိုသည့် အတိုင်း မီဒီယာသမားများ၊ သတင်းသမားများ၏ လုပ်ဆောင်နေမှုများကို စောင့်ကြည့်တည့်မတ်ပြီး မီဒီယာလောက စနစ်တကျ ဖွံ့ဖြိုးတိုးတက် စေရန်နှင့် မီဒီယာသမားများကို  ဥပဒေ၊  နည်းဥပဒေ၊  ကျင့်ဝတ် စည်းကမ်းများကို လိုက်နာစေသလို မီဒီယာဆိုင်ရာ ပညာရပ်များကို လည်း သိရှိတတ်မြောက်နေစေရန် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ က ဦးဆောင်ပြီး သင်တန်းများ ဖွင့်လှစ်ဆောင်ရွက်ရန် လိုပါကြောင်း၊  ထို့အတူ သတင်းမီဒီယာဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပပေးပြီး မီဒီယာကျင့်ဝတ်စည်းကမ်း၊ စံနှုန်းများကို သိရှိလေးစား လိုက်နာစေရေး နှင့် ပြည်သူ့အတွက် မှန်ကန်သော သတင်းသမားများ ဖြစ်ပေါ်စေရေး တို့ကို ဆောင်ရွက်ပေးရမည်ဖြစ်ပါကြောင်း။ 
မီဒီယာမှ ကောင်းကျိုးများရရှိနိုင်အောင် ဆောင်ကြဉ်းပေးနိုင် သကဲ့သို့ မီဒီယာမှ ရရှိနိုင်သော ဆိုးကျိုးများကိုလည်း အထိန်းအကွပ် ပြုလုပ်ပေးနိုင်ရန် လိုအပ်ပါကြောင်း၊ Social Media ကို မှန်ကန်စွာ အသုံးပြုနိုင်ရေး ထိန်းကျောင်းနိုင်ရန်လိုအပ်ပြီး ဖောက်ဖျက်ပါကလည်း ထိရောက်စွာ   ဟန့်တားနိုင်မှသာ   တိုင်းပြည်ကို      ကြီးမားသော ဘေးအန္တရာယ် မသက်ရောက်စေနိုင်မည်ဖြစ်ပါကြောင်း။ 
မီဒီယာကဏ္ဍတွင် သတင်းအချက်အလက်မှန်ကန်ရန်  အထူး အရေးကြီးလှပါကြောင်း၊  မီဒီယာနှင့် ပတ်သက်သည့် သိသင့်သိထိုက် သော ပညာရပ်များကို သိရှိနိုင်ရန် အစိုးရ၊ ပြည်သူ၊ သတင်းမီဒီယာ ကောင်စီဝင်များ ပူးပေါင်း၍ မြှင့်တင်ဆောင်ရွက်သွားရန် လိုအပ်ပါ ကြောင်း၊   မီဒီယာနှင့် သတင်းအချက်အလက်ဆိုင်ရာ သိနားလည်မှု (Media and Information Literacy) အသိပညာပေးမှုများ လုပ်ဆောင် ပေးမှသာ ပြည်သူများ မီဒီယာနှင့် သတင်းအချက်အလက်ဆိုင်ရာ အသိပညာများပြည့်ဝလာပြီး သတင်းတု၊ သတင်းမှားများ၏ အန္တရာယ်မှ တားဆီးနိုင်မည်ဖြစ်ပါကြောင်း။ 
အန္တရာယ်ကြီးမားစွာ ဖြစ်စေနိုင်
မီဒီယာများအနေဖြင့် ပြည်သူများ သိရှိလိုသည့် သတင်းအချက် အလက်များကို အချိန်နှင့်တစ်ပြေးညီ တင်ဆက်ပေးနိုင်အောင် ကြိုးစား ရမည် ဖြစ်ပါကြောင်း၊ လက်ရှိအချိန်တွင်  စာအုပ်စာပေဖတ်ရှုမှုနှုန်း အားနည်းလာပြီး Online Media  များတွင် အချိန်ကုန်နေကြသည်ကို  မြင်တွေ့ကြရမည်ဖြစ်ပါကြောင်း၊  Social Media များကို လွဲမှားစွာ အသုံးချပါက အန္တရာယ်ကြီးမားစွာ ဖြစ်စေနိုင်ပါကြောင်း။ 
နိုင်ငံသူ နိုင်ငံသားအားလုံး၏  ရည်မှန်းချက်ဖြစ်သော ခေတ်မီ ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်၊ စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံ ဒီမိုကရေစီစနစ်တို့ကို အောင်မြင်စွာ  တည်ဆောက်နိုင်ရန်  နိုင်ငံသူ နိုင်ငံသားအားလုံး  သိသင့်သိထိုက်သော ဗဟုသုတ အသိပညာများ ရှိနေရန် လိုအပ်ပါကြောင်း၊  ယင်းပညာဗဟုသုတများကို မီဒီယာလုပ်ငန်း ကသာ ပြည်သူတို့ လက်ဝယ်အရောက် ပို့ဆောင်ပေးနိုင်မည်ဖြစ်ပါ ကြောင်း၊ ထိုသို့   ဆောင်ရွက်ရာတွင် သတင်းမီဒီယာသမားများအနေဖြင့် ရပ်တည်ချက်မှန်ကန်ပြီး တရားမျှတခြင်း၊ မှန်ကန်သည်ကို ရဲဝံ့စွာ ပြောဆိုရခြင်း၊ ကိုယ်ကျိုးစွန့်လွှတ်လုပ်ဆောင်ရခြင်းများနှင့် မှန်ကန် ဖြောင့်မတ်စွာ ဥပဒေနှင့်အညီ ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီသည် ဘက်မလိုက်ဘဲ ဒီမိုကရေစီ လမ်းကြောင်းကို တည့်မတ်ပေးမည့်အဖွဲ့အစည်းတစ်ခု ဖြစ်ပါကြောင်း။ 
ပြည်သူများ၏ သတင်းသိရှိပိုင်ခွင့်ကို ဖြည့်ဆည်းပေး
 သတင်းမီဒီယာဥပဒေအရ ပေါ်ပေါက်လာခဲ့သည့်  မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီအနေဖြင့်   ယခုဆိုလျှင်   တတိယအကြိမ် သက်တမ်းကို ရောက်ရှိနေပြီဖြစ်ပါကြောင်း၊  သတင်းမီဒီယာကောင်စီ အနေဖြင့်  သတင်းမီဒီယာသမားများ၏ အခွင့်အရေး တစ်ခုတည်းကိုသာ ကာကွယ်ရန်မဟုတ်ဘဲ ပြည်သူများ၏ သတင်းသိရှိပိုင်ခွင့်ကို ဖြည့် ဆည်းပေးရန်၊ မှန်ကန်တိကျပြီး အရည်အသွေးပြည့်ဝသည့် သတင်း အချက်အလက်များကို   ရရှိစေရန်၊  စာနယ်ဇင်းကျင့်ဝတ်ဆိုင်ရာ အဆင့်အတန်းများကို ထိန်းသိမ်းပေးရန်၊ တရားမျှတမှုရှိပြီး ရိုးသား ဖြောင့်မတ်၍ အဂတိတရားလေးပါးမှ ကင်းရှင်းရန်ဆိုသည့် လုပ်ငန်း တာဝန်များရှိပါကြောင်း၊ ထို့ပြင် ထုတ်ပြန်ပြဋ္ဌာန်းပြီးဖြစ်သည့် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ  လုပ်ငန်းတာဝန်များကို  ဆောင်ရွက်ပေး သွားရမည် ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ၏ လုပ်ငန်းတိုင်းကို ပွင့်လင်းမြင်သာစွာဖြင့် အများယုံကြည်မှုရှိအောင် ဆောင်ရွက်ရင်း တစ်ဖက်ကလည်း မီဒီယာသမားများ၏ ကျင့်ဝတ် ဆိုင်ရာ ပြဿနာများကို ဖြေရှင်းပေးသွားရမည်ဖြစ်ပါကြောင်း။ 
နိဂုံးချုပ်အနေဖြင့် သတင်းမီဒီယာကောင်စီဝင်များက မီဒီယာ ကျင့်ဝတ်များနှင့်အညီ လွတ်လပ်မှုနှင့် တာဝန်ယူမှုတို့ကို သက်ဆိုင်ရာ ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ မျှတစွာချင့်ချိန်စဉ်းစားပြီး စာနယ်ဇင်း   လွတ်လပ်ခွင့်ကို   တန်ဖိုးထားဆောင်ရွက်သွားကြရန်  တိုက်တွန်းလိုပါကြောင်း၊ ထို့ပြင် နိုင်ငံ၏စတုတ္ထမဏ္ဍိုင်ဖြစ်သည့် သတင်း မီဒီယာသမားများအား  နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ လွတ်လပ်စွာပြောဆို၊ ရေးသား၊ ထုတ်ဝေ၊ ဖြန့်ချိခွင့်ကို အလေးထားကာ မီဒီယာကျင့်ဝတ်များနှင့်အညီ လွတ်လပ်မှု၊ တာဝန်ခံမှု၊ တာဝန်သိမှု တို့ကို   ကျင့်သုံးသည့်  ကျင့်ဝတ်လိုက်နာသော ဂုဏ်သိက္ခာရှိသည့် မီဒီယာသမားများဖြစ်စေရေးအတွက်   မြန်မာနိုင်ငံသတင်းမီဒီယာ ကောင်စီဝင်များက    ဝိုင်းဝန်းကူညီ   ဆောင်ရွက်ပေးကြပါရန်နှင့် နိုင်ငံတော်တည်ငြိမ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စစ်မှန်သည့် ဒီမိုကရေစီ စနစ် အကောင်အထည်ဖော်ဆောင်ရေးလုပ်ငန်းစဉ်များတွင် အတူတကွ ပူးပေါင်းပါဝင်ဆောင်ရွက်ကြပါရန် တိုက်တွန်းပြောကြားလိုပါကြောင်း ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီဥက္ကဋ္ဌ ဦးအုန်းမောင် (မြင်းမူ မောင်နိုင်မိုး) က ကျေးဇူးတင်စကားပြောကြားသည်။
ယင်းနောက် တက်ရောက်လာကြသော ပြည်ထောင်စုဝန်ကြီး များ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်  မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီဝင်များသည် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြပြီး   ညစာ အတူတကွ  သုံးဆောင်ကြသည်။                                  သတင်းစဉ်