
လက်ရုံးရည်၊ နှလုံးရည်ပြည့်ဝသည့် ဆေးသိပ္ပံပညာရှင် အရာရှိကောင်းများအဖြစ်
နိုင်ငံတော်၊ တပ်မတော်နှင့် တိုင်းရင်းသားပြည်သူလူထုအတွက် ကြိုးပမ်းဆောင်ရွက်
နေပြည်တော် ဒီဇင်ဘာ ၂၀
တပ်မတော်ဆေးတက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၂၂) သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ အဆိုပါ တပ်မတော်ဆေးတက္ကသိုလ်စစ်ရေးပြကွင်း၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် တက်ရောက်မိန့်ခွန်းပြောကြားသည်။
အဆိုပါအခမ်းအနားသို့ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် မိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး စည်သူ မောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ၊ ပြည်ထောင်စုဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ရန်ကုန်မြို့တော်ဝန်၊ တပ်မတော်ဆေးတက္ကသိုလ် ခေတ္တကျောင်းအုပ်ကြီးနှင့် မင်္ဂလာဒုံ တပ်နယ်မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် က ဗိုလ်လောင်းတပ်ရင်းများ၏ အလေးပြုခြင်းကိုခံယူပြီး ကျောင်းဆင်း ဗိုလ်လောင်းတပ်ခွဲအား စစ်ဆေးသည်။
ထို့နောက် ဗိုလ်လောင်းတပ်ခွဲများက တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာ သရေစည်သူ မင်းအောင်လှိုင်အား အနှေးလျှောက်၊ အမြန်လျှောက်ဖြင့် ချီတက်အလေးပြုကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် က တပ်မတော်ဆေးတက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၂၂)မှ အောင်စစ်သည်ဆုရရှိသူ ဗိုလ်လောင်း ဇေယျာမျိုးနောင်၊ လေ့ကျင့်ရေးထူးချွန်ဆုရရှိသူ ဗိုလ်လောင်း မြတ်မင်းသူနှင့် စာပေထူးချွန်ဆုရရှိသူ ဗိုလ်လောင်း ဆက်နိုင်အောင်တို့ကို ဆုများပေးအပ် ချီးမြှင့်သည်။
စဉ်ဆက်မပြတ် မွေးထုတ်ပေးလျက်ရှိ
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် က သင်တန်းဆင်းမိန့်ခွန်း ပြောကြားရာတွင် ကောင်းမြတ်သည့် အစဉ်အလာများနှင့် သန္ဓေတည် အစပြုခဲ့သည့် တပ်မတော်တွင် မွန်မြတ်သည့် အစဉ် အလာကောင်းများရှိသည့် တပ်မတော်ဆေးဝန်ထမ်း တပ်ဖွဲ့ဝင်များအဖြစ် တာဝန်ကျေပွန်စွာ ထမ်းဆောင် နိုင်ရန်အတွက် တပ်မတော် ဆေးတက္ကသိုလ်အနေဖြင့် “တပ်မတော်(ကြည်း၊ ရေ၊ လေ)အတွက် လိုအပ်သော လက်ရုံးရည်၊ နှလုံးရည် ပြည့်ဝသည့် ဆေးသိပ္ပံ ပညာရှင် အရာရှိကောင်းများ မွေးထုတ်ပေးရန်” ဟူသည့် ရည်ရွယ်ချက်နှင့်အညီ တပ်မတော်အရာရှိ ဆရာဝန်များကို စဉ်ဆက်မပြတ် မွေးထုတ်ပေး လျက်ရှိသည်မှာ သင်တန်းဆင်းအရာရှိ စုစုပေါင်း ငါးထောင်ခန့် မွေးထုတ်ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း။
တာဝန်ကျရာဒေသနှင့် တာဝန်ထမ်းဆောင်ရမည့် ဆေးတပ်ဖွဲ့အသီးသီးတွင် တပ်မတော်သားများနှင့် မိသားစုဝင်များသာမက ပြည်သူလူထုကိုပါ ရောဂါ ကာကွယ်ရေးဆိုင်ရာ အသိပညာပေးမှုများ၊ ကုသမှု ပေးမှုများ၊ ကပ်ရောဂါဆိုင်ရာ ကြိုတင်ကာကွယ်ရေး တာဝန်များကို လက်ဆင့်ကမ်းကြိုးပမ်းထမ်းဆောင် ကြရတော့မည်ဖြစ်ကြောင်း၊ ထို့ကြောင့် တပ်မတော် ဆေးတက္ကသိုလ်က စာတွေ့၊ လက်တွေ့ သင်ကြားပို့ချ ပေးလိုက်သည့် ဆေးပညာရပ်များကို အသုံးချပြီး နိုင်ငံတော်နှင့် တပ်မတော်ကို အလုပ်ကျွေးပြုကြရန် အလေးထားမှာကြားလိုကြောင်း။
တပ်မတော်အရာရှိ ဆရာဝန်များဖြစ်ကြသည့် အတွက် စစ်သည်တော်ကောင်း စိတ်ဓာတ်နှင့် ဆရာဝန်ကောင်းစိတ်ဓာတ် နှစ်မျိုးစလုံး ပြည့်စုံနေ ရန်လိုကြောင်း၊ တပ်မတော်ဆေးတက္ကသိုလ်က အရာရှိငယ်များတွင် ပြည့်စုံရမည့် ကိုယ်ကာယ ကြံ့ခိုင်မှု၊ ကိုယ်ကျင့်တရားကောင်းမွန်ပြီး စည်းကမ်း ရှိမှု၊ တာဝန်များကို ပင်ပန်းကြီးစွာ မည်မျှပင် ထမ်းဆောင်ရစေကာမူ ခံနိုင်ရည်ရှိပြီး မလျှော့သော ဇွဲသတ္တိဖြင့် လုပ်ဆောင်တတ်မှုများအပြင် စစ်မြေပြင် တွင် တပ်စုအဆင့်ကို ဦးဆောင်နိုင်သည့် စစ်ပညာများ ကို လေ့ကျင့်သင်ကြားပေးခဲ့ပြီးဖြစ်ကြောင်း။
အကျိုးရှိစွာအသုံးချ
ထိုသို့ လေ့ကျင့်သင်ကြားပေးခဲ့ရာတွင် စစ်သည် တော်ကောင်းစိတ်ဓာတ် ပြည့်ဝစေရေး မိမိတို့ တပ်မတော်၏ Code of Conduct သဘော သက်ရောက်သည့် ပြဋ္ဌာန်းချက်များဖြစ်သည့် စစ်သည်တော်ကျင့်ဝတ် အပါး ၆၀ ကို တိကျစွာ လိုက်နာတတ်စေရန် လေ့ကျင့်ပေးခဲ့သကဲ့သို့ ဆရာဝန်ကောင်းစိတ်ဓာတ်ရှိစေရေး ဆေးပညာရပ် များအပြင် ဆေးပညာကျင့်ဝတ်နှင့်ညီသည့် သမား ကောင်းများထားရှိရမည့် စိတ်ဓာတ်၊ ခံယူချက် များ ကောင်းမွန်စေရေး လေ့ကျင့်ပေးခဲ့ပြီးဖြစ်သဖြင့် လက်တွေ့နယ်ပယ် တာဝန်ထမ်းဆောင်ရာတွင် အကျိုးရှိစွာအသုံးချရန် မှာကြားလိုကြောင်း၊ ထို့ပြင် ဆရာဝန်များအဖြစ် ဘွဲ့အပ်နှင်းချိန်တွင် ရွတ်ဆိုကြ ရမည့် ဆရာဝန်များ အဓိဋ္ဌာန်ပြုကတိသစ္စာ ကိုးချက် ကို အခြေခံကျင့်ဝတ်အနေဖြင့် အမြဲစောင့်ထိန်း လိုက်နာပြီး လူနာများအပေါ်တွင် စေတနာ၊ အကြင်နာ၊ ကရုဏာဖြင့် ကိုယ်ချင်းစာနာမှုများ ထားရှိဆောင်ရွက် ပေးသွားရန် မှာကြားလိုကြောင်း။
လူသားတိုင်းသည် သက်ရှည်ကျန်းမာသည့်ဘဝ ကို လိုလားတောင့်တ မျှော်လင့်ကြကြောင်း၊ ထိုသို့ သက်ရှည်ကျန်းမာသည့် ဘဝကိုရရှိရန်အတွက် မိမိကိုယ်ကို အသိဉာဏ်ဖြင့် ထိန်းသိမ်းစောင့်ရှောက်ရ သကဲ့သို့ တစ်ဖက်မှလည်း ကျန်းမာရေးဝန်ထမ်းများ ၏ ကျန်းမာရေးစောင့်ရှောက်မှု အခန်းကဏ္ဍသည် အလွန်အရေးပါကြောင်း၊ ကျန်းမာရေးစောင့်ရှောက်မှု ပေးရာတွင် ကုသမှုတစ်ခုတည်းမဟုတ်ဘဲ ရောဂါ ဖြစ်ပွားမှု ကာကွယ်ရေးလုပ်ငန်းများကိုလည်း ကြိုတင်ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ လူတိုင်း ကျန်းမာစေရန်အတွက် “ကျန်းမာသော လူနေမှုပုံစံ (Healthy lifestyle) ဖြင့် နေထိုင်ခြင်း”၊ “ကိုယ်လက် လှုပ်ရှား ဆေးတစ်ပါး (Exercise is Medicine) ဆောင်ပုဒ်နှင့်အညီ ကိုယ်လက်လှုပ်ရှားအားကစား ပြုလုပ်ခြင်း” နှင့် “ရောဂါတစ်ခုချင်းစီအလိုက် ကာကွယ်ရေးနည်းလမ်းများကို လိုက်နာကျင့်သုံး ခြင်း” စသည့် ကျန်းမာရေးပညာပေးလုပ်ငန်းများကို မဖြစ်မနေ လုပ်ဆောင်သွားရမည်ဖြစ်ကြောင်း၊ ထို့ပြင် ရောဂါအသစ်အဆန်းများနှင့် တိုးတက်လာသော ဆေးသိပ္ပံပညာရပ်များကို စဉ်ဆက်မပြတ် လေ့လာ ဆည်းပူးနေကြရမည်ဖြစ်ကြောင်း၊ တစ်ချိန်တည်း တွင် ဆေးပညာဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်၍ သုတေသနလုပ်ငန်းများကို လုပ်ဆောင်နေကြရမည် ဖြစ်ကြောင်း။
အနိမ့်ဆုံးဖြစ်
မြန်မာနိုင်ငံ၏ မျှော်မှန်းသက်တမ်းသည် ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ ကုလသမဂ္ဂလူဦးရေဌာနမှ တွက်ချက်ရာတွင် ၆၇ ဒသမ ၇၈ နှစ်ရှိကြောင်း၊ ၂၀၂၀ ပြည့်နှစ် မြန်မာနိုင်ငံ၏ မျှော်မှန်းသက်တမ်းသည် ကမ္ဘာ့အဆင့်တွင် ၁၅၁၊ အိမ်နီးချင်းနိုင်ငံများတွင် အဆင့် ၆၊ အာဆီယံနိုင်ငံများတွင် အဆင့် ၁၀ ရှိသဖြင့် အနိမ့်ဆုံးဖြစ်ကြောင်း၊ မျှော်မှန်းသက်တမ်းကို အခြေခံတွက်ချက်ရာတွင် ကိုယ်ဝန်ဆောင်နှင့် ကလေးငယ်ဘဝအခြေအနေများ၊ ပညာသင်ကြားမှု အခြေအနေများ၊ လူမှုစီးပွားဘဝအခြေခံများ၊ လူနေမှု ပုံစံများ၊ ကလေးသေဆုံးမှုနှုန်းများအပေါ်တွင် အဓိက ထား တွက်ချက်ခြင်းဖြစ်ကြောင်း၊ ထို့ပြင် အခြားနိုင်ငံ များနှင့် နှိုင်းယှဉ်ပါက မိမိတို့နိုင်ငံသားများ၏ ခန္ဓာကိုယ် ဖွံ့ဖြိုးမှုတွင်လည်း အားနည်းလျက်ရှိနေသည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၏ မျှော်မှန်း သက်တမ်း တိုးမြှင့်နိုင်ရန်အတွက် စားသောက်မှု၊ နေထိုင်မှု၊ ပညာတတ်မြောက်မှု၊ စီးပွားရေးမြှင့်တင် နိုင်မှုများ ပြုပြင်ပြောင်းလဲမြှင့်တင်ဆောင်ရွက်ရမည် ဖြစ်ကြောင်း။
မိမိတို့တပ်မတော်၏ အဓိကလုပ်ငန်းတာဝန် ဖြစ်သည့် နိုင်ငံတော်ကာကွယ်ရေးတာဝန်၊ လေ့ကျင့်ရေးတာဝန်နှင့် ပြည်သူ့အကျိုးပြုလုပ်ငန်း တာဝန်များကို ထမ်းဆောင်သည့်နေရာတွင် မိမိတို့ ရောက်ရှိတာဝန်ကျရာ နေရာဒေသတွင်ရှိသည့် တိုင်းရင်းသားပြည်သူများ၏ ကျန်းမာရေးစောင့် ရှောက်မှုလုပ်ငန်းများအပြင် လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်အောင် ကူညီဆောင်ရွက်ပေးကြရမည် ဖြစ်ကြောင်း။
တစ်ထောင့်တစ်နေရာက ပါဝင်ဖြည့်ဆည်း
ထိုသို့ ဆောင်ရွက်ပေးခြင်းသည် နိုင်ငံတော် အတွက် ကျန်းမာရေးဝန်ထမ်း လိုအပ်ချက်ကို တစ်ထောင့်တစ်နေရာက ပါဝင်ဖြည့်ဆည်းပေးခြင်း ဖြစ်သကဲ့သို့ တိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွား ဘဝ ရှင်သန်အောင်မြင်ရေးအတွက် တစ်ဖက် တစ်လမ်းက တတ်နိုင်သလောက်ကူညီလုပ်ဆောင် ပေးနေခြင်းဖြစ်ပြီး ဆေးဝန်ထမ်းတပ်ဖွဲ့၏ မွန်မြတ် သည့် အစဉ်အလာကောင်းများပင်ဖြစ်ကြောင်းနှင့် ဂုဏ်ယူဖွယ်ရာပင်ဖြစ်ကြောင်း။
တပ်မတော်သား ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်များ သည် တပ်မတော်သားများနှင့် မိသားစုဝင်များ ၏ ကျန်းမာရေးစောင့်ရှောက်မှုများကိုသာမက တစ်နိုင်ငံလုံးအနှံ့ တိုင်းရင်းသားပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို နေရာ မရွေး၊ အချိန်မရွေး၊ လူမျိုး၊ ဘာသာ မခွဲခြားဘဲ ကျယ်ကျယ်ပြန့်ပြန့် ထိရောက်စွာ ဆောင်ရွက်ပေး နိုင်ရန်အတွက် တပ်မတော်နယ်လှည့်ဆေးကုသရေး အဖွဲ့များ စေလွှတ်ပြီး နိုင်ငံတော်၏ ကျန်းမာရေးကဏ္ဍ ကို လိုအပ်သည့်နေရာများတွင် ဖြည့်ဆည်းဆောင်ရွက် ပေးလျက်ရှိကြောင်း၊ ကျေးလက်ဒေသများနှင့် နယ်စပ်ဒေသများတွင် ကျန်းမာရေးနှင့်ပတ်သက် သည့် အသိပညာဗဟုသုတနည်းပါးပြီး လွဲမှားစွာ နားလည်နေမှုများရှိသည့်အတွက် ကျန်းမာရေး အသိပညာပေးမှုများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ထိုသို့ ဆောင်ရွက် ပေးနေခြင်းများသည် မိမိတို့တပ်မတော်အနေဖြင့် ပြည်သူလူထုအကျိုးစီးပွားကို ကာကွယ်စောင့်ရှောက် ပေးရန် ဟူသည့် နိုင်ငံတော်ကာကွယ်ရေးတာဝန် တစ်ရပ်ကို အောင်မြင်စွာ ထမ်းဆောင်နေခြင်း ဖြစ်ကြောင်း။
လက်ရှိ မျက်မှောက်ကာလတွင် ကမ္ဘာ့နိုင်ငံတိုင်း ရင်ဆိုင်နေကြရသည့် ကိုဗစ်-၁၉ ကပ်ရောဂါသည် မျက်မှောက်လူသားမျိုးနွယ်စုတစ်ခုလုံး၏ ဦးတည် ရန်သူ ဖြစ်လာသကဲ့သို့ နေ့စဉ် လူမှုစီးပွားဘဝကို အကြီးမားဆုံးခြိမ်းခြောက်နေသည့် ကပ်ရောဂါ တစ်ခုဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ကျန်းမာရေးစောင့်ရှောက်မှုစနစ်များအတွက် စိန်ခေါ် မှုများ၊ ကျန်းမာရေးဝန်ထမ်းများအတွက်လည်း ဖိအားများ၊ ဝန်ထုပ်ဝန်ပိုးများနှင့် ရင်ဆိုင်ခဲ့ရပြီး ကိုဗစ်ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်း များတွင် စိန်ခေါ်မှုများဖြစ်ပေါ်နေသည်ကို မြင်တွေ့ရ မည်ဖြစ်ကြောင်း။
ကိုဗစ်-၁၉ ကူးစက်ရောဂါသည် မြန်မာနိုင်ငံတွင် ပထမလှိုင်း၊ ဒုတိယလှိုင်း၊ တတိယလှိုင်း စသည်ဖြင့် ဖြစ်ပွားခဲ့ပြီး တတိယလှိုင်းတွင် ကူးစက်မှုနှုန်းနှင့် သေဆုံးမှုနှုန်းများ မြင့်မားခဲ့ကြောင်း၊ ထိုသို့ ဖြစ်ခဲ့ ရခြင်းမှာ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ စည်းမျဉ်း စည်းကမ်းများကို လိုက်နာမှုအားနည်းခြင်း၊ တစ်ကမ္ဘာလုံးအနေဖြင့် ကူးစက်မြန်ဗီဇပြောင်း ဒယ်လ်တာမျိုးကွဲများ ပျံ့နှံ့ရောက်ရှိလာခြင်း၊ ဆေးဝါး နှင့် အထောက်အကူပြုပစ္စည်းများ မပြည့်စုံမှုများ ကြောင့် ကိုဗစ်-၁၉ တတိယလှိုင်းကို အခက်အခဲ များစွာနှင့် ရင်ဆိုင်ခဲ့ရသည်ကို အားလုံးအသိပင် ဖြစ်ကြောင်း။
မြွေပူရာကင်းမှောင့်
ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ကုသရေးအတွက် အခက်အခဲများစွာနှင့် ကြုံတွေ့နေရသည့်အချိန်တွင် မြွေပူရာကင်းမှောင့်ဆိုသကဲ့သို့ အချို့သော ဆရာဝန် များနှင့် ကျန်းမာရေးဝန်ထမ်းများသည် သမားကောင်း ကျင့်ဝတ်များကို မျက်ကွယ်ပြုကာ မိမိတို့ တာဝန် ကျရာ ဆေးရုံ၊ ဆေးပေးခန်းများကို စွန့်ခွာသွားကြ သည့် ဂုဏ်သိက္ခာမဲ့ လုပ်ရပ်များကြောင့် လူနာများ မနိုင်မနင်းဖြစ်ကာ အသက်မဆုံးရှုံးသင့်သူများ ဆုံးရှုံးရမှုများဖြစ်ပွားခဲ့သည်ကို မြင်တွေ့ခဲ့ရမည် ဖြစ်ကြောင်း၊ အဆိုပါကာလများတွင် ကျန်းမာရေး ဆိုင်ရာ ထိခိုက်နစ်နာမှုများ ကြုံတွေ့ခဲ့ရပြီး အဓိက ဆုံးရှုံးနစ်နာရသူများသည် သာမန်ပြည်သူလူထု များသာဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်းများ ဆောင်ရွက်သည့် နေရာတွင် ကျန်းမာရေးဝန်ကြီးဌာနမှ ကျန်းမာရေး ဝန်ထမ်းများ၊ တပ်မတော်သား ဆေးဝန်ထမ်း တပ်ဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့အစည်းများ၊ တာဝန်သိ ပြည်သူများ တက်ကြွစွာ ပူးပေါင်းဆောင်ရွက်ခဲ့မှု ကြောင့် ကိုဗစ်-၁၉ တတိယလှိုင်းဖြစ်ပွားမှုကို ထိန်းချုပ်ဆောင်ရွက်နိုင်ခဲ့ကြောင်း။
ထို့ပြင် စတုတ္ထလှိုင်းဖြစ်ပွားလာနိုင်မှုကို ကြိုတင် မြော်တွေးပြီး ကိုဗစ်ကပ်ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းစဉ်များကို အရှိန်အဟုန်မပျက်ဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီက ဆောင်ရွက်နေသည့် လုပ်ငန်းများ တွင် တပ်မတော်အနေဖြင့် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးတွင် အရေးကြီးဆုံး လုပ်ငန်းဖြစ်သည့် ကာကွယ်ဆေးထိုးနှံပေးရေး လုပ်ငန်းအတွက် ရောဂါကာကွယ်ဆေး (Dose) ၄၂ သန်းကျော်ရရှိအောင် ဆောင်ရွက်ခဲ့ပြီး ကာကွယ်ဆေး ထိုးနှံမှုကို ယခုလကုန်တွင် နိုင်ငံ့လူဦးရေ၏ ၅၀ ရာခိုင်နှုန်းကျော်ထိ ထိုးနှံပေးနိုင်ရေး ရည်မှန်းချက် ထား ဆောင်ရွက်လျက်ရှိကြောင်း။
ကိုဗစ်-၁၉ ရောဂါသည် လုံးဝပျောက်ကင်းသွား မည်မဟုတ်ဘဲ အတူယှဉ်တွဲ နေထိုင်ရမည့် ရောဂါ တစ်ခုဖြစ်သဖြင့် ကုသရေးနှင့် ထိန်းချုပ်ရေးလုပ်ငန်း များအပြင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ တွင်ပါ တပ်မတော်အနေဖြင့် အရေးပါသည့် အခန်းကဏ္ဍတွင် ဆက်လက်ရှိနေမည်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတာဝန်ကျရာနေရာ ဒေသအသီးသီး ကို ရောက်ရှိသည့်အခါတွင် ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ကုသရေးတာဝန်များကို တက်ကြွစွာ ပူးပေါင်းပါဝင်ဆောင်ရွက်သွားကြရန် အသိပေး မှာကြားလိုကြောင်း။
ပြည်သူလူထု၏ ကျန်းမာရေးနှင့်ပတ်သက်ပြီး “လူ့အသက်ထက် အရေးကြီးတာ ဘာမှမရှိ” ဆိုသည့် အတိုင်း တပ်မတော်အနေဖြင့်လည်း ပြည်သူလူထု အတွက် ပိုမိုကောင်းမွန်သည့် ကျန်းမာရေးစောင့် ရှောက်မှုလုပ်ငန်းများ ပေးနိုင်ရန်၊ ဆေးသိပ္ပံပညာရပ် ပိုင်းဆိုင်ရာများ တိုးတက်ကောင်းမွန်စေရန် ကြိုးပမ်း ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း။
ခက်ခဲသည့်ပညာရပ်တစ်ခုဖြစ်
ဆေးသိပ္ပံပညာရပ်သည် ခက်ခဲသည့်ပညာရပ်တစ်ခုဖြစ်သည့်အတွက် သင်ကြားရေး ဆရာများ၏ အရည်အသွေးပြည့်ဝမှု၊ သင်ထောက်ကူပစ္စည်း ပြည့်စုံမှု၊ သင်ယူသူများ၏ စိတ်ပါဝင်စားမှုနှင့် ထိုးထွင်းဉာဏ်ပြည့်ဝမှု စသည်များ ပြည့်စုံမှသာ အရည်အချင်းနှင့် အရည်အသွေးပြည့်ဝသည့် တပ်မတော်သား ဆရာဝန်ကောင်းများ ထွက်ပေါ် လာမည်ဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် တပ်မတော် ဆေးတက္ကသိုလ်သည် ကမ္ဘာ့ဆေးပညာသင်ကြားရေး အဖွဲ့အစည်း (World Federation for Medical Education- WFME) ၏ အသိအမှတ်ပြုစာရင်းတွင် ပါဝင်ပြီးဖြစ်သလို နိုင်ငံတကာသင်ရိုးညွှန်းတမ်းများနှင့်အညီ ဆေးပညာရပ်များကို သင်ကြားပေးလျက် ရှိနေကြောင်း။
ထို့ပြင် နိုင်ငံတကာဆေးတပ်ဖွဲ့များ၏ စွမ်းဆောင်ရည်များကို လေ့လာအကဲခတ်ပြီး အခြား နိုင်ငံများနှင့်
ရင်ပေါင်တန်းနိုင်အောင် မိမိတို့၏ ပညာရပ်ပိုင်း ဆိုင်ရာနှင့်ပတ်သက်ပါက တိုးတက်သင်ယူချင်စိတ် မွေးရမည်၊ မလျှော့သော ဇွဲလုံ့လနှင့် ကြိုးစားကြရ မည်၊ မိမိတို့တတ်ကျွမ်းသည့် ဆေးပညာရပ်များကို လက်တွေ့နယ်ပယ်တွင် ကောင်းမွန်စွာအသုံးချပြီး နိုင်ငံတော်နှင့် တပ်မတော်အတွက် “သမားဇာနည် အောင်စစ်သည်များ” ဖြစ်အောင် ကြိုးစားသွားကြရန် မှာကြားလိုကြောင်း။
ကွပ်ကဲအုပ်ချုပ်ကြရမည်
တပ်မတော်သားဆရာဝန် ခေါင်းဆောင်ငယ် များအဖြစ် တပ်ဖွဲ့တာဝန်ကို ထမ်းဆောင်ကြရတော့ မည်ဖြစ်ကြောင်း၊ မိမိတို့ လက်အောက်ငယ်သား များကို ကွပ်ကဲအုပ်ချုပ်ရာတွင် မိမိကိုယ်တိုင် ကိုယ်ကျင့်တရား ကောင်းမွန်ပြီး မှန်ကန်သည့် ပြောဆိုနေထိုင်မှု၊ မျှတသည့် အမိန့်ပေးမှု၊ စိတ်ရင်း စေတနာကောင်းမွန်မှု၊ မိမိကိုယ်တိုင် အမိန့်နာခံမှု နှင့် စည်းကမ်းကောင်းမွန်မှု၊ တာဝန်သိမှုနှင့် တာဝန်ယူမှု၊ ရဲရင့်ပြတ်သားသည့် ဆုံးဖြတ်ချက် ချမှတ်နိုင်မှု စသည့် ခေါင်းဆောင်ကောင်း တစ်ယောက်၏ အရည်အချင်းကို အသုံးပြုပြီး ကွပ်ကဲအုပ်ချုပ်ကြရမည်ဖြစ်ကြောင်း။
အခြေခံစိတ်ဓာတ်ကောင်းများရှိပြီးဖြစ်
မိမိတို့ကိုယ်တိုင် နိုင်ငံတော်ကာကွယ်ရေး တာဝန်ကို ထမ်းဆောင်နေကြရသည့်အပြင် နိုင်ငံတော်ကာကွယ်ရေးအတွက် အသက်စွန့် ထမ်းဆောင်နေကြသည့် တပ်မတော်သားတိုင်းကို ကာကွယ်ကုသပေးနေကြရခြင်း ဖြစ်သည့်အတွက် မွန်မြတ်သော အခြေခံစိတ်ဓာတ်ကောင်းများရှိပြီး ဖြစ်ကြောင်း၊ ထိုအခြေခံစိတ်ဓာတ်ကောင်းများကို ခိုင်မာအောင် တည်ဆောက်ပြီး စည်းကမ်းပြည့်ဝ သည့် တပ်မတော်သားတစ်ယောက်ဖြစ်စေရေး မိမိကိုယ်မိမိ တည်ဆောက်ကြရမည်ဖြစ်ကြောင်း၊ တပ်မတော်အရာရှိ ဆရာဝန်တစ်ယောက် ဖြစ်လာ ရန်အတွက် နိုင်ငံတော်နှင့် တပ်မတော်က အချိန်နှင့် ငွေကြေးအကုန်အကျခံပြီး လေ့ကျင့်ပျိုးထောင်ပေး ခဲ့သကဲ့သို့ မိဘများ၏ မျှော်လင့်ချက်နှင့် မိမိတို့၏ ကိုယ်စီဘဝများ တိုးတက်မြင့်မားရေးအတွက် စိတ်ဓာတ်၊ စည်းကမ်းကောင်းမွန်ပြီး ပညာရည် ပြည့်ဝသည့် ဆရာဝန်ကောင်း၊ စစ်ဘက်ခေါင်းဆောင် ကောင်းများ ဖြစ်လာစေရေး မိမိကိုယ်ကို ထိန်းသိမ်း ပြီး ကြိုးစားသွားကြရမည်ဖြစ်ကြောင်း။
လူတိုင်းတွင် မျှော်မှန်းစိတ်များရှိကြပြီး ကြီးပွား တိုးတက်လိုစိတ်များ ရှိကြကြောင်း၊ မိမိဘဝ အောင်မြင်တိုးတက်စေရေး ကြိုးပမ်းဆောင်ရွက်ရာ တွင် အဓိကလိုအပ်ချက်သည် ရောင့်ရဲတင်းတိမ်တဲ့ စိတ်နှင့် တိုးတက်အောင်မြင်အောင် ရိုးရိုးသားသား ကြိုးစားဆောင်ရွက်လိုစိတ် မွေးမြူခြင်းပင်ဖြစ် ကြောင်း၊ ရောင့်ရဲတင်းတိမ်စိတ်သည် လူတစ်ဦးကို မတော်လောဘစိတ်များ မဖြစ်စေရန် တားမြစ်နိုင် ပြီး ရိုးဂုဏ်သည် လူတစ်ဦးကို ထာဝရတန်ဖိုးရှိနေ စေမည်ဖြစ်သည်ကို မမေ့မလျော့ကြရန်လိုကြောင်း၊ ရောင့်ရဲတင်းတိမ်သည့်စိတ်ဖြင့် ရိုးသား၊ ကြိုးစားစွာ ဆောင်ရွက်ရမည်ဖြစ်ပြီး မိမိဝင်ငွေနှင့် ထွက်ငွေ မျှတအောင် နေထိုင်သွားကြရန် လိုအပ်သကဲ့သို့ မိမိတို့၏ကြိုးစားမှု၊ စည်းကမ်းလိုက်နာမှု၊ ကျန်းမာရေးကောင်းမွန်အောင် နေထိုင်စားသောက် မှုများအပေါ် မူတည်ပြီး အောင်မြင်မှုများရရှိနိုင်မည် ဖြစ်ကြောင်း၊ ထို့ကြောင့် အသိတရား၊ သတိတရား လက်ကိုင်ထားပြီး မိမိတို့၏ကောင်းမွန်သည့် အလေ့ အကျင့်ကောင်းများကို အသုံးချကာ မိမိတို့ တာဝန် ထမ်းဆောင်သည့် တပ်၊ တပ်မတော်၊ ဒေသနှင့် တိုင်းပြည်အကျိုးစီးပွား တိုးတက်အောင် တာဝန် ကျေပွန်စွာ ထမ်းဆောင်ကြရန်နှင့် နိုင်ငံတော်နှင့် တပ်မတော်အပေါ် သစ္စာစောင့်သိသွားရန် အလေး အနက်ထား မှာကြားလိုကြောင်း။
ကြိုးစားကျင့်ကြံနေထိုင်
တပ်မတော်(ကြည်း၊ ရေ၊ လေ)အတွက် လက်ရုံး ရည်၊ နှလုံးရည်ပြည့်ဝသည့် ဆေးသိပ္ပံပညာရှင် အရာရှိကောင်းများအဖြစ် နိုင်ငံတော်၊ တပ်မတော် နှင့် တိုင်းရင်းသားပြည်သူလူထုအတွက် ကြိုးပမ်း ဆောင်ရွက်ကြရန်၊ စစ်သည်တော်ကျင့်ဝတ်နှင့် ဆေးပညာကတိသစ္စာများကို လေးလေးနက်နက် စောင့်ထိန်းလိုက်နာပြီး စစ်သည်တော်ကောင်း၊ ဆရာဝန်ကောင်းတစ်ဦးအဖြစ် စေတနာ၊ မေတ္တာ ထားကာ စွမ်းစွမ်းတမံ စောင့်ရှောက်ကုသပေးကြ ရန်၊ ဆေးဝန်ထမ်းတပ်ဖွဲ့၏ ရည်မှန်းချက်ဖြစ်သည့် ကျန်းမာကြံ့ခိုင် တိုက်နိုင်ရန်ဆိုသည့် ဆောင်ပုဒ် အတိုင်း နိုင်ငံတော်ကာကွယ်ရေးတာဝန် ထမ်းဆောင် နေကြသည့် တပ်မတော်သားအားလုံး ကျန်းမာ ကြံ့ခိုင်ပြီး ပေးအပ်သည့်တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်နိုင်စေရန် မိမိတို့တတ်ကျွမ်းသည့် ဆေးပညာရပ်များနှင့် စောင့်ရှောက်ကာကွယ်သွား ကြရန်၊ မိမိကွပ်ကဲရသည့်တပ်ဖွဲ့ကို မှန်ကန်သည့် ခေါင်းဆောင်မှုပေးပြီး စစ်စည်းကမ်းများကို တိကျစွာ လိုက်နာကာ နိုင်ငံတော်နှင့် တပ်မတော်က အားထား ရသည့် ဆေးသိပ္ပံပညာရှင် စစ်သည်တော်ကောင်း များဖြစ်အောင် ကျင့်ကြံကြိုးစားသွားကြရန်၊ တပ်မတော်ဆေးတက္ကသိုလ်၏ ဆောင်ပုဒ်ဖြစ်သည့် သမားဇာနည် အောင်စစ်သည် ဆိုသည့်အတိုင်း နိုင်ငံတော်နှင့် တပ်မတော်က ဂုဏ်ယူရသည့် လက်ရုံးရည်၊ နှလုံးရည်ပြည့်ဝသည့် တပ်မတော်သား ကောင်း၊ ဆရာဝန်ကောင်းများဖြစ်အောင် ကြိုးစား ကျင့်ကြံနေထိုင်သွားကြရန် မှာကြားလိုကြောင်း ဖြင့် ပြောကြားသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် သည် ဗိုလ်လောင်းတပ်ခွဲများ၏အလေးပြုခြင်းကို ခံယူပြီးနောက် စစ်ရေးပြအခမ်းအနားမှ ပြန်လည် ထွက်ခွာသည်။
စစ်ရေးပြအခမ်းအနားအပြီးတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်သည် တပ်မတော်ဆေးတက္ကသိုလ် ကျောင်းဌာနချုပ် ဧည့်ခန်းမ၌ ထူးချွန်ဆုရရှိကြ သည့် ဗိုလ်လောင်းများကို တွေ့ဆုံ၍ ဂုဏ်ပြု အမှာစကားပြောကြားသည်။
ထပ်တူဂုဏ်ယူဝမ်းမြောက်
ဂုဏ်ပြုအမှာစကား ပြောကြားရာတွင် ယခု ကဲ့သို့ ထူးချွန်ဆုများ ရရှိကြသည့်အတွက် မိဘများ နှင့် ထပ်တူဂုဏ်ယူဝမ်းမြောက်မိပါကြောင်း၊ သင်တန်းကာလတစ်လျှောက်လုံး မျှော်မှန်းချက်၊ ရည်မှန်းချက်ရှိစွာဖြင့် အစဉ်တစိုက် ကြိုးစား အားထုတ်ခဲ့ပြီး မိမိကိုယ်ကို ထိန်းထိန်းသိမ်းသိမ်း နှင့် နေထိုင်ခဲ့မှုကြောင့် ထူးချွန်ဆုများ ရရှိခဲ့ခြင်း ဖြစ်သဖြင့် ကောင်းမွန်သည့် အခြေခံကောင်းများ ရှိခဲ့ပြီးဖြစ်ကြောင်း၊ ရှေ့ဆက်လက်လျှောက်လှမ်းရ မည့် ဘဝခရီးတစ်လျှောက်တွင်လည်း မိမိတို့၏ ရည်မှန်းချက်များ မပျောက်ပျက်၊ မယိမ်းယိုင်စေရေး အတွက် အသိတရား၊ သတိတရား၊ ရောင့်ရဲတင်းတိမ် စိတ်တို့ဖြင့် မိမိကိုယ်ကို ထိန်းကျောင်းဆောင်ရွက် သွားရမည်ဖြစ်ကြောင်း၊ ဆုရဗိုလ်လောင်းတို့၏ မိဘများမှာ သာမန်နိုင်ငံ့ဝန်ထမ်းများဖြစ်၍ ပိုမိုဝမ်းမြောက်ဂုဏ်ယူပါကြောင်း၊ သို့ဖြစ်၍ ငယ်စဉ် ကလေးဘဝမှ တက္ကသိုလ်ရောက်သည်အထိ ကျွေးမွေးစောင့်ရှောက်သွန်သင်ပေးခဲ့သည့် မိဘများ ၏စကားကို နားထောင်ခြင်းအားဖြင့် ကျေးဇူးဆပ်ရ မည်ဖြစ်သကဲ့သို့ အသိပညာများနှင့် အတတ်ပညာ များကို သင်ကြားပေးလိုက်သည့် တပ်မတော်၏ ဂုဏ်ကျေးဇူးကိုလည်း စစ်သားကောင်းပီသစွာ နေထိုင်ကျင့်ကြံခြင်း၊ ခေါင်းဆောင်တစ်ယောက် အနေဖြင့်သာမက တပ်မတော်သားများနှင့် မိသားစု ဝင်များအား တာဝန်ကျေပွန်စွာ ပြုစုကုသ အလုပ် အကျွေးပြုခြင်းအားဖြင့်လည်း ကျေးဇူးသိတတ်ရ မည်ဖြစ်ကြောင်း၊ မိမိတို့၏ ရည်မှန်းချက်များ အောင်မြင်ပြည့်မြောက်စေရေးအတွက် မိမိကိုယ်ကို စောင့်ထိန်းမှု၊ ကြိုးစားအားထုတ်မှုတို့ဖြင့် ပေါင်းစပ် ဆောင်ရွက်ရမည်ဖြစ်သကဲ့သို့ အမျိုး၏ဂုဏ်ကို ထိန်းရမည်၊ ရိုးသားမှုဂုဏ်ကို ထိန်းရမည်၊ စစ်သား ကောင်းတစ်ယောက်၏ဂုဏ်ကို ထိန်းသိမ်းဆောင် ရွက်သွားကြရမည်ဖြစ်ကြောင်းဖြင့် ပြောကြားခဲ့ ကြောင်း သတင်းရရှိသည်။
သတင်းစဉ်