
ရန်ကုန် ဇွန် ၂၀
ဇွန်လနိုင်ငံတကာရက်သတ္တပတ်ကြောင့် တစ်ပတ်ကျော်ကြာ ရပ်နားထားသည့် ၂၀၂၃ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၉) ကို ဇွန် ၂၁ ရက် (ယနေ့) ပြန်လည် ကျင်းပမည်ဖြစ်သည်။
ပွဲစဉ် (၉) အဖြစ် ဇွန် ၂၁ ရက် တွင် YUSC ကွင်း၌ ဒဂုံစတား အသင်းနှင့် GFA အသင်း၊ ဇွန် ၂၂ ရက်တွင် သုဝဏ္ဏကွင်း၌ ဟံသာ ဝတီအသင်းနှင့် ဧရာဝတီအသင်း၊ YUSC ကွင်း၌ ရခိုင်ယူနိုက်တက် အသင်းနှင့် ကချင်ယူနိုက်တက်အသင်း၊ ဇွန် ၂၃ ရက်တွင် သုဝဏ္ဏကွင်း၌ မဟာယူနိုက်တက်အသင်းနှင့် မြဝတီအသင်း၊ ဇွန် ၂၄ ရက်တွင် သုဝဏ္ဏကွင်း၌ လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက်အသင်းနှင့် ရတနာပုံအသင်း ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။ ယခုတစ်ပတ်တွင် တန်းဆင်းဇုန် အန္တရာယ်ရှိနေသည့်အသင်း များ၊ တန်းဆင်းဇုန်နားရောက်နေသည့်အသင်းများ၏ ရုန်းကန်မည့်ပွဲများ အပြင် ဇယားထိပ်ပိုင်းမှ လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက်အသင်းလည်း အမှတ်ပြည့်ရရန် ကြိုးပမ်းရမည်ဖြစ်သည်။ ဒုတိယနေရာမှ ရန်ကုန် အသင်းနှင့် တတိယနေရာမှ အား/ကာသိပ္ပံအသင်းတို့၏ တွေ့ဆုံမည့်ပွဲကို ဇူလိုင် ၁၀ ရက်တွင် ကျင်းပမည်ဖြစ်သောကြောင့် ဇယားထိပ်ပိုင်းအားပြိုင် မှုကို ယခုတစ်ပတ်မြင်တွေ့ရမည်မဟုတ်ပေ။
အား/ကာသိပ္ပံနှင့် ရန်ကုန်ယူနိုက်တက်အသင်းပွဲကို ဇူလိုင် ၁၀ ရက်တွင် ပြန်လည်ကျင်းပမည်ဖြစ်သည်။ ပွဲစဉ် (၈) အပြီးတွင် လက်ရှိ ချန်ပီယံ ရှမ်းယူနိုက်တက်အသင်းက ရမှတ် ၂၂ မှတ်ဖြင့် ဆက်လက် ဦးဆောင်နေပြီး ရန်ကုန်ယူနိုက်တက်အသင်းက ၂၁ မှတ်၊ အား/ကာသိပ္ပံ အသင်းက ၁၆ မှတ်၊ ဟံသာဝတီအသင်းက ၁၃ မှတ်၊ ရတနာပုံနှင့် မဟာယူနိုက်တက်အသင်းက ၁၁ မှတ်စီ၊ ရခိုင်ယူနိုက်တက်၊ ကချင် ယူနိုက်တက်နှင့် မြဝတီအသင်းတို့က ရှစ်မှတ်စီ၊ ဒဂုံစတားနှင့် GFA အသင်းက ခုနစ်မှတ်စီ၊ ဧရာဝတီအသင်းက လေးမှတ်ရရှိထားသည်။
ရဲရင့်လွင်
ဓာတ်ပုံ - SUFC