
နမ္မတူ ဖေဖော်ဝါရီ ၂၄
ရှမ်းပြည်နယ်(မြောက်ပိုင်း) နမ္မတူမြို့နယ်ရှိ ယာယီတိုက်ပွဲရှောင်စခန်း သုံးခုတွင် ခေတ္တခိုလှုံနေထိုင်လျက်ရှိသော မန်တုံမြို့နယ် ကျေးရွာ ၂၅ ရွာတို့မှ နေရပ်ပြန်ကြမည့် ယာယီတိုက်ပွဲရှောင်ပြည်သူများအား ပြောင်းရွှေ့စရိတ်၊ ဆန်ရိက္ခာ တစ်လစာနှင့်၊ ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းကို ဖေဖော်ဝါရီ ၂၄ ရက်က နမ္မတူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းမင်းထွန်းက နေရပ်ပြန်ကြမည့် ယာယီတိုက်ပွဲရှောင်ပြည်သူများ အား ထောက်ပံ့ပေးအပ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများ၊ အဖွဲ့ဝင်များ၊ မြို့နယ်ယာယီတိုက်ပွဲရှောင်စီမံခန့်ခွဲမှု ကော်မတီဝင်များ၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးသိန်းဟန်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ပေးအပ်သည့် နေရပ်ပြန်ပြောင်းရွှေ့ စရိတ် အိမ်ထောင်စုတစ်စုလျှင် ငွေကျပ် တစ်သိန်းနှုန်းစီဖြင့် ငွေကျပ် ၆၆ သိန်းကိုလည်းကောင်း၊ လူတစ်ဦး ဆန်ရိက္ခာ တစ်ရက်လျှင် နှစ်ဘူးနှုန်းဖြင့် အိမ်ထောင်စု ၆၆ စု၊ လူဦးရေ ၂၉၄ ဦးအတွက် တစ်လစာ ဆန်ရိက္ခာဖိုးငွေကျပ် ၂၆၄၆၀၀၀ ကိုလည်းကောင်း၊ ကယ်ဆယ်ရေး ပစ္စည်း ၁၇ မျိုး ပါဝင်သော ပလတ်စတစ်ပုံး ၆၆ ပုံးကိုလည်းကောင်း ၊ စိမ်းလန်းဘဝလူမှုဖွံ့ဖြိုးရေးအဖွဲ့ (Glad) ဝန်ထမ်းများက အိမ်ထောင်စု တစ်စုလျှင် ငွေကျပ် ငါးထောင်နှုန်းစီဖြင့် ငွေကျပ် သုံးသိန်း သုံးသောင်းကိုလည်းကောင်း ယာယီတိုက်ပွဲရှောင် အိမ်ထောင်စုများ၏ ကိုယ်စားလှယ်များထံ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
လူမော်(ပြန်/ဆက်)