နိုင်ငံတော်သံဃမဟာနာယကအဖွဲ့အကျိုးတော်ဆောင် ဆရာတော် ဘဒ္ဒန္တစန္ဒိမာဘိဝံသ၏ နှစ်သစ်ကူးဆုတောင်း

 

“နှစ်သစ်ချိန်ခါ အောင်ကြောင်းဖြာ”

 


 ယနေ့သည် ခရစ်နှစ် ၂၀၂၁-ခုနှစ်ဟု ဆိုအပ်သော နှစ်ဟောင်းကုန်ပျောက်၍ ၂၀၂၂-ခုနှစ်ဟု ဆိုအပ် သော နှစ်သစ်သို့ရောက်ရှိသည့်  ကမ္ဘာ့နှစ်သစ် မင်္ဂလာ နေ့ထူးနေ့မြတ်အချိန်အခါ ဖြစ်ပါသည်။ လူသားတိုင်းသည် မိမိတို့ ပြောဆိုပြုလုပ်နေကြ သည့် ကိစ္စဟူသမျှမှာ အောင်မြင်မှုကို ရရှိလိုကြခြင်း သည်   လူသားတိုင်း၏  ဓမ္မတာသဘော ဖြစ်သည့် အတွက် အောင်မြင်မှုကို ရရှိနိုင်သည့် အောင်မြင် ကြောင်း တရားလေးပါးကို    နှစ်သစ်မင်္ဂလာ ဓမ္မလက်ဆောင်အဖြစ် ဖြန့်ဝေပေးလိုပါသည်။ 

 


၁။     အက္ကောဓေန ဇိနေ ကောဓံ - အမျက်ဒေါသဖြင့် ပြောဆိုပြုလုပ်သူကို  မေတ္တာနှလုံး    မိမိက သုံးခြင်းဖြင့်လည်းကောင်း၊

 

၂။     အသာဓုံ သာဓုနာ ဇိနေ -  မကောင်းသဖြင့် ပြောဆိုပြုလုပ်သူကို   မိမိက  ကောင်းစွာ ပြောဆိုပြုလုပ်ခြင်းဖြင့် လည်းကောင်း၊
 

 

၃။     ဇိနေ ကဒရိယံ ဒါနေန - မပေးရက်  မလှူလို ဝန်တိုနေသောသူကို မိမိက လှူဒါန်းပေးကမ်း
    ချီးမြှောက်ခြင်းဖြင့် လည်းကောင်း၊

 

၄။    သစ္စေနာလိကဝါဒိနံ-မဟုတ်မမှန် အကြံအဖန် လုပ်ကြံပြောဆိုသောသူကို   မိမိက အဟုတ် အမှန်အတိုင်းပြောဆိုခြင်းဖြင့် လည်းကောင်း-
အောင်မြင်မှုကို   ရနိုင်ကြမှာဖြစ်ကြောင်း ဓမ္မပဒပါဠိတော်၊  ကောဓ၀ဂ်မှာ    ဘုရားရှင် ဟောတော်မူပါသည်။
သို့အတွက် ယခုတွေ့ကြုံရသည့် ကမ္ဘာ့နှစ်သစ် မင်္ဂလာအချိန်အခါမှစ၍ မိမိတို့   ပြောဆိုပြုလုပ် နေကြသည့် ကိစ္စဟူသမျှ  အောင်မြင်မှုရရှိနိုင်ကြ စေရန် မေတ္တာတရားဖြင့် ပွားများနေထိုင်ခြင်း၊ ဓမ္မဟု ဆိုအပ်သော ကောင်းသောတရားတို့ဖြင့်   ပြောဆို ပြုမူခြင်း၊ ဒါနဟုဆိုအပ်သော  ပေးကမ်းလှူဒါန်း ချီးမြှောက်ခြင်း၊ သစ္စဝါစာဟုဆိုအပ်သော အမှန် အတိုင်းပြောဆိုပြုမူခြင်းတို့ကို     မိမိတို့သန္တာန်၌ ပြည့်စုံအောင်        ဆောင်ရွက်တော်မူနိုင်ကြပြီး   အောင်မြင်မှုသရဖူ ရယူနိုင်ကြပါစေကြောင်း နှစ်သစ် မင်္ဂလာ ဓမ္မလက်ဆောင်ပြုလိုက်ပါသတည်း။     ။

 


   ဘဒ္ဒန္တစန္ဒိမာဘိဝံသ 
(အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ) 
အကျိုးတော်ဆောင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့
မင်းကျောင်း၊ ပထမပြန်စာသင်တိုက်၊ သန်လျင်မြို့။