
ရန်ကုန် မေ ၆
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင် အဂ္ဂမဟာ ပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ သန်လျင်မင်းကျောင်းဆရာတော် ဘဒ္ဒန္တစန္ဒိမာဘိဝံသ အမှူးပြုသော နိုင်ငံတော်သံဃမဟာနာယက ဆရာတော်ကြီး ၆ ပါးတို့အား ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ အော်သိုဒေါ့ ဘုန်းတော်ကြီး His Eminence Sergiy နှင့်အဖွဲ့က တွေ့ဆုံဂါရဝပြု သည့်အခမ်းအနားကို ယနေ့ မွန်းတည့် ၁၂ နာရီတွင် ရန်ကုန်တိုင်း ဒေသကြီး မရမ်းကုန်းမြို့နယ် ကမ္ဘာအေးကုန်းမြေ မဟာနာယက ကျောင်းဆောင်ဘုရားခန်းမ၌ ကျင်းပသည်။
ဂါရဝပြုတွေ့ဆုံပွဲတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ အော်သိုဒေါ့ ဘုန်းတော်ကြီး His Eminence Sergiy က နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ ဆရာတော်ကြီးများနှင့် ရင်းရင်းနှီနှီးတွေ့ဆုံခွင့်ရသည့် အတွက် အထူးပင်ဝမ်းမြောက်ပါကြောင်း၊ မြန်မာနိုင်ငံတွင် အော်သိုဒေါ့ ခရစ်ယာန်ဘာသာဝင်များနှင့် မြန်မာ-ရုရှား နှစ်နိုင်ငံ အပြန်အလှန် ချစ်ကြည်ရေး၊ ဘာသာရေးဆိုင်ရာကိစ္စများကို ပူပေါင်းဆောင်ရွက် လိုပါကြောင်း လျှောက်ထားပြီး ကိုယ်စားလှယ်အဖွဲ့ဝင်များနှင့် မိတ်ဆက်ပေးသည်။
ထို့နောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင် ဆရာတော်က အော်သိုဒေါ့ဘုန်းတော်ကြီး His Eminence Sergiy နှင့်အဖွဲ့ လာရောက်တွေ့ဆုံသည့်အတွက် အထူးပင်ဝမ်းမြောက်ရပါ ကြောင်း၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့အနေဖြင့်လည်း မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာဟု ဆိုအပ်သော ဗြဟ္မစိုရ်တရားလေးပါး နှင့်အညီ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း မိန့်ကြားတော် မူသည်။
ဂါရဝပြုတွေ့ဆုံပွဲ အခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ အကျိုးတော်ဆောင် သန်လျင်မင်းကျောင်းဆရာတော်အမှူးပြုသော နိုင်ငံတော်သံဃမဟာနာယက ဆရာတော်ကြီး ၆ ပါး၊ ရုရှား ဖက်ဒရေးရှင်းနိုင်ငံ၊ စင်ကာပူနှင့် အရှေ့တောင်အာရှ ဒေသလုံးဆိုင်ရာ အော်သိုဒေါ့ဘုန်းတော်ကြီး His Eminence Sergiy နှင့် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားနိုင်ငံသံအမတ်ကြီး အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်၊ ဒုတိယပါမောက္ခချုပ်(စီမံ)နှင့် သာသနာရေးဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်