နေပြည်တော် ဇူလိုင် ၃
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ကမ္ဘာအေးဘုရားလမ်း ဓမ္မစကြာရိပ်သာ ကျောင်းတိုက်ရှိ အနန္တသုခ (၅) ထပ် ဓမ္မဗိမာန် ကျောင်းတော်ကြီး ကျောင်းလွှတ် ပူဇာဖွင့်ပွဲသို့ ယနေ့နံနက်ပိုင်းတွင် တက်ရောက်ဖွင့်လှစ်သည်။
အဆိုပါ အခမ်းအနားသို့ မန္တလေးမြို့ ဗန်းမော် ကျောင်းတိုက် ဆရာတော် နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ ဥက္ကဋ္ဌ အဘိဓဇ မဟာရဋ္ဌဂုရု အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဒေါက်တာ ဘဒ္ဒန္တကုမာရ ဘိဝံသ ဗန်းမော် ဆရာတော်ဘုရားကြီး အမှူးပြုသည့် ဆရာတော်၊ သံဃာတော်များ ကြွရောက်ချီးမြှင့် တော်မူကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဇနီး ဒေါ်ကြူကြူလှ၊ မိသားစုဝင်များနှင့်အတူ ခရီးစဉ်တွင် လိုက်ပါလာ သည့် အဖွဲ့ဝင်များနှင့် ဇနီးများ၊ ရန်ကုန်တိုင်းဒေသ ကြီး ဝန်ကြီးချုပ်နှင့် ဇနီး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီး၊ မြို့တော်ဝန်နှင့် ဇနီး၊ အလှူရှင် များနှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် အခမ်း အနားပြုလုပ်မည့်နေရာသို့ ရောက်ရှိကြပြီး ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် ကျောင်း ဒါယကာအလှူရှင် ဒေါက်တာ သာရင်မြတ် တို့က အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အနန္တသုခ (၅) ထပ် ဓမ္မဗိမာန်ကျောင်းတော်ကြီး ကမ္ပည်းမော်ကွန်းကို စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးသည်။ ယင်းနောက် ဗန်းမော်ဆရာတော်ဘုရားကြီးနှင့် ဓမ္မစကြာရိပ်သာ ဆရာတော်တို့ ဦးဆောင်၍ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များက ကျောင်းတော်ကြီး ကမ္ပည်းမော်ကွန်း အား အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းပူဇော်ကြသည်။
ငါးပါးသီလခံယူဆောက်တည်
ထို့နောက် အခမ်းအနားအစီအစဉ် ဒုတိယပိုင်း ကို ဆက်လက်ကျင်းပပြုလုပ်ရာ နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ပြီး တက် ရောက်လာကြသူများက ဗန်းမော်ဆရာတော်ဘုရား ကြီးထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြသည်။ ထို့နောက် ဆရာတော်အရှင်သူမြတ်များ ရွတ်ပွား ချီးမြှင့်တော်မူသော ပရိတ်တရားတော်များကို နာယူ ကြည်ညိုကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့က ဗန်းမော်ဆရာတော်ဘုရားကြီးထံသို့ လှူဖွယ်ပစ္စည်း များကို ဆက်ကပ်လှူဒါန်းသည်။ ထို့နောက် အနန္တ သုခ (၅) ထပ်ကျောင်းဆောင်တော်ကြီးကို ဓမ္မစကြာ ရိပ်သာ ဆရာတော် ဘဒ္ဒန္တ အာဝုဓ ထံသို့ သာဟတိ ဝိထကဒါနမြောက် ဆက်ကပ်လှူဒါန်းရာ ဆရာတော် မှ ဓမ္မလက်ဆောင်များ ပြန်လည်ပေးအပ်သည်။ ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ မိသားစုဝင်များ၊ အလှူရှင်များနှင့် တက်ရောက်လာကြသူများက ဆရာတော်၊ သံဃာတော်များကို လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက် ကျောင်းဒါယကာ အလှူရှင်ဒေါက်တာ သာရင်မြတ်က ဝမ်းမြောက် ကျေးဇူးတင်စကား လျှောက်ထားသည်။
ဆက်လက်ပြီး နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ ဒုတိယဥက္ကဋ္ဌ အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတ ဒေါက်တာ ဘဒ္ဒန္တစန္ဒနသာရ ကျောက်မဲဆရာတော် ထံမှ အနုမောဒနာ တရားနာယူ၍ ရေစက်သွန်း လောင်း အမျှပေးဝေကြသည်။ ယင်းနောက် ဗုဒ္ဓ သာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ပြီး ကျောင်းလွှတ်ပူဇာ မဟာမင်္ဂလာပွဲအောင်မြင်ခြင်း အထိမ်းအမှတ်အဖြစ် ရတနာရွှေမိုးငွေမိုးများ ရွာသွန်းဖြိုးကြသည်။
အခမ်းအနားအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်၊ ဇနီးနှင့် တက်ရောက်လာကြသူများသည် အနန္တသုခ (၅)ထပ် ဓမ္မဗိမာန်ကျောင်းတော်ကြီးကို လှည့်လည်ကြည့်ရှု ကြပြီး ဗန်းမော်ဆရာတော်ဘုရားကြီး အမှူးပြုသည့် ဆရာတော်အရှင်သူမြတ်များကို နေ့ဆွမ်းဆက်ကပ် လှူဒါန်းကြသည်။
အဆိုပါ ဓမ္မစကြာရိပ်သာ ကျောင်းတိုက် ကြီးကို ၁၉၅၄ ခုနှစ်တွင် ဘဒ္ဒန္တ ဝိဓဇသိရီ မဟာထေရ် မြတ်က
စတင်တည်ထောင်တော်မူခဲ့ကြောင်း၊ ထို့နောက် ကျောင်းတိုက်ကြီးကို လက်ဆင့်ကမ်း၍ အစဉ်အဆက် ထိန်းသိမ်းစောင့်ရှောက်ခဲ့ကြပြီး ယခုကျောင်းလွှတ် ပူဇာသဘင်ပြုလုပ်သည့် အနန္တသုခ (၅) ထပ် ဓမ္မ ဗိမာန်ကျောင်းတော်ကြီးကို တပ်မတော် ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အမှူးပြု သည့် ကျောင်းဒါယကာ၊ ဒါယိကာမများက ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၁၂ ရက်တွင် ပန္နက်တော်တင် မင်္ဂလာအခမ်းအနား ပြုလုပ်၍ လှူဒါန်းခဲ့ခြင်းဖြစ် ကြောင်း၊ အလျား ၁၀၈ ပေ၊ အနံ ၄၅ ပေရှိ (၅) ထပ် ကျောင်းတော်ကြီးမှာ ဘဒ္ဒန္တ အာဝုဓ၊ ပဓာန နာယက ဓမ္မစကြာရိပ်သာဆရာတော်အား အမှူးထား၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် ဇနီး အမှူးပြုသော တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများ၊ အဂ္ဂမဟာသီရိသုဓမ္မ မဏိဇောတဓရ ကျောင်းဒါယကာ ဒေါက်တာ သာရင်မြတ်၊ ဇနီး သီဟသုဓမ္မသိင်္ဂီ လူမှုထူးချွန် ကျောင်းဒါယိကာမ ဒေါ်နွယ်နွယ်အေးနှင့် မိသားစုဝင် များက မတည်လှူဒါန်းပြီး Four River Myanmar Co.,ltd အမေရိကန် ကုမ္ပဏီမိသားစုနှင့် စေတနာရှင် အလှူရှင်များ စုပေါင်း၍ ငွေကျပ် သိန်းပေါင်း တစ်သောင်းကျော် ကုန်ကျခံ တည်ဆောက်လှူဒါန်း ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်



