
ဖွားမြင်တော်မူခြင်း
ဆရာတော် လောင်းလျာ သည် မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ကမာဝက်ရွာကြီး၊ ကမာဝက်စိန် တောင်ရပ်ကွက်တွင် ခမည်း တော် ဦးစရီ၊ မယ်တော်ဒေါ်ထွာ တို့မှ ၁၂၈၆ ခုနှစ်၊ နတ်တော် လဆန်း ၂ ရက်၊ ကြာသပတေး နေ့တွင် ဖွားမြင်တော်မူသော သားရတနာဖြစ်ပါသည်။
ရှင်ရဟန်းပြုတော်မူခြင်း
ဆရာတော်လောင်းလျာသည် ၁၃၀၁-ခုနှစ်၊ ကဆုန်လပြည့် ကျော် ၃ ရက်နေ့တွင် မုဒုံမြို့နယ်၊ တိုက်ကျောင်းသစ်ဓာတ်တော် ကျောင်းတိုက် ဆရာတော်ဘဒ္ဒန္တစန္ဒောဘာသ ကို ဥပဇ္စျာယ်ပြုလျက် မိဘနှစ်ပါးတို့၏ ပစ္စယာနုဂ္ဂဟကိုခံယူလျက် ရှင်သာမဏေအဖြစ်သို့ ရောက်ရှိတော်မူခဲ့ပါသည်။ ၁၃၀၉-ခုနှစ်၊ ကဆုန်လဆန်း ၅ ရက်နေ့ တွင် မုဒုံမြို့နယ်၊ တိုက်ကျောင်းသစ်ဓာတ်တော်ကျောင်းတိုက် ခဏ္ဍသိမ်၌ ယင်းကျောင်းဆရာတော် ဘဒ္ဒန္တစန္ဒောဘာသကို ဥပဇ္ဈာယ်ပြုလျက် မိဘနှစ်ပါးတို့၏ ပစ္စယာနုဂ္ဂဟဖြင့် မြင့်မြတ်သော ရဟန်းအဖြစ်သို့ ရောက်ရှိ တော်မူခဲ့ပါသည်။
ပရိယတ္တိစာပေ သင်ယူဆည်းပူးတော်မူခြင်း
ဆရာတော်သည် မုဒုံမြို့နယ် တိုက်ကျောင်းသစ်ဓာတ်တော် ကျောင်း ဆရာတော်ဘဒ္ဒန္တစန္ဒောဘာသ၊ ဖားအောက်တောရကျောင်း ဆရာတော် ဘဒ္ဒန္တစန္ဒိမာ၊ ကတိုးမဟာရင်ကျောင်းဆရာတော် ဘဒ္ဒန္တ အာဒိစ္စ၊ ကမာတောရကျောင်း ဆရာတော် ဘဒ္ဒန္တဝါယမ၊ အခွန် ရွာသစ်ကျောင်းဆရာတော် ဘဒ္ဒန္တသိရိန္ဒ၊ ရန်ကုန်ကျိုက်သီမွန် ကျောင်း ဆရာတော်ဘဒ္ဒန္တတိဿ၊ ဘဒ္ဒန္တဉေယျ စသော ဆရာတော် များထံ၌ ပရိယတ္တိစာပေများ သင်ယူဆည်းပူးတော်မူခဲ့ပြီး သာသန ဓဇ ဓမ္မာစရိယဘွဲ့ကို အောင်မြင်ရရှိတော်မူခဲ့ပါသည်။
သာသနာရေးအားပေး ဆောင်ရွက်တော်မူခြင်း
ဆရာတော်သည် မုဒုံမြို့နယ်၊ တိုက်ကျောင်းသစ်ဓာတ်တော် ကျောင်း၌ စာသင်သားရဟန်း/သာမဏေများအား စာပေကျမ်းဂန် များသင်ကြား ပို့ချရေးသားပြုစုတော်မူခဲ့ခြင်း၊ မွန်ပြည်နယ်၊ ကမာ တောရ ဝိနည်းပြန်ဌာနအဖွဲ့ဝင်အဖြစ် ဆောင်ရွက်တော်မူခဲ့ခြင်း၊ ရာမညဓမ္မာစရိယအဖွဲ့ ဗဟိုကော်မတီအဖြစ် ဆောင်ရွက်တော်မူ ခဲ့ခြင်း၊ ဇယ်ကသိုက် တမော့ ဂေါပကအဖွဲ့ ဩဝါဒါစရိယအဖြစ်ဆောင်ရွက်တော်မူခဲ့ခြင်း၊ သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်တွင် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖြစ် လည်းကောင်း၊ နိုင်ငံတော် ဝိနည်းဓိုရ်အဖြစ် လည်းကောင်း၊ ယနေ့ထိ နိုင်ငံတော်ဩဝါဒါစရိယ ဆရာတော်အဖြစ် စသော သာသနာ့တာဝန်များကို ဆောင်ရွက် တော်မူခဲ့ပါသည်။
ဘွဲ့တံဆိပ်တော်အလှူခံရရှိတော်မူခြင်း
ဤသို့လျှင် ဗုဒ္ဓသာသနာအကျိုးကို ထက်သန်သော ဝီရိယဖြင့် သယ်ပိုး ဆောင်ရွက်တော်မူခဲ့သော သာသနဓုရာဝဟဂုဏ်၊ ရတ္တညူ မဟာနာယကဂုဏ်၊ ပိဋကတ္တယဆေကဂုဏ်၊ ဂန္ထဓုရာဝဟဂုဏ်၊ ပရိယတ္တိ ဝိသာရဒဂုဏ်၊ လဇ္ဇီပေသလသိက္ခာကာမဂုဏ်စသည်တို့နှင့် ပြည့်စုံတော်မူခြင်းတို့ကြောင့် နိုင်ငံတော်အစိုးရက ဆရာတော် ကြီးအား ၂၀၀၅ ခုနှစ်တွင် “အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ” ဘွဲ့တံဆိပ် တော်မြတ်ကို ဆက်ကပ်လှူဒါန်းခဲ့ပါသည်။
ဘဝနတ်ထံပျံလွန်တော်မူခြင်း
ဆရာတော်ကြီးသည် သာသနာတော်အကျိုးကို သယ်ပိုး ဆောင်ရွက်တော်မူရင်း သက်တော်(၉၇)နှစ်၊ သိက္ခာတော်(၇၇)ဝါ အရ ၁၃၈၃ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၄ ရက်၊ (၂၂-၁၁-၂၀၂၁)၊ တနင်္လာနေ့၊ နံနက် ၆:၃၀ နာရီအချိန်တွင် ဘဝနတ်ထံ ပျံလွန်တော်မူကြောင်းနှင့် ဆရာတော်ကြီး၏ အန္တိမအဂ္ဂိဈာပနကို (၁-၁-၂၀၂၂)ရက်၊ စနေနေ့၊ မွန်းတည့် ၁၂:၀၀ အချိန်တွင် တိုက် ကျောင်းသစ် (ဓာတ်တော်ကျောင်း)၌ ကိုဗစ်-၁၉ စည်းမျဉ်း စည်းကမ်းများနှင့်အညီ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သာသနာ ရေးဦးစီးဌာနမှ သတင်းရရှိသည်။ သတင်းစဉ်