
နေပြည်တော် ဧပြီ ၂၈
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ ရုရှား-မြန်မာ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအသင်း ဒုတိယဥက္ကဋ္ဌ Mr. Anatoly Bulochnikov ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့က ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး ဧည့်ခန်းမ၌ လာရောက်ဂါရဝပြု တွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် မြန်မာ-ရုရှား နှစ်နိုင်ငံချစ်ကြည် ရင်းနှီးမှု၊ ပူးပေါင်းဆောင်ရွက်မှုများနှင့် ကဏ္ဍစုံတွင် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်ကောင်းမွန် လာမှုအခြေအနေများ၊ ရေအားလျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးစီမံကိန်းများတွင် ပူးပေါင်းဆောင်ရွက် သွားမည့်အခြေအနေများ၊ စိုက်ပျိုးရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများ၊ နှစ်နိုင်ငံအကြားခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဆက်လက်ဆောင်ရွက်သွား မည့် အခြေအနေများ၊ နှစ်နိုင်ငံအကြား ယဉ်ကျေးမှု ဖလှယ်ရေးဆိုင်ရာကိစ္စရပ်များ၊ နှစ်နိုင်ငံဆက်ဆံမှု များ တိုးတက်စေရေးအတွက် ရုရှားနိုင်ငံ၌ မြန်မာ နိုင်ငံ ကောင်စစ်ဝန်ရုံးများ တည်ဆောက်လျက်ရှိမှု၊ နှစ်နိုင်ငံအကြား ကူးလူးဆက်ဆံမှုများ တိုးမြှင့်ရေး နှင့် နှစ်နိုင်ငံကုန်သွယ်မှုလုပ်ငန်းများ ယခုထက် ပိုမိုတိုးတက်အောင် ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများနှင့် ပညာရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုများ မြှင့်တင်ရေးတို့နှင့် ပတ်သက်၍ ရင်းရင်းနှီးနှီး ဆွေးနွေးခဲ့ကြသည်။
မှတ်တမ်းတင်ဓာတ်ပုံရိုက်
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ရုရှား-မြန်မာ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး အသင်း ဒုတိယဥက္ကဋ္ဌတို့သည် အမှတ်တရ လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ကြပြီး မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။
တက်ရောက်
အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒေါက်တာကံဇော်၊ ဦးကိုကိုလှိုင်၊ ဦးအောင်သော်နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ရုရှား-မြန်မာ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအသင်း ဒုတိယဥက္ကဋ္ဌနှင့်အတူ ကိုယ်စားလှယ်အဖွဲ့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်း ရရှိသည်။
သတင်းစဉ်