
နေပြည်တော် ဇန်နဝါရီ ၂၀
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် မြို့မိမြို့ဖများအား သွားရောက်တွေ့ဆုံအမှာစကား ပြောကြားသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ဧရာဝတီ တိုင်းဒေသကြီး ပုသိမ်လေဆိပ်သို့ ရောက်ရှိကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက် တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ဝေလင်း နှင့် အဖွဲ့ဝင်များက ကြိုဆိုနှုတ်ဆက်ကြသည်။
ပုသိမ်လေယာဉ်ကွင်း အဆင့်မြှင့်တင်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိ
ထို့နောက် လေဆိပ်ဧည့်ခန်းမဆောင်၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ တိုင်းဒေသကြီးဝန်ကြီးချုပ် နှင့် တာဝန်ရှိသူများက လေဆိပ်သမိုင်းအကျဉ်း၊ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှာကြားချက်များ နှင့်အညီ လေဆိပ်နှင့် လေယာဉ်ပြေးလမ်းအဆင့်မြှင့် တင်ခြင်းလုပ်ငန်းများကို လျာထားဆောင်ရွက်လျက် ရှိသည့်အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်း တင်ပြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ပုသိမ်လေယာဉ်ကွင်းကို ပြည်တွင်း၊ ပြည်ပခရီးသွား လုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ အဆင့်မြှင့် တင်ရန် ဆောင်ရွက်စေခဲ့ခြင်းဖြစ်ကြောင်း၊ ဧရာဝတီ တိုင်းဒေသကြီးသည် ခရီးသွားလာရေးလုပ်ငန်း ဆောင်ရွက်ရန်အတွက် နာမည်ကျော် ကမ်းခြေများ အပါအဝင် သဘာဝအလှအပများ၊ ဒေသထွက်အစား အသောက်များနှင့် အခြားအခြေခံကောင်းများစွာကို ပိုင်ဆိုင်ထားရှိပြီးဖြစ်ကြောင်း၊ လေဆိပ်အဆင့်မြှင့် တင်ခြင်းအပြင် တိုင်းဒေသကြီးအတွင်းရှိ ကားလမ်း များကိုလည်း အဆင့်မြှင့်တင်ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ လေဆိပ်နှင့် လေယာဉ်ပြေးလမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ရေရှည်တည်တံ့ခိုင်မြဲရေးနှင့် ဘေးကင်းလုံခြုံရေးကို အလေးထားဆောင်ရွက်သွားကြရန်လိုပြီး လုပ်ငန်း အဆင့်အလိုက် အမြန်ဆုံးအကောင်အထည်ဖော်နိုင် ရေး ဆောင်ရွက်သွားကြရန်လိုကြောင်း မှာကြား သည်။
ယင်းနောက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ နှင့် မြို့မိမြို့ဖများအား တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး ဧရာရွှေဝါခန်းမ၌ တွေ့ဆုံအမှာစကား ပြောကြား သည်။
အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဒုတိယ ဗိုလ်ချုပ်ကြီး ညိုစော၊ မန်းငြိမ်းမောင်၊ ဒေါက်တာ ဘရွှေ၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးမင်းနောင်၊ ဦးလှမိုး၊ ဦးခင်မောင်ရီ၊ ဦးမျိုးသန့်၊
ဒေါက်တာ ညွန့်ဖေ၊ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီး ချုပ် ဦးတင်မောင်ဝင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ အနောက် တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ဝေလင်း၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဌာန ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။
တိုင်းဒေသကြီးအတွင်း လုပ်ငန်းဆောင်ရွက်နေမှု များနှင့် လိုအပ်ချက်များအား အသီးသီးတင်ပြ
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က တိုင်းဒေသ ကြီးအစိုးရအဖွဲ့၏ လုပ်ငန်းဆောင်ရွက်နေမှုအခြေ အနေများ၊ တိုင်းဒေသကြီးအတွင်း စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိမှုနှင့် အောင်မြင်ဖြစ်ထွန်းမှု အခြေအနေများ၊ ဆားထုတ်လုပ်မှုနှင့် ဒေသထွက်ဆားများ ဈေးကွက် ရရှိရေး ဆောင်ရွက်လျက်ရှိမှု၊ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေး ကုန်ထုတ် လုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု၊ သဘာဝထိန်းသိမ်း ရေးနယ်မြေများ သတ်မှတ်ဆောင်ရွက်လျက်ရှိမှုနှင့် စုပေါင်းသစ်ပင်စိုက်ပျိုးမှုများ ပြုလုပ်၍ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းဆောင်ရွက်လျက်ရှိမှု၊ တိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အား ဖူလုံစွာ ရရှိရေး၊ လမ်းပန်းဆက်သွယ်မှုများ ကောင်းမွန်စေရေး ဆောင်ရွက်လျက်ရှိမှု၊ ပညာရေး၊ ကျန်းမာရေး အဆင့်မြှင့်နိုင်ရေး ဆောင်ရွက်လျက်ရှိမှု၊ ဒေသတွင်း ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံဆောင်ရွက်လျက်ရှိမှု အခြေအနေများနှင့် အထွေထွေတင်ပြချက်များကို ရှင်းလင်းတင်ပြသည်။
ထို့နောက် တက်ရောက်လာကြသည့် မြို့မိမြို့ဖ များက ပုသိမ် - ချောင်းသာနှင့် ပုသိမ် - ငွေဆောင်တို့ အား ဆက်သွယ်ထားရှိသည့် လမ်းကြောင်းများပေါ်ရှိ ဘေလီတံတား နှစ်စင်းကို အဆင့်မြှင့်တင်ဆောင် ရွက်ပေးစေလိုမှု၊ ကုန်စည်ကူးသန်းရောင်းဝယ်မှုများ ပိုမိုလျင်မြန်ချောမွေ့စေရေးအတွက် ပုသိမ်မြို့အဝင်၌ အဆင့်မြင့်ကုန်စည်ကားဝင်းတစ်ခု ဆောင်ရွက်ပေး စေလိုမှု၊ ရန်ကုန် - ပုသိမ် ကားလမ်း အဆင့်မြှင့်တင် ဆောင်ရွက်ပေးစေလိုမှုနှင့် အခြားလိုအပ်သည်များကို ဆွေးနွေးတင်ပြကြသည်။
တင်ပြချက်များနှင့်ပတ်သက်၍ ဝန်ကြီးဌာနအလိုက် ပြန်လည်ရှင်းလင်းဆွေးနွေး
ဆွေးနွေးတင်ပြမှုများနှင့်ပတ်သက်၍ ပြည်ထောင်စု ဝန်ကြီးများဖြစ်ကြသည့် ဦးမင်းနောင်၊ ဦးလှမိုး၊ ဦးခင်မောင်ရီ၊ ဦးမျိုးသန့်၊ ဒေါက်တာညွန့်ဖေတို့က တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တင်ပြချက်များအား သက်ဆိုင်ရာ ဝန်ကြီးဌာနများအလိုက် ပြန်လည် ဆောင်ရွက်ပေးနိုင်မည့်အခြေအနေများ၊ တိုင်းဒေသ ကြီးနှင့် ပြည်နယ်အသီးသီး၌ စိုက်ပျိုးမွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများ အောင်မြင်စွာဆောင်ရွက်နိုင် ရေး ဝန်ကြီးဌာနအလိုက် စီမံဆောင်ရွက်ပေးရန်နှင့် ဖြည့်ဆည်းပံ့ပိုးပေးရန် လိုအပ်သည်များကို တတ်နိုင် သရွေ့ ဆောင်ရွက်ပေးလျက်ရှိမှု၊ ကျေးလက်နေ ပြည်သူလူထုတို့၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက် ရေး၊ ဝင်ငွေတိုးပွားစေရေးတို့အတွက် သမဝါယမ အသင်းအဖွဲ့များစုဖွဲ့၍ လိုအပ်သည့်သွင်းအားစုများ၊ နည်းပညာ၊ စက်ကိရိယာနှင့် အရင်းအနှီးများ ကူညီ ဆောင်ရွက်ပေးလျက်ရှိမှုနှင့် ထွက်ရှိလာသည့် စိုက်ပျိုး မွေးမြူရေး ထုတ်ကုန်များ ဈေးကွက်ရရှိရေးအတွက် ဆောင်ရွက်ပေးလျက်ရှိမှု၊ ဧရာဝတီတိုင်းဒေသကြီး အတွင်း သစ်၊ ဝါး၊ ကြိမ် စသည်တို့ အပါအဝင် သစ်တောသယံဇာတများမှ ရရှိသည့် ကုန်ကြမ်းများ ကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများကို အောင်မြင် စွာ ဆောင်ရွက်နိုင်မည့်အခြေအနေများ၊ တစ်နိုင်ငံ လုံး၏ ဆားလိုအပ်ချက်ကို အဓိက ဖြည့်ဆည်းပေးနေ သည့် ဒေသတစ်ခုဖြစ်ပြီး ခေတ်မီနည်းစနစ်များကို အသုံးပြု၍ အဆင့်မီစွာထုတ်လုပ်၍ ပြည်ပသို့ တင်ပို့ နိုင်ပါက ဒေသဖွံ့ဖြိုးတိုးတက်မှုကို များစွာအထောက် အကူဖြစ်စေနိုင်မှု၊ ပုသိမ် - ချောင်းသာ၊ ပုသိမ်-ငွေဆောင်လမ်းကြောင်းပေါ်ရှိ ဘေလီတံတားအား အဆင့်မြှင့်တင်ပေးစေလိုမှုနှင့် ရန်ကုန် - ပုသိမ် လမ်းကြောင်းအား အဆင့်မြှင့်တင်ပေးစေလိုမှုတို့ အပေါ် ရေရှည်စီမံချက်များချမှတ်၍ နှစ်အလိုက်ခွင့်ပြု ဘတ်ဂျက်များဖြင့် ဆောင်ရွက်ပေးနိုင်ရေး စီမံဆောင် ရွက်ပေးသွားမည်ဖြစ်မှု၊ တိုင်းဒေသကြီးအတွင်း ပညာရေးဝန်ထမ်းများလိုအပ်ချက်ကို ဖြည့်ဆည်း ပေးနိုင်ရေး၊ စာသင်ကျောင်းများ ဥပဓိရုပ် ကောင်းမွန် စေရေး စီမံဆောင်ရွက်ပေးလျက်ရှိမှုတို့နှင့် ပတ်သက် ၍ ပြန်လည်ဆွေးနွေးပြောကြားကြသည်။
နိုင်ငံအတွက် အားကိုးအားထားရပြီး
ရေခံမြေခံနှင့် အခြေခံကောင်းများ ပိုင်ဆိုင်ထားသည့် တိုင်းဒေသကြီးဖြစ်
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဆွေးနွေးပြောကြား ရာတွင် ဧရာဝတီတိုင်းဒေသကြီးသည် မြန်မာနိုင်ငံ အတွက် အားကိုးအားထားရသည့် တိုင်းဒေသကြီး တစ်ခုဖြစ်ပြီး ရေခံမြေခံကောင်းနှင့် အခြေခံကောင်း များကို ပိုင်ဆိုင်ထားရှိကြောင်း၊ ပညာရေးနှင့် ပတ်သက်၍လည်း ဧရာဝတီတိုင်းဒေသကြီးသည် ကျောင်းတက်ရောက်သူဦးရေ အများဆုံး၊ ကျောင်းနေ ထိုင်မှုနှင့် အောင်ချက်ရာခိုင်နှုန်းအမြင့်ဆုံးဖြစ်သည် ကို တွေ့ရှိရကြောင်း၊ အနာဂတ်အတွက် အခြေခံ ကောင်းများစွာကို ပိုင်ဆိုင်ထားရှိပြီးဖြစ်သဖြင့် တိုင်း ဒေသကြီးတွင် အမြဲတမ်းနေထိုင်လျက်ရှိသည့် မြို့မိ မြို့ဖများအနေဖြင့် အတွေ့အကြုံရှိပြီး ဒေသအတွက် အကျိုးပြုနိုင်မည့် အစုအဖွဲ့များစုဖွဲ့၍ ဒေသ၏ အခြေခံကောင်းများကို ဆက်လက်ထိန်းသိမ်း ဆောင် ရွက်သွားမည်ဆိုပါက ယခုထက် ပိုမိုဖွံ့ဖြိုးတိုးတက် လာနိုင်မည်ဖြစ်ကြောင်း။
ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ပုသိမ်လေဆိပ် ကို အဆင့်မြှင့်တင်ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး နိုင်ငံတကာမှ လေယာဉ်များဆင်းသက်နိုင်သည်အထိ ဆောင်ရွက်ပေးနိုင်ရေး စီမံလျက်ရှိကြောင်း၊ ဒေသ တွင်း မြို့ပြဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း စနစ် တကျ စီမံဆောင်ရွက်သွားကြရန် လိုအပ်မည်ဖြစ် ကြောင်း၊ ဒေသတွင်း ခရီးသွားလာရေးလုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆက်သွယ်ရေးလမ်းကြောင်း များကို အဆင့်မြှင့်တင်ပေးသွားမည်ဖြစ်သဖြင့် လမ်းကြောင်းများပေါ်ရှိ မြို့ရွာများ စနစ်ကျနမှု ရှိစေ ရေး၊ သန့်ရှင်းသာယာလှပရေးကို ဆောင်ရွက်ကြရန် လိုပြီး မြို့ပြစီမံကိန်းများအနေဖြင့် စနစ်ကျနရန် လိုအပ် မည်ဖြစ်ကြောင်း၊ ဒေသနှင့် တိုင်းပြည်အကျိုးကို ကြည့် ၍ အချိန်ကာလအတိုင်းအတာတစ်ခုအတွက်သာ အဆင်ပြေ ရန်မဟုတ်ဘဲ အနာဂတ်အတွက် အဆင်ပြေအောင် စီမံဆောင်ရွက်ကြစေလိုကြောင်း။
ယခင်က ပုသိမ်ဒေသအနေဖြင့် ကုန်စည်ကူးသန်း ရောင်းဝယ်မှုများ ဆောင်ရွက်ရာတွင် ရေကြောင်းကို သာ အဓိကအသုံးပြု၍ ဆောင်ရွက်ခဲ့ကြကြောင်း၊ လက်ရှိအချိန်တွင်လည်း ရေကြောင်းခရီးသွားလာ ရေး၊ ရေကြောင်းကုန်စည်ကူးသန်းရောင်းဝယ်ရေး လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်စေရေး စီမံဆောင် ရွက်လျက်ရှိကြောင်း၊ ဒေသတွင်းရှိ ရထားပို့ဆောင် ရေးခရီးစဉ်များကိုလည်း အကျိုးရှိရှိအသုံးချစေလို ကြောင်း၊ ပို့ဆောင်ရေးစနစ်များတွင် လေကြောင်းဖြင့် သယ်ယူပို့ဆောင်ခြင်း၊ ရေကြောင်းဖြင့် သယ်ယူ ပို့ဆောင်ခြင်း၊ မော်တော်ယာဉ်ဖြင့်သယ်ယူပို့ဆောင် ခြင်းနှင့် မီးရထားဖြင့် သယ်ယူပို့ဆောင်ခြင်းဟူ၍ ရှိပြီး မီးရထားဖြင့် သယ်ယူပို့ဆောင်ခြင်းသည် စရိတ်စကသက်သာစွာဖြင့် ခရီးသည်အများအပြားကို လိုရာခရီးကို ပို့ဆောင်ပေးနိုင်သကဲ့သို့ ကုန်စည် အမြောက်အမြားကိုလည်း ရထားလမ်းကွန်ရက်ရှိရာ ဒေသအသီးသီးကို စရိတ်ကုန်ကျမှုအနည်းဆုံးဖြင့် အချိန်တိုအတွင်း ပို့ဆောင်ပေးနိုင်သောကြောင့် အားပေးဆောင်ရွက်သွားကြရန်လိုပြီး အကျိုးရှိစွာ အသုံးချနိုင်ရန်လိုကြောင်း။
ဧရာဝတီတိုင်းဒေသကြီးတွင် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကို အောင်မြင်ဖြစ်ထွန်းစွာ ဆောင်ရွက် လျက်ရှိပြီး လက်ရှိအထွက်နှုန်းထက် ပိုမိုတိုးတက် အောင် ကြိုးစားဆောင်ရွက်ပေးကြစေလိုကြောင်း၊ စိုက်ပျိုးရေးထုတ်ကုန်များအား ပန်းတိုင်ရည် မှန်းချက်ပြည့်မီစေရေး ကြိုးပမ်းဆောင်ရွက်ကြရန် လိုပြီး စိုက်ဧကတိုးချဲ့ဆောင်ရွက်ခြင်းထက် အထွက် နှုန်းကောင်းမွန်စေရေးနှင့် သီးထပ်စိုက်ပျိုးခြင်းများ ကို အောင်မြင်အောင် ဆောင်ရွက်ကြစေလိုကြောင်း၊ သမားရိုးကျစိုက်ပျိုးခြင်း နည်းလမ်းများကိုသာ အသုံးပြုနေ၍မရဘဲ ခေတ်မီစိုက်ပျိုးရေးနည်းစနစ်ကို အသုံးပြု၍ အောင်မြင်အောင် ဆောင်ရွက်နိုင်ကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် မျိုးကောင်းရန်၊ မြေကောင်းရန်၊ ရေလုံလောက်စွာ ရရှိရန်၊ နည်းစနစ်တကျစိုက်ပျိုးရန် စသည့်အချက် များ လိုအပ်ပြီး မိမိတို့ဒေသ၏ ရေခံမြေခံကောင်းများ ကို အကျိုးရှိရှိအသုံးချနိုင်ရန်လိုကြောင်း၊ မိမိတို့နိုင်ငံ၌ လယ်ယာစိုက်ပျိုးမှုများသည် အကွက်ငယ်များဖြင့် စိုက်ပျိုးကြသဖြင့် အနည်းဆုံးဧကကွက်များကို အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြင့် စက်မှု လယ်ယာစနစ်ကို အကောင်အထည်ဖော်နိုင်မည်ဖြစ် သကဲ့သို့ အထွက်နှုန်းများသည်လည်း တိုးတက်လာ မည်ဖြစ်ကြောင်း၊ မြေများကို စနစ်တကျပြုပြင်၍ ကောက်ကွက်များပြည့်မီအောင် စိုက်ပျိုးမည်ဆိုပါက အထွက်နှုန်းများ ကောင်းလာမည်ဖြစ်ကြောင်း၊ နိုင်ငံတော်မှ လိုအပ်သည်များကို ဖြည့်ဆည်းပေးမည် ဖြစ်သဖြင့် ဒေသခံများ၊ လုပ်ငန်းရှင်များမှ အမှန် တကယ် အလုပ်လုပ်ရန်နှင့် အောင်မြင်ရန်လိုကြောင်း။
အလားတူ ဧရာဝတီတိုင်းဒေသကြီးအတွင်း ငါးမွေးမြူရေးလုပ်ငန်းများကို အောင်မြင်စွာ ဆောင် ရွက်နိုင်မည့် အရင်းအမြစ်များကို ပိုင်ဆိုင်ထားပြီး ဖြစ်ကြောင်း၊ နိုင်ငံအတွက် အသား၊ ငါး လိုအပ်ချက် များစွာရှိပြီး လူအများစားသုံးနိုင်သော သင့်တော် သည့်ဈေးနှုန်းဖြင့် ရောင်းချနိုင်သည့် ငါးမျိုးများ၊ မွေးမြူရေးလုပ်ငန်းများအပြင် ကြက်၊ ဝက်၊ ဘဲ၊ ဆိတ်၊ ကျွဲ၊ နွား စသည့် မွေးမြူရေးလုပ်ငန်းများကိုလည်း အားပေးဆောင်ရွက်ကြရန်လိုကြောင်း။
ဧရာဝတီတိုင်းဒေသကြီးအနေဖြင့် စိုက်ပျိုး မွေးမြူရေးကို အခြေခံသည့် ပြည်ပသွင်းကုန် အစားထိုးလုပ်ငန်းများ၊ ပြည်တွင်းဈေးကွက် လိုအပ် ချက်ကို ဖြည့်ဆည်းပေးနိုင်မည့်လုပ်ငန်းများအား အမှန်တကယ်အောင်မြင်အောင် ဆောင်ရွက်နိုင်မည့် ဒေသတစ်ခုဖြစ်သဖြင့် အလေးထားဆောင်ရွက်ကြ စေလိုပြီး ဆောင်ရွက်လိုသည့် လုပ်ငန်းရှင်များကို လည်း ဖိတ်ခေါ်ပါကြောင်း၊ ပြည်ပသွင်းကုန်နှင့် ပတ်သက်၍ မိမိတို့နိုင်ငံတွင် ယခင်က ပြည်တွင်း ကုန်ထုတ်လုပ်မှုကို အားပေးခြင်းမရှိခဲ့ခြင်းကြောင့် ပြည်ပမှသွင်းကုန်များကို များစွာတင်သွင်းခဲ့ရပြီး ကုန်သွယ်မှုလိုငွေများဖြစ်ပေါ်ခဲ့ကြောင်း၊ ပြည်တွင်း ကုန်ထုတ်လုပ်မှုကို အားပေးဆောင်ရွက်ပြီး အမှန် တကယ်အလုပ်လုပ်ကြမည်ဆိုပါက မိမိတို့အနေဖြင့် ပြည်ပသွင်းကုန်များကို လျှော့ချနိုင်မည်ဖြစ်ပြီး နိုင်ငံ ခြားငွေသုံးစွဲမှုများကိုလည်း လျှော့ချနိုင်မည်ဖြစ် ကြောင်း၊ ထို့ကြောင့် ဒေသအကျိုး၊ နိုင်ငံ့အကျိုးကို ကြည့်၍ ပြည်တွင်းကုန်ထုတ်လုပ်မှုလုပ်ငန်းများ အောင်မြင်အောင် ဆောင်ရွက်ကြစေလိုကြောင်း။
ဧရာဝတီတိုင်းဒေသကြီး၌ သစ်၊ ဝါး၊ ကြိမ်ကို အခြေခံသည့် စက်မှုထုတ်ကုန်များကို အောင်မြင်စွာ ဆောင်ရွက်နိုင်မည်ဖြစ်ပြီး နိုင်ငံတော်အနေဖြင့်လည်း အားပေးဆောင်ရွက်လျက်ရှိကြောင်း၊ တစ်ဖက်တွင် လည်း သဘာဝမှရရှိသည့်ပစ္စည်းများ စဉ်ဆက်မပြတ် ရရှိရေး ပြန်လည်ထူထောင်ရေးလုပ်ငန်းများကိုဆောင်ရွက်သွားကြရန်လိုကြောင်း၊ ဒေသတွင်း၌ အရိပ်ရလေကာပင်များ၊ သစ်ပင်သစ်တောများကို လည်း စိုက်ပျိုးကြရန်လိုကြောင်း၊ သဘာဝဘေး အန္တရာယ်ဟူသည်မှာ ရှောင်လွှဲ၍မရဘဲ ဖြစ်လာသည့် အချိန်တွင်ရင်ဆိုင်ရန်နှင့် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားမည်ဆိုပါက ထိခိုက်မှုအနည်းဆုံး ဖြင့် ကျော်လွှားနိုင်မည်ဖြစ်ကြောင်း၊ ဒီရေတောများ သည် သဘာဝဘေးအန္တရာယ်မှ ကာကွယ်ပေးနိုင်သည့် အတွက် ကမ်းစပ်တစ်လျှောက်နှင့် ဒေသအတွင်း ဖြစ်နိုင်သမျှ အရေအတွက်များများ စိုက်ပျိုးထားရှိရန် လိုကြောင်းနှင့် သစ်၊ ဝါး၊ ကြိမ်တို့ကို အောင်မြင်အောင် အားပေးဆောင်ရွက်ကြစေလိုကြောင်း။
နိုင်ငံ့အကျိုး၊ ဒေသအကျိုးကို ဖော်ဆောင်ရာတွင်
အမြင်ကျယ်ကျယ်ဖြင့် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်
ကျန်းမာရေးနှင့်ပတ်သက်၍ တတ်နိုင်သရွေ့ မိမိကိုယ်ကို ကျန်းမာရေးနှင့်ညီညွတ်အောင် နေထိုင် ကြရန်လိုပြီး ဒေသတွင်း ကျန်းမာရေးဝန်ထမ်းလိုအပ် ချက်များကို နိုင်ငံတော်မှတတ်စွမ်းသရွေ့ ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ တစ်ဦးချင်း ကျန်းမာ ရေး ကောင်းမွန်ပြီး ကြံ့ခိုင်သန်စွမ်းမှုရှိမှသာလျှင် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ပိုမိုအလုပ်လုပ် နိုင်မည်ဖြစ်ကြောင်း၊ မိမိကိုယ်ကို ကျန်းမာရေး ကောင်းမွန်အောင် ဂရုစိုက်နေထိုင်ခြင်းဖြင့် ကျန်းမာ ရေးအတွက် ကုန်ကျမည့်ငွေကြေးများကိုလည်း သက်သာစေနိုင်မည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးရှိ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ ဒေသခံ များအနေဖြင့် နိုင်ငံ့အကျိုး၊ ဒေသအကျိုးကို ဖော်ဆောင်ရာတွင် အမြင်ကျယ်ကျယ်ဖြင့်ဆောင်ရွက် ကြရန်လိုပြီး အားလုံးအတူတကွ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ဆွေးနွေး တိုက်တွန်းပြောကြားသည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များ သည် တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ပုသိမ်မြို့နယ်အတွင်းရှိ လမ်းပန်းဆက်သွယ်ရေး လမ်းကြောင်းများနှင့် တံတားများ၊ မြို့ပြဖွံ့ဖြိုး တိုးတက်မှုများ၊ ဧရာဝတီအပြည်ပြည်ဆိုင်ရာ စက်မှု ဆိပ်ကမ်းနှင့် စက်မှုဇုန်များအား မော်တော်ယာဉ်များ ဖြင့် လှည့်လည်ကြည့်ရှုခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်