
နေပြည်တော် မေ ၂၆
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် ကြီးပွားရေးရပ်ကွက် ပုညနိမ္မိတာရာမ ရွှေသုဝဏ် ကျောင်းတိုက်၏ ဦးစီးပဓာနနာယက၊ နိုင်ငံတော် ဩဝါဒါစရိယဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘဒ္ဒန္တသဒ္ဓိယ မဟာထေရ်မြတ်ကြီးသည် ၂၀၂၂ ခုနှစ် မေ ၂၁ ရက် (စနေနေ့)နံနက် ၁ နာရီ မိနစ် ၄၀ တွင် ဘဝနတ်ထံ ပျံလွန်တော်မူခဲ့သည်။
သွားရောက်ဖူးမြော်ကြည်ညို
ဆရာတော်ဘုရားကြီး၏ ဥတုဇရုပ်ကလာပ်တော် အား ပုညနိမ္မိတာရာမ ရွှေသုဝဏ်ကျောင်းတိုက်၌ ပူဇော်ထားလျက်ရှိရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ တို့သည် ကောင်စီဝင် ဗိုလ်ချုပ်ကြီး တင်အောင်စန်း နှင့်ဇနီး၊ တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးလှမိုး၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး နှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့မွန်းလွဲပိုင်းတွင် သွားရောက်ဖူးမြော်ကြည်ညိုသည်။
ဆက်ကပ်လှူဒါန်း
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ကချင်ပြည်နယ် သံဃနာယကအဖွဲ့အကျိုးတော်ဆောင် မြစ်ကြီးနား မြို့ ဓမ္မရက္ခိတဝန်းသိုကျောင်းတိုက်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကေတုမာလာ အမှူးပြု သည့် အန္တိမအဂ္ဂိဈာပနကျင်းပရေး ဩဝါဒါစရိယ ဆရာတော်ကြီးများအား ဖူးမြော်ကြည်ညိုပြီး ဆရာတော်ဘုရားကြီး၏ အန္တိမအဂ္ဂိဈာပနပူဇာသဘင် အခမ်းအနားပြုလုပ်မည့် အခြေအနေများကို လျှောက်ထားဆွေးနွေး၍ လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးကာ ဓမ္မရက္ခိတ ဝန်းသိုကျောင်းတိုက်ဆရာတော်ထံ လှူဖွယ်ပစ္စည်း များ ဆက်ကပ်လှူဒါန်းသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဆရာတော် ဘုရားကြီး၏ အန္တိမအဂ္ဂိဈာပနပူဇာသဘင် အခမ်း အနားကျင်းပပြုလုပ်နိုင်ရေး အလှူငွေများ ပေးအပ် လှူဒါန်းရာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက လက်ခံရယူသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဇနီးနှင့် အဖွဲ့ဝင် များသည် ရွှေသုဝဏ်ဆရာတော်ဘုရားကြီး၏ ဥတုဇရုပ်ကလာပ်တော်အား ဖူးမြော်ကြည်ညိုကြ သည်။
အဆင့်ဆင့်အောင်မြင်ခဲ့
အဆိုပါ ရွှေသုဝဏ်ဆရာတော်ဘုရားကြီး အလောင်းလျာကို မိတ္ထီလာခရိုင် ဝမ်းတွင်းမြို့နယ် အောင်ချမ်းသာ(ခံဘဲ့ကျေးရွာ)၌ ခမည်းတော် ဦးထွေး၊ မယ်တော် ဒေါ်နှင်းအေးတို့မှ မြန်မာသက္ကရာဇ် ၁၃၀၀ ပြည့်နှစ်၊ နတ်တော်လဆန်း ၁၁ ရက်တွင် ဖွားမြင်ခဲ့ပြီး မွေးချင်း ၆ ဦးအနက် အကြီးဆုံး ဖြစ်ကြောင်း၊ အောင်ချမ်းသာ(ခံဘဲ့ကျေးရွာ) မှန်ကျောင်းဆရာတော် ဘဒ္ဒန္တကုဏ္ဍလထံတွင် ပညာသင်ယူ၍ ၁၃၁၁ ခုနှစ်တွင် ရှင်သာမဏေ အဖြစ်သို့ ရောက်ရှိခဲ့ကြောင်း၊ ၁၃၁၉ ခုနှစ်တွင် မြစ်သားမြို့ မင်းကျောင်းတိုက်ခဏ္ဍသိမ်၌ ရေလည် ကျောင်းဆရာတော်ကို ဥပဇ္ဈာယ်ပြု၍ ရဟန်းအဖြစ် သို့ ရောက်ရှိခဲ့ကြောင်း၊ ဆရာတော်သည် အစိုးရ ပထမပြန်စာမေးပွဲများကို နှစ်စဉ်အောင်မြင်ခဲ့ပြီး ၁၃၁၉ ခုနှစ် ဓမ္မာစရိယစာချတန်းတွင် ကျမ်းရင်း ၃ ကျမ်းနှင့် ဂုဏ်ထူး ၃ ကျမ်းတို့ကို ရှင်သာမဏေဘဝ ဖြင့် အောင်မြင်၍ “သာသနာ့ဓဇသီရိပဝရ ဓမ္မာစရိယ” ဘွဲ့ကို နိုင်ငံတော်သမ္မတ ဦးဝင်းမောင်က ဆက်ကပ် ခဲ့ကြောင်း၊ ထို့နောက် သာသနာတော်ဆိုင်ရာ စာမေးပွဲများကို အဆင့်ဆင့်အောင်မြင်ခဲ့ပြီး ဗုဒ္ဓ ပွင့်တော်မူရာ အိန္ဒိယနိုင်ငံ၊ ဗီဟာပြည်နယ်၊ ဒရဘံဂါ တက္ကသိုလ်အောက်ရှိ နာလန္ဒာ ဘွဲ့လွန်ပညာသင်တန်း ကျောင်းသို့ ၁၉၈၁ ခုနှစ်တွင် ကြွရောက် ပညာသင်ယူ ရာ ၁၉၈၂ ခုနှစ်တွင် “အာစရိယ” ဘွဲ့၊ ၁၉၈၆ ခုနှစ် တွင် မာဂဓတက္ကသိုလ်မှ မဟာဝိဇ္ဇာ(M.A. Buddhist Study) ဘွဲ့ကိုရရှိခဲ့ကြောင်း၊ ဆရာတော်ဘုရားကြီး သည် ပရိယတ္တိစာပေသင်ကြားရေးဆိုင်ရာ ကိစ္စရပ် များ စနစ်တကျရှိစေရေး ဆောင်ရွက်ခြင်း၊ တိုင်းဒေသ ကြီးနှင့် ပြည်နယ်အသီးသီးရှိ စေတီပုထိုးများ တည်ထားပူဇော်ရာတွင် စနစ်တကျဖြစ်စေရေး ဆောင်ရွက်ပေးခြင်း၊ ကျမ်းစာများပြုတော်မူခြင်း၊ မြန်မာနိုင်ငံ ပြက္ခဒိန်အကြံပေးအဖွဲ့ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခြင်း၊ ဗုဒ္ဓစာပေအဖွဲ့ ဖွဲ့စည်းတည်ထောင်၍ စာအုပ်အမျိုးမျိုးကို ဖြန့်ဝေထိန်းသိမ်းခြင်း၊ ပိဋကတ် ကို ကွန်ပျူတာ စာလုံးဖြင့်ရိုက်နှိပ်ခြင်း၊ တိုက်နယ် ဆေးရုံ ဆောက်လုပ်လှူဒါန်းခြင်း စသည့်အမျိုး ဘာသာသာသနာတော်အကျိုးများကို များစွာသယ်ပိုး တော်မူခဲ့ကြောင်း၊ သာသနာတော်ကြီး အဓွန့်ရှည် ကြာ တည်တံ့ရေးအတွက် နည်းမျိုးစုံဖြင့် စဉ်ဆက် မပြတ် ဆောင်ရွက်တော်မူ၍ အမျိုးဘာသာ သာသနာ တော်အကျိုးကို သယ်ပိုးတော်မူခဲ့ခြင်းကြောင့် နိုင်ငံတော်အစိုးရက ဆရာတော်ဘုရားကြီးအား ၁၉၉၇ ခုနှစ်တွင် အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇဘွဲ့၊ ၂၀၀၇ ခုနှစ်တွင် အဂ္ဂမဟာပဏ္ဍိတဘွဲ့၊ ၂၀၁၇ ခုနှစ် တွင် Doctor of Letters ဘွဲ့၊ ၂၀၁၉ ခုနှစ်တွင် အဘိဓဇမဟာရဋ္ဌဂုရုဘွဲ့၊ ၂၀၂၁ ခုနှစ်တွင် အဘိဓဇ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဘွဲ့တို့ကို ဆက်ကပ် လှူဒါန်းခြင်းခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်