နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေး (၂/၂၀၂၃)သို့ တက်ရောက်အမှာစကားပြောကြား

 

နေပြည်တော်   ဖေဖော်ဝါရီ    ၂၃


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေး  (၂/၂၀၂၃) ကို ယနေ့မွန်းလွဲပိုင်းတွင်    နေပြည်တော်ရှိ   နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြားသည်။

 


အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်   ဒုတိယဗိုလ်ချုပ်မှူးကြီး  စိုးဝင်း၊  အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး  အောင်လင်းဒွေး၊  တွဲဖက်အတွင်းရေးမှူး  ဒုတိယ ဗိုလ်ချုပ်ကြီး   ရဲဝင်းဦး၊  ကောင်စီအဖွဲ့ဝင်များနှင့်  တာဝန်ရှိသူများ တက်ရောက်ကြသည်။

 


ချမှတ်ထားသည့်ရှေ့လုပ်ငန်းစဉ်များ၊ ဦးတည်ချက် များကို အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ရန် ကြိုးပမ်းဆောင်ရွက်ရမည်


ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က      အဖွင့်အမှာစကား ပြောကြားရာတွင်     နိုင်ငံတော်ကို   နိုင်ငံရေးအရ အရေးပေါ်အခြေအနေ   ကြေညာထားသည့်  ကာလ ကို  ၆ လ  သက်တမ်းတိုးပြီးချိန်တွင် အသစ်ထပ်မံ ဖွဲ့စည်းသည့် ကောင်စီဝင်များဖြင့် ပထမဆုံးအကြိမ်  ပြုလုပ်သည့်  အစည်းအဝေးဖြစ်ကြောင်း၊ လာမည့် ၆  လတာ    ကာလအတွင်း      နိုင်ငံတော်အတွက်   နိုင်ငံရေးအရ၊    စီးပွားရေးအရ၊    လူမှုရေးအရ ဆောင်ရွက်ရန်ရှိသည့်    ကိစ္စများကို တိုင်ပင်ဆွေးနွေး ဆောင်ရွက်ရန်ဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအနေဖြင့် နိုင်ငံတော်အဆင့် မူဝါဒများ     ချမှတ်ဆောင်ရွက်ရကြောင်း၊   မိမိတို့ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီမှ    အသစ်ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ်များ၊ ဦးတည်ချက်များကို အောင်မြင် အောင်       အကောင်အထည်ဖော်ဆောင်ရွက်ရန် ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ တိုင်းပြည် ရာနှုန်းပြည့်   တည်ငြိမ်အေးချမ်းမှု  မရှိသေးခြင်းနှင့် လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲကျင်းပ နိုင်ရန်   အခြေခံလိုအပ်ချက်များမှအစ  ဖြည့်ဆည်း ဆောင်ရွက်ရန်လုပ်ငန်းများ   ရှိနေခြင်းတို့ကြောင့် အရေးပေါ်အခြေအနေကာလကို  ၆ လ သက်တမ်း တိုး     ဆောင်ရွက်ခဲ့ရခြင်းဖြစ်ကြောင်း၊   လာမည့် ရွေးကောက်ပွဲတွင်  ရွေးကောက်ပွဲကို  လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲဖြစ်ရန်၊  လူတိုင်း မဲပေးနိုင်ခွင့်ရှိရန်နှင့် နိုင်ငံတစ်ဝန်း  ဆောင်ရွက်နိုင်ရန်  ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ကမ္ဘာ့နိုင်ငံတိုင်း တွင် ဆန္ဒမဲပေးခြင်းကို  ရာနှုန်းပြည့်ဆောင်ရွက်နိုင် ခြင်းမရှိကြောင်း၊ မဲပေးခြင်း၊ မပေးခြင်းမှာ ပြည်သူ တစ်ဦးချင်း၏ ဆန္ဒဖြစ်ပြီး မဲဆန္ဒရှင်ပြည်သူများ အားလုံး လွတ်လပ်စွာမဲပေးနိုင်ရေး ဆောင်ရွက်ပေး ရန်မှာ အစိုးရ၏တာဝန်ဖြစ်ကြောင်း၊  ဆန္ဒမဲပေးချိန် တွင် ခြိမ်းခြောက်မှုများ၊ အကျပ်ကိုင်မှုများနှင့်   ဖိအား ပေးမှုများမရှိအောင် ဆောင်ရွက်ပေးရန်လိုကြောင်း၊      မဲဆန္ဒရှင်များ လွတ်လပ်စွာ ဆန္ဒမဲပေးနိုင်ရန်အတွက် နိုင်ငံတည်ငြိမ်အေးချမ်းမှုရှိအောင်    ဆောင်ရွက်ရန် လိုကြောင်း၊  အချို့ EAO များနှင့် PDF အမည်ခံ အကြမ်းဖက်သမားများ၏ အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် နိုင်ငံအဝန်း ရာနှုန်းပြည့် တည်ငြိမ် အေးချမ်းမှုမရှိသည်ကို     တွေ့ရှိရပြီး    တည်ငြိမ် အေးချမ်းမှုရှိအောင်    ဆက်လက်ဆောင်ရွက်ရန် လိုအပ်နေသေးကြောင်း။

 


လာမည့်ရွေးကောက်ပွဲကို အောင်မြင်စွာ
ကျင်းပနိုင်ရန် လုပ်ဆောင်သင့်သည်များကို ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိ


နိုင်ငံရေးပါတီများနှင့် ပတ်သက်၍    ပါတီအရေ အတွက်   များပြားသော်လည်း   ရွေးကောက်ပွဲတွင် လွှတ်တော်ကိုယ်စားလှယ် အရွေးခံရသည့် ပါတီများ နည်းပါးခဲ့သည်ကို တွေ့ရကြောင်း၊ ယင်းအခြေအနေ သည် နိုင်ငံရေးပါတီများအနေဖြင့် ဒေသနှင့်ပြည်သူ လူထုတို့၏    အမှန်တကယ်  လိုလားချက်များကို ဖော်ဆောင်ပေးနိုင်ရန် အားနည်းမှုရှိနေပြီး ပြည်သူ များ၏  ယုံကြည်ကိုးစားမှု နည်းပါးသည်ကို တွေ့ရ ကြောင်း၊ ထို့ကြောင့် ဒေသနှင့်ပြည်သူများ၏ လိုလား ချက်များကို အမှန်တကယ် အကောင်အထည်ဖော် ဆောင်ပေးနိုင်သော    ပြည်သူကို   အမှန်တကယ် ကိုယ်စားပြုသည့်     နိုင်ငံရေးပါတီများဖြစ်ရန် လိုကြောင်း၊ အလားတူ ရွေးကောက်ပွဲတွင်ပါဝင်သည့် ပါတီများသည် လွှတ်တော်ထဲတွင် ကိုယ်စားပြုမှုများ မှသာ ပြည်သူ၏အသံနှင့် တိုင်းပြည်မှ ဖြစ်စေချင်သည် များကို    ပြောခွင့်ရမည်ဖြစ်ကြောင်း၊   ထို့ကြောင့်  နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို ပြင်ဆင် ထုတ်ပြန်ခဲ့ကြောင်း၊ ပါတီများတွင် ဦးဆောင်သည့် သူများကိုလည်း ပြည်သူတို့၏ လိုလားချက်၊ လိုအပ် ချက်များကို သိရှိနိုင်ရေး အခွင့်အလမ်းများ ဖော်ဆောင် ပေးရမည်ဖြစ်ကြောင်း၊ လွှတ်တော်တွင် နိုင်ငံရေးပါတီ များ၊ တိုင်းရင်းသားများ ကိုယ်စားပြုမှု များပြားလာ စေရေး PR စနစ်ဖြင့် ကျင့်သုံးမည်ဆိုပါက ပိုမိုအဆင်ပြေ မည်ဖြစ်ကြောင်း၊ ထို့ကြောင့် PR စနစ်ကို ကျင့်သုံး နိုင်ရန်အတွက်    သက်ဆိုင်ရာ   နိုင်ငံရေးပါတီများ၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင်   တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့်ဆွေးနွေးရာတွင် လက်ခံမှု ရှိသည်ကို   တွေ့ရကြောင်း၊  နိုင်ငံရေးပါတီများနှင့် ၎င်းတို့ကို ဦးဆောင်မည့်သူများ၏ အခြေအနေများကို ပြည်သူများမှ လေ့လာနိုင်ရန်အတွက်လည်း အချိန် တစ်ခုပေးရန် လိုအပ်ကြောင်း။

 


မဲစာရင်းနှင့်ပတ်သက်၍ မဲစာရင်းသည် လူဦးရေ နှင့်  သန်းခေါင်စာရင်းကို  အခြေခံ၍  ဆောင်ရွက် ရခြင်းဖြစ်ကြောင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာနမှ ဆောင်ရွက်သည့် မဲပေးပိုင်ခွင့် ရှိသူစာရင်း၊ ရွေးကောက်ပွဲကော်မရှင်မှ ဆောင်ရွက် သည့် မဲစာရင်းနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဆောင်ရွက်သည့် မဲစာရင်းဟူ၍ရှိကြောင်း၊ လူဝင်မှု ကြီးကြပ်ရေးနှင့်       ပြည်သူ့အင်အားဝန်ကြီးဌာနမှ ကောက်ယူသည့်  လူဦးရေသန်းခေါင်စာရင်းသည် အခြေခံစာရင်းရှိသဖြင့်   ပိုမိုတိကျမှန်ကန်နိုင်မည် ဖြစ်ပြီး  အနည်းဆုံး ၁၀ နှစ်လျှင် တစ်ကြိမ် သန်းခေါင် စာရင်း ကောက်ယူခြင်းသည် မဖြစ်မနေ ဆောင်ရွက် သင့်သည့် နိုင်ငံတကာစံနှုန်းတစ်ခုဖြစ်ကြောင်း၊ မိမိတို့ နိုင်ငံတွင် ၂၀၁၄ ခုနှစ်၌ နောက်ဆုံး သန်းခေါင်စာရင်း ကို ကောက်ယူခဲ့ခြင်းဖြစ်ကြောင်း၊ ၂၀၁၉ ခုနှစ်တွင် ခန့်မှန်းလူဦးရေတွက်ချက်မှု အစီရင်ခံစာကို ထုတ်ပြန် ခဲ့ကြောင်း၊    ၂၀၁၄   ခုနှစ်တွင်  ကောက်ယူခဲ့ခြင်း ဖြစ်သဖြင့် ဆယ်နှစ်နီးပါး ကြာမြင့်ပြီဖြစ်သောကြောင့် အချို့သောအချက်များကို     ပြန်လည်အတည်ပြု ဆောင်ရွက်ရန်   လိုအပ်သည်ကိုလည်း  ထည့်သွင်း စဉ်းစားရန်လိုကြောင်း၊ ၂၀၂၀-၂၀၂၁-၂၀၂၂ ခုနှစ်များ တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကြောင့် သွားလာမှု ခက်ခဲမှုနှင့်   သေဆုံးမှုများ၊   နိုင်ငံရေး မတည်ငြိမ်မှု ကြောင့် ဖြစ်ပေါ်လာသည့်  အကြမ်းဖက်မှုဖြစ်စဉ်များ၊ နိုင်ငံရေးပဋိပက္ခများကြောင့်    ကိန်းဂဏန်းအချက် အလက်များသည် တိကျမှန်ကန်မှုရှိရန် အားနည်း ချက်များရှိမည်ဖြစ်ကြောင်း၊ ထို့ကြောင့် စာရင်းဇယား အချက်အလက်များ မှန်ကန်စေရေး ပြည်လုံးကျွတ် သန်းခေါင်စာရင်းကို ပြန်လည်ကောက်ယူရန် လိုအပ် မည်ဖြစ်ကြောင်း၊ သို့မှသာ မဲစာရင်းများကို မှန်ကန် အောင် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ရာနှုန်းပြည့်   အသင့်ဖြစ်မှုဖြစ်ရန်အတွက်   အချိန် လိုအပ်ချက်ရှိခြင်းကြောင့် မိမိအနေဖြင့် နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေး တွင် နိုင်ငံတော်ယာယီသမ္မတကို တင်ပြ၍ အရေးပေါ် ကာလကို  ၆ လ ထပ်မံသက်တမ်းတိုးရန် လိုအပ်မှု ကို  တင်ပြခဲ့ခြင်းဖြစ်ကြောင်း၊ ထိုသို့ တင်ပြခဲ့ချိန်တွင် နိုင်ငံတည်ငြိမ်အေးချမ်းရေးအတွက်     ဦးစားပေး ဆောင်ရွက်ရန် လိုအပ်လျက်ရှိသည်ကို ယာယီသမ္မတ ကြီးမှ မေတ္တာရပ်ခံခဲ့ခြင်းကြောင့် အချို့သော မြို့နယ် များကို စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ပြန်၍ တည်ငြိမ် အေးချမ်းရေးကို ဦးတည်ဆောင်ရွက်လျက်ရှိကြောင်း။

 


တည်ငြိမ်အေးချမ်းရေးနှင့် 
တရားဥပဒေစိုးမိုးရေး ဆောင်ရွက်လျက်ရှိ


မိမိတို့အနေဖြင့်    နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီကို စတင်ဖွဲ့စည်းစဉ်ကတည်းကပင် နိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးနှင့်   ပြည်သူများ၏ လူမှုစီးပွားဘဝ       ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှေ့လုပ်ငန်းစဉ်များ၊   ဦးတည်ချက်များ   ချမှတ်၍ ယင်းအပေါ် ဦးတည်ပြီး လုပ်ငန်းများကို စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ လက်ရှိအချိန်တွင်လည်း ရှေ့လုပ်ငန်းစဉ်နှင့် ဦးတည် ချက်များကို          အသစ်ထပ်မံချမှတ်ပြင်ဆင်၍ ဆောင်ရွက်လျက်ရှိပြီး     ပထမအချက်အနေဖြင့် တည်ငြိမ်အေးချမ်းရေးအတွက် အချို့သော မြို့နယ် များတွင်  စစ်အုပ်ချုပ်ရေးအမိန့်များကို ထုတ်ပြန်၍ တည်ငြိမ်အေးချမ်းရေးကို   ဦးစားပေးဆောင်ရွက် လျက်ရှိကြောင်း၊  စစ်အုပ်ချုပ်ရေးအမိန့်  ထုတ်ပြန် ခြင်းသည် ပြည်သူများကို ထိန်းချုပ်ကန့်သတ်ခြင်း မဟုတ်ဘဲ ဒေသခံပြည်သူလူထုတို့၏ အကျိုးစီးပွားကို ထိခိုက်ပျက်စီးအောင်   ဆောင်ရွက်နေကြသည့် အကြမ်းဖက်သမားများ၏  လုပ်ဆောင်ချက်များကို ထိထိရောက်ရောက် ထိန်းချုပ်နိုင်ရေး ဆောင်ရွက်ခြင်း  ပင်ဖြစ်ကြောင်း၊ တည်ငြိမ်အေးချမ်းမှုကို အလေးထား ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ပြီး လုံခြုံရေး၊ တည်ငြိမ် အေးချမ်းရေးနှင့်   တရားဥပဒေစိုးမိုးရေးအတွက် တည်ငြိမ်မှုရှိရန်   လိုအပ်သည့်ဒေသများတွင်  ပိုမို အလေးထား ဆောင်ရွက်သွားရန် မှာကြားလိုကြောင်း။

 


လူအများစုဖြစ်သည့် ပြည်သူလူထု၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်လျက်ရှိ


ရှေ့လုပ်ငန်းစဉ်      ဒုတိယအချက်အနေဖြင့် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံ ရေးအတွက် ပြည်သူလူထုဗဟိုပြု ဖွံ့ဖြိုးရေးလုပ်ငန်း များကို     လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ သာယာဝပြောရေး ဟူသည့်  ရှေ့လုပ်ငန်းစဉ်  ပထမအချက်ဖြစ်သည့် တည်ငြိမ်အေးချမ်းရေးနှင့်    တိုက်ရိုက်ဆက်စပ် နေသည်ကို သတိပြုရန်လိုကြောင်း၊  စားရေရိက္ခာ ဖူလုံရေးအတွက် မိမိတို့နိုင်ငံတွင် အဓိကဆောင်ရွက် ၍ရနိုင်သည့် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံ သည့်   ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို   အားပေး မြှင့်တင် ဆောင်ရွက်လျက်ရှိကြောင်း၊ ကျေးလက်နေ ပြည်သူများအားလုံးနီးပါးသည်   စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများဖြင့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများကို   ဆောင်ရွက်ကြကြောင်း၊  စိုက်ပျိုး မွေးမြူရေးကို   အခြေခံသည့်  ကုန်ထုတ်လုပ်မှုကို အားပေးမြှင့်တင်     ဆောင်ရွက်နိုင်မည်ဆိုပါက ကျေးလက်နေပြည်သူများ၏   လူမှုစီးပွားဘဝများ တိုးတက်မြင့်မားလာမည်ဖြစ်ကြောင်း၊  ၂၀၂၁  ခုနှစ် နှင့် ၂၀၂၂ ခုနှစ်အတွင်း   နိုင်ငံစီးပွားရေး  အကျပ် အတည်းများရှိခဲ့ကြောင်း၊   သို့သော်  ကုန်ဈေးနှုန်း ကြီးမြင့်မှုမှလွဲ၍  စားသောက်ကုန်များ   ပြတ်လပ်မှု မရှိခဲ့ကြောင်း၊ အခြေခံလူတန်းစားများ၏ လူမှုစီးပွား ဘဝကို မြှင့်တင်ပေးခြင်းဖြင့် တိုင်းပြည်သာယာဝပြော မှုကိုလည်း ဖြစ်ပေါ်စေမည်ဖြစ်ကြောင်း၊ မိမိတို့အနေ ဖြင့် လူနည်းစု၏  အကျိုးစီးပွားကို  အားပေးခြင်း မဟုတ်ဘဲ   လူအများစုဖြစ်သည့်  ပြည်သူလူထု၏ အကျိုးစီးပွားအတွက် ဆောင်ရွက်နေခြင်းဖြစ်သည့် အတွက်     ကောင်စီအဖွဲ့ဝင်များအနေဖြင့်လည်း အလေးထားဆောင်ရွက်ကြရန်လိုကြောင်း၊ စိုက်ပျိုး မွေးမြူရေးလုပ်ငန်းကို   အားပေးဆောင်ရွက်ခြင်း သည် ပြည်နယ်များ၏  နယ်စွန်နယ်ဖျားဒေသများ ဖွံ့ဖြိုးတိုးတက်ရေးကိုပါ များစွာအထောက်အကူပြုစေမည်ဖြစ်ကြောင်း။

 


အချို့  တိုင်းဒေသကြီးနှင့်   ပြည်နယ်များတွင် ဆန်စပါး ဝမ်းစာဖူလုံမှုထက် ကျော်လွန်သော်လည်း အချို့ဒေသများတွင် ဖူလုံမှုမရှိသည်ကိုတွေ့ရကြောင်း၊ တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် ဆန်ဖူလုံမှုမှာ ၁၄၂   ရာခိုင်နှုန်းရှိကြောင်း၊  ဆန်ဖူလုံမှုမရှိသည့် ဒေသများတွင် တစ်ဧကချင်းအလိုက် အထွက်နှုန်းများ ပြည့်မီအောင်   ဆောင်ရွက်မည်ဆိုပါက  ဒေသတွင်း ဝမ်းစာဖူလုံမှုကို   အထောက်အကူပြုနိုင်မည်ဖြစ် ကြောင်း၊  အလားတူ  ဝမ်းစာဖူလုံမှုရှိပြီးဖြစ်သည့် ဒေသများတွင်လည်း တစ်ဧကချင်းအထွက်နှုန်းများ ကို ယခုထက် ပိုမိုတိုးတက်အောင်ထုတ်လုပ်နိုင်မည် ဆိုပါက ဆန်ထွက်ကုန်များကို ပြည်ပသို့ ပိုမိုတင်ပို့ နိုင်မည်ဖြစ်သောကြောင့်   ပြည်ပဝင်ငွေများ  ပိုမို တိုးတက်လာမည်ဖြစ်ပြီး တောင်သူများ၏ လူမှုစီးပွား ဘဝ    ယခုထက်   ပိုမိုတိုးတက်ဖွံ့ဖြိုးလာမည်ဖြစ် ကြောင်း၊  စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပန်းတိုင်ရည်မှန်းချက် ပြည့်မီအောင် ဆောင်ရွက်ရန် လိုကြောင်း၊ လိုအပ်ပါကလည်း အချို့နေရာများတွင် စိုက်ပျိုးမြေများ   တိုးချဲ့ဆောင်ရွက်ရန်လိုကြောင်း၊ လက်ရှိထွက်ရှိနေသည့် အထွက်နှုန်းထက် တစ်ဧက လျှင် ငါးတင်း ပိုမိုတိုးတက်ထွက်ရှိအောင် ဆောင်ရွက် နိုင်မည်ဆိုပါက တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် များစွာအကျိုးဖြစ်ထွန်းနိုင်မည်ဖြစ်ကြောင်း၊ ဥပမာ အားဖြင့် မိမိတို့နိုင်ငံတွင် မိုးစပါးစိုက်ပျိုးဧက ၁၅ သန်း ရှိကြောင်း၊ ပန်းတိုင်ရည်မှန်းချက်မှာ တစ်ဧကလျှင် တင်း ၁၀၀ ဖြစ်သော်လည်း ယခုအခါ ပျမ်းမျှအားဖြင့် တစ်နိုင်ငံလုံးတွင် တစ်ဧက ၇၅ တင်းသာ ထွက်ရှိ လျက်ရှိကြောင်း၊ ထို့ကြောင့် စပါးတစ်ဧကလျှင် စပါး ငါးတင်း  ပိုမိုထွက်အောင်  စိုက်ပျိုးနိုင်မည်ဆိုပါက စပါးတင်းပေါင်း ၇၅ သန်း ပိုမိုထွက်ရှိလာမည်ဖြစ်ပြီး စပါးစိုက်တောင်သူများအတွက်     ဝယ်လိုအား တက်လာစေမည်ဖြစ်ကြောင်း၊   တိုင်းပြည်အတွက် လည်း ဝင်ငွေပိုမိုရရှိမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေး လုပ်ငန်းများ   ဖွံ့ဖြိုးတိုးတက်ခြင်းဖြင့်  တောင်သူ တစ်ဦးချင်း တစ်ယောက်ချင်းစီ၏ ဝင်ငွေများတိုးပွား လာမှုမှအစပြု၍ဒေသတွင်     နေထိုင်သူများအားလုံး၏    ဝင်ငွေများ ယခင်ကထက်   တိုးတက်ကောင်းမွန်လာပြီး  ဒေသ တွင်း    လည်ပတ်သုံးစွဲငွေ   များပြားလာကာ လူမှု စီးပွားဘဝများလည်း တိုးတက်လာမည်ဖြစ်ကြောင်း၊ ထို့ကြောင့်  လယ်ယာစိုက်ပျိုးရေးကဏ္ဍ    မြင့်မား စေရေး    မိမိအနေဖြင့်   အားပေးဆောင်ရွက်နေခြင်း ဖြစ်ကြောင်း။

 


လူသားအရင်းအမြစ်များ ကြွယ်ဝစေရေး ပညာရည်မြင့်မားရေး အားပေးဆောင်ရွက်လျက်ရှိ


စိုက်ပျိုးရေးလုပ်ငန်းများနှင့် မွေးမြူရေးလုပ်ငန်း များ ဆောင်ရွက်ရန်အတွက် လူသားအရင်းအမြစ် ကောင်းများ   လိုအပ်ကြောင်း၊  ထို့ကြောင့်  စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများအတွက် လိုအပ်သည့် လူသား အရင်းအမြစ်များရရှိစေရေး ကျောင်းသား ကျောင်းသူ များ ပညာရည်မြင့်မားရေး အားပေးဆောင်ရွက်လျက် ရှိကြောင်း၊   ကျောင်းသား   ကျောင်းသူများ  ပညာ သင်ကြားမှုနှင့်ပတ်သက်၍ ယခုအချိန်တွင် အခြေခံ ပညာကျောင်းများ ပြန်လည်ဖွင့်လှစ်ထားသော်လည်း အချို့သော ကျောင်းသား ကျောင်းသူများအနေဖြင့် လုံခြုံရေးအရ၊ စီးပွားရေးအရ ပညာပြန်လည်သင်ကြား မှု မရှိသည်များလည်းရှိကြောင်း၊ ပညာသင်ကြားရန် ပျက်ကွက်နေသည့် ကျောင်းသား ကျောင်းသူများ အားလုံး လာမည့်ပညာသင်နှစ်တွင် ပညာသင်ကြား နိုင်စေရေး   တာဝန်ရှိသူများအနေဖြင့်  တိုက်တွန်း ဆောင်ရွက်ကြစေလိုကြောင်း၊   အစိုးရအနေဖြင့် ကိုဗစ်-၁၉ ရောဂါနှင့် နိုင်ငံရေးအခက်အခဲများကြားမှ ကျောင်းများကို တက်ရောက်နိုင်ရေး ဖွင့်လှစ်ပေးထား ပြီးဖြစ်သဖြင့်   ကျောင်းနေအရွယ်  ကလေးငယ်များ အားလုံး   ကျောင်းနေနိုင်ရေး  တိုက်တွန်းအားပေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊   မိမိတို့နိုင်ငံသည် စိုက်ပျိုးရေးနှင့် မွေးမြူရေးနိုင်ငံဖြစ်သဖြင့် စိုက်ပျိုး မွေးမြူရေးနှင့် ပတ်သက်သည့် ကျွမ်းကျင်လုပ်သား များရှိရန်လိုကြောင်း၊     နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ တာဝန်ယူချိန်၌ စိုက်ပျိုးရေးနှင့် မွေးမြူရေး သိပ္ပံများကို တိုးချဲ့ဖွင့်လှစ်ခဲ့ပြီး ခရိုင်ပေါင်း ၅၀ ရှိ အခြေခံပညာကျောင်းများ၌ စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် စက်မှုနည်းပညာဘာသာရပ်များကို သင်ကြား ပေးသွားမည်ဖြစ်ကြောင်း၊ ပညာရည်မြင့်မားစေရန် နိုင်ငံသားတိုင်း KG+9 အထိ ပြီးမြောက်စေရေး ရည်မှန်း ဆောင်ရွက်လျက်ရှိကြောင်း၊   အခြေခံပညာပြီးဆုံး သည့်အချိန်တွင် ထိုအထဲမှ ထူးချွန်သူများအနေဖြင့် သက်ဆိုင်ရာ ဘာသာရပ်များအလိုက် ကောလိပ်နှင့် တက္ကသိုလ်များသို့   ဆက်လက်တက်ရောက်  ပညာ သင်ကြားနိုင်မည်ဖြစ်ကြောင်း၊   မိမိတို့နိုင်ငံတွင် ပညာရည်မြင့်မားသည့်   လူသားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်မှသာ နိုင်ငံဖွံ့ဖြိုးတိုးတက်မှုများကို များစွာအထောက်အကူပြုစေမည်ဖြစ်ကြောင်း။

 


ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်လျက်ရှိ


ရှေ့လုပ်ငန်းစဉ် တတိယအချက်အနေဖြင့် စစ်မှန် စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာ စေရေးနှင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံ သည့် ပြည်ထောင်စုတည်ဆောက်ရေး လုပ်ငန်းစဉ် များကို ဆက်လက်ဆောင်ရွက်သွားမည်ဟူ၍ဖြစ်ပြီး နိုင်ငံရေးအနေဖြင့် ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံး သွားမည်ဖြစ်ကာ    အုပ်ချုပ်ရေးအနေဖြင့်   ပါတီစုံ ဒီမိုကရေစီစနစ်နှင့် ဖက်ဒရယ်စနစ်ကို  အခြေခံသည့် ပြည်ထောင်စုစနစ်ကို ကျင့်သုံးနိုင်ရေး ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ ပြည်နယ်နှင့် တိုင်းဒေသကြီး အားလုံးတွင် လျော်ကန်သင့်မြတ်သည့် အုပ်ချုပ်မှု အာဏာကို မဖြစ်မနေ ခွဲဝေပေးရမည်ဖြစ်ကြောင်း၊ ဖက်ဒရယ်အုပ်ချုပ်ရေးဟူသည်မှာ   အာဏာခွဲဝေ ကျင့်သုံးခြင်းပင်ဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်ပေး သည့်အချိန်တွင်    လိုအပ်ချက်များကို  ပြန်လည် ဆွေးနွေးပြီး ပြည်ထောင်စုနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဆောင်ရွက်ရမည်များကို ဆွေးနွေးဆုံးဖြတ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဖက်ဒရယ် ဆိုင်ရာ လုပ်ပိုင်ခွင့်နှင့်ပတ်သက်၍ ဖွဲ့စည်းပုံအခြေခံ ဥပဒေဇယား(၁၊ ၂၊ ၃၊ ၅) ပါ ပြည်ထောင်စုအဆင့်၊ တိုင်းဒေသကြီး၊ ပြည်နယ်အဆင့်နှင့် ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရတိုင်း၊ ဒေသတို့မှ ပြဋ္ဌာန်းရမည့် ထုတ်ပြန်ရမည့် ဥပဒေများ၊   စည်းမျဉ်းများ၊  လုပ်ထုံးလုပ်နည်းများ ပြည့်စုံစွာ ဆောင်ရွက်နိုင်မှုမရှိသေးသည်ကို လေ့လာ တွေ့ရှိနိုင်ကြောင်း၊   မိမိတို့   တာဝန်ယူချိန်တွင် ဒီမိုကရေစီနှင့် ဖက်ဒရယ်အုပ်ချုပ်မှုအာဏာခွဲဝေမှုအားလုံးကို       အကောင်အထည်ဖော်နိုင်သမျှ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊  ပါတီစုံဒီမိုကရေစီ စနစ်ကျင့်သုံးရေးနှင့် ပတ်သက်၍ ထိရောက်သည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်း၊ တရားမျှတသည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းကို   သွားနိုင်ရမည် ဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့်လည်း ပြည်သူများ လိုလားသည့်    ပါတီစုံဒီမိုကရေစီ  ခိုင်မာစေရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊   ထို့ကြောင့် ပါတီများဖွဲ့ရာတွင် ခိုင်မာသည့် ပါတီများဖွဲ့စေရေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း။

 


တစ်နိုင်ငံလုံးငြိမ်းချမ်းရေးရရှိအောင်
ဆောင်ရွက်လျက်ရှိ


စတုတ္ထအချက်အနေဖြင့် တစ်နိုင်ငံလုံး ထာဝရ ငြိမ်းချမ်းရေးရရှိရေးအတွက် တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး   သဘောတူစာချုပ် (NCA) ပါ သဘောတူညီချက်များအတိုင်း    ဖြစ်နိုင်သမျှ အလေးထား       လုပ်ဆောင်သွားမည်ဟူ၍ဖြစ်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)သည် ပြည်လုံး ကျွတ်ဆန္ဒခံယူပွဲဖြင့်  အတည်ပြုထားသည့်  ဥပဒေ ဖြစ်ပြီး ပြည်သူတို့အပေါ်ထားရှိသည့် ကတိကဝတ် ဖြစ်ကြောင်း၊ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲ ရေးသဘောတူစာချုပ်(NCA)သည်လည်း အစိုးရနှင့် EAO   များအကြား၊  နိုင်ငံတကာအဖွဲ့အစည်းများ အကြား  ထားရှိခဲ့သည့်  ကတိကဝတ်ဖြစ်ကြောင်း၊ ထို့ကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)နှင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ် NCA ကို အခြေခံ၍ ငြိမ်းချမ်းရေးကို အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့များနှင့်    ငြိမ်းချမ်းရေး ဆွေးနွေးရာတွင်လည်း အပြုသဘောဆောင်သည့် ဆွေးနွေးမှုရလဒ်များကို ဖော်ဆောင်နိုင်ခဲ့ကြောင်း၊ တစ်နိုင်ငံလုံးငြိမ်းချမ်းရေးရရှိရေး     ဆက်လက် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း။

 


ခြိမ်းခြောက်မှုနှင့် ဖိအားပေးမှုများမရှိသည့် မဲပေးမှုများဖြစ်ရန် လိုအပ်


ရှေ့လုပ်ငန်းစဉ်၏ နောက်ဆုံးအချက်ဖြစ်သည့် “အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈)နှင့်အညီ  လွတ်လပ်ပြီး   တရားမျှတသော   ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား ပြန်လည် ကျင်းပ၍ အနိုင်ရသည့်ပါတီအား ဒီမိုကရေစီစံနှုန်း များနှင့်အညီ နိုင်ငံတော်တာဝန်အား လွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်” ဟူသည့် အချက် အား အကောင်အထည်ဖော်နိုင်ရေးအတွက် တည်ငြိမ် အေးချမ်းမှုရှိရန်   အဓိကလိုအပ်မည်ဖြစ်ကြောင်း၊ တည်ငြိမ်အေးချမ်းမှုရှိပြီး ဖိအားကင်းစွာဖြင့် မဲပေး နိုင်မှသာလျှင် လွတ်လပ်၍ တရားမျှတသည့် စစ်မှန် သည့် ရွေးကောက်ပွဲတစ်ရပ်ဖြစ်လာမည် ဖြစ်ကြောင်း၊ ၂၀၁၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက် ပွဲတွင် အချို့သောနယ်မြေများ၌ ခြိမ်းခြောက်မှုများရှိခြင်းကြောင့်   မဲရလဒ်များ ပြောင်းလဲသွားသည်ကို တွေ့ရှိရကြောင်း၊ ထိုသို့ ဖိအားပေးမှုနှင့် ခြိမ်းခြောက် မှုများမရှိအောင် ဆောင်ရွက်နိုင်မှသာ မဲရလဒ်များမှန်ကန်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ်(NCA) ကို    အခြေခံသည့်  ငြိမ်းချမ်းရေး ဆွေးနွေးပွဲများကို ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့်   တွေ့ဆုံ ဆွေးနွေးရာတွင် ၎င်းတို့၏လိုလားချက်များ၊ ဖြစ်ချင် သည်များကို နိုင်ငံတော်အတွက် ဖြစ်သင့်ဖြစ်ထိုက် သည်များနှင့် ချိန်ထိုး၍ အကောင်းဆုံးဖြစ်အောင် တပ်မတော်အနေဖြင့်   ဆွေးနွေးဆောင်ရွက်လျက် ရှိကြောင်း၊   ဒီမိုကရေစီစနစ်တွင်  လွှတ်တော်သည် နိုင်ငံရေးအရအမြင့်ဆုံးဖြစ်ပြီး   တိုင်းရင်းသားများ အနေဖြင့်လည်း မိမိတို့ဒေသ၏ အခွင့်အရေးများကို တရားဥပဒေနှင့်အညီ   တောင်းဆိုနိုင်ရေးအတွက် နိုင်ငံရေးစင်မြင့် လွှတ်တော်တွင် ပိုမိုပါဝင်နိုင်ရမည် ဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံရေးပါတီများအတွက် လုံလောက်သည့်   အချိန်တစ်ခုပေးရန်  လိုအပ်နေ သေးကြောင်း။

 


အရေးပေါ်သက်တမ်းကာလ ထပ်မံတိုးမြှင့်မှုအပေါ် 
ပြည်သူများ၏တုံ့ပြန်ချက်များ၊ လိုအင်ဆန္ဒများနှင့် ပတ်သက်၍ ဖြေရှင်းဆောင်ရွက်လျက်ရှိ


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ၂ နှစ်တာ ကာလ တာဝန်ထမ်းဆောင်မှုနှင့် ပတ်သက်၍ ယာယီ သမ္မတထံသို့    အစီရင်ခံတင်ပြခဲ့ပြီး   အရေးပေါ် သက်တမ်းကာလကို    ၆ လ   ထပ်မံတိုးခဲ့ရာ တွေ့ရှိ ရသည့်   ဝေဖန်မှုများ၊   တုံ့ပြန်ချက်များနှင့်  လိုအင် ဆန္ဒများကို    လေ့လာဆန်းစစ်ခဲ့ကြောင်း၊   တွေ့ရှိ ချက်များအရ ရွေးကောက်ပွဲ ပြန်လည်ဆောင်ရွက် ပေးရန်၊  တည်ငြိမ်အေးချမ်းမှုရှိအောင်  ဆောင်ရွက် ပေးရန်နှင့်        ကုန်ဈေးနှုန်းကျဆင်းမှုရှိအောင် ဆောင်ရွက်ပေးရန်ဟူသည့်  အချက်  ၃  ချက်သည် အဓိကဖြစ်ကြောင်း၊        တည်ငြိမ်အေးချမ်းမှုရှိရန် အတွက်   အချို့သောမြို့နယ်များတွင်  စစ်အုပ်ချုပ် ရေးအမိန့်ကို ထုတ်ပြန်ခဲ့ကြောင်း၊ တပ်မတော်အနေ ဖြင့် တည်ငြိမ်အေးချမ်းမှုရှိအောင် ဆောင်ရွက်ရန်တွင် ယခင်ကြုံတွေ့ခဲ့ရသည့် အတွေ့အကြုံများအရ ဥပဒေ နှင့်အညီသာ ထိန်းသိမ်းဆောင်ရွက်လျက်ရှိကြောင်း၊ လက်ရှိအခြေအနေတွင်  စစ်မှန်သည့်  ဒီမိုကရေစီ ဖြစ်စေရေးနှင့်       ဒီမိုကရေစီစနစ်ခိုင်မာစေရေး တပ်မတော်မှ ထိန်းသိမ်းဆောင်ရွက်လျက်ရှိကြောင်း၊ သို့သော် ဒီမိုကရေစီနှင့် လူ့အခွင့်အရေး အမည်ခံသူ များအနေဖြင့် မဲစာရင်းမှားယွင်းမှုများအပေါ် ဥပဒေ အရ ဖြေရှင်းဆောင်ရွက်ခြင်းမပြုဘဲ အကြမ်းဖက် လမ်းစဉ်ကို ဆောင်ရွက်ခဲ့ခြင်းသည် မှားယွင်းသည့် နည်းလမ်းဖြစ်ကြောင်း၊ ထိုသို့ ထပ်မံမဖြစ်ပွားစေရေး ဆောင်ရွက်ရန်လိုကြောင်း၊   ရွေးကောက်ပွဲသည် တိုင်းပြည်တစ်ခု၏  သိက္ခာပင်ဖြစ်သဖြင့်  သိက္ခာ ရှိသည့်     ရွေးကောက်ပွဲတစ်ရပ်   ဖြစ်ပေါ်စေရေး ကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ မဲစာရင်း များ မှန်ကန်မှုရှိစေရေးအတွက် လိုအပ်သည်များကို ဆောင်ရွက်ရန် အချိန်လိုအပ်နေသေးကြောင်း။

 


ကုန်ဈေးနှုန်းကျဆင်းစေရေးနှင့်   ပတ်သက်၍ ကုန်ဈေးနှုန်းများ   မြင့်တက်ရခြင်းမှာ   ယခင်က ထုတ်ကုန်နည်းပါးပြီး    သွင်းကုန်များ    များပြားခြင်း ကြောင့်    ကုန်သွယ်မှုလိုငွေများ   ဖြစ်ပေါ်ခဲ့ကြောင်း၊ ပြီးခဲ့သည့် ၂၀၂၀ -၂၀၂၁ ခုနှစ်တွင် ကိုဗစ် -၁၉ ရောဂါ ဖြစ်ပွားမှုကြောင့် ကမ္ဘာနှင့်တစ်ဝန်း ကုန်ပစ္စည်းရှားပါး မှု၊ ပို့ဆောင်ရေးနှင့် လုပ်သားလိုအပ်ချက်များကြောင့် ကုန်ဈေးနှုန်းများ မြင့်တက်လာခဲ့ကြောင်း၊ ဓာတ်မြေ ဩဇာများ၊ စက်သုံးဆီများ စသည့်သွင်းအားစုများ၏ ကုန်ဈေးနှုန်းများ မြင့်တက်လာခြင်းနှင့် လုပ်သား ရှားပါးလာခြင်းများကြောင့် ထုတ်ကုန်များ ဈေးနှုန်း မြင့်တက်လာခြင်းဖြစ်ကြောင်း၊    မိမိတို့နိုင်ငံသည် လျှပ်စစ်ဓာတ်အား   လုံလောက်မှုမရှိသည့်  နိုင်ငံ ဖြစ်သဖြင့် စက်သုံးဆီများ ဈေးနှုန်းမြင့်တက်လာချိန် တွင် လျှပ်စစ်ဓာတ်အားခများလည်း မြင့်တက်လာ သည်ကို တွေ့ရကြောင်း၊ မိမိတို့နိုင်ငံတွင် ကုန်ဈေးနှုန်း များ မြင့်တက်ခဲ့သော်လည်း အခြေခံကုန်ပစ္စည်းများ ပြတ်လပ်မှုမရှိခဲ့ကြောင်း၊        နိုင်ငံ့ဝင်ငွေတိုးတက် စေရေးအတွက်      ပြည်တွင်းကုန်ထုတ်လုပ်မှုများ တိုးတက်စေရေး       အားပေးဆောင်ရွက်လျက် ရှိကြောင်း၊ သို့မှသာ ကုန်ဈေးနှုန်းများ ကျဆင်းလာ မည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ကုန်ဈေးနှုန်းများ ကျဆင်းစေရေး   တတ်နိုင်သမျှ  ဆောင်ရွက်လျက် ရှိကြောင်း။

 


နိုင်ငံတကာဆက်ဆံရေး
ကောင်းမွန်အောင်ဆောင်ရွက်


နိုင်ငံတကာဆက်ဆံရေးနှင့် ပတ်သက်၍ မိမိတို့ နိုင်ငံသည်   အာဆီယံအဖွဲ့ဝင်နိုင်ငံ၊  ဘင်းစတက်စ် အဖွဲ့ဝင်နိုင်ငံနှင့်     ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံဖြစ်ပြီး အိမ်နီးချင်းနိုင်ငံများ၊ မိတ်ဆွေနိုင်ငံများနှင့် ဆက်ဆံမှု ကောင်း ရှိရမည်ဖြစ်ကြောင်း၊ နိုင်ငံတကာဆက်ဆံ ရေးနယ်ပယ်၌ မိမိတို့နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် အမျိုးသားအကျိုးစီးပွားကို စောင့်ထိန်းလျက် အခြား နိုင်ငံများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် မိတ်ဝတ် မပျက် ပေါင်းဖက်ဆက်ဆံရေးကို အလေးထားဆောင် ရွက်လျက်ရှိကြောင်း၊ ယခုနိုင်ငံတွင်း၌ ဖြစ်ပေါ်နေ သော အခြေအနေများသည် မိမိတို့နိုင်ငံ၏ ပြည်တွင်း ရေးသာဖြစ်ကြောင်း၊ ကျင်းပမည့် ရွေးကောက်ပွဲသည် လည်း   မိမိတို့နိုင်ငံ၏  ရွေးကောက်ပွဲဖြစ်ပြီး ကမ္ဘာ့ ရွေးကောက်ပွဲမဟုတ်ကြောင်း၊ မိမိတို့နိုင်ငံသားများ အတွက် လွတ်လပ်ပြီး တရားမျှတသော ရွေးကောက် ပွဲဖြစ်ရန် လိုကြောင်း။

 


ကမ္ဘာပေါ်ရှိ   နိုင်ငံတိုင်းသည် ၎င်းတို့နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက်   အမြဲမပြတ်  ကြိုးပမ်းလျက် ရှိသကဲ့သို့ မိမိတို့နိုင်ငံသည်လည်း ရှေ့သို့ရောက်ရှိ စေရေး   ဆက်လက်ကြိုးပမ်း  အားထုတ်နေရမည် ဖြစ်ကြောင်း၊ “ရှေ့သို့ချီမည် ပန်းတိုင်ဆီ” “Keep Moving  Forward  to  Achieve   Our  Goal” ဆိုသည့်အတိုင်း    နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက်ရှေ့သို့  ဆက်လက်ကြိုးပမ်း     ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ ရှေ့လုပ်ငန်းစဉ် (၅)ရပ်နှင့် တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးအတွက်   မိမိ၏အမြင်များကို ဆွေးနွေးခဲ့ခြင်းဖြစ်ပြီး ကောင်စီအဖွဲ့ဝင်များအနေ ဖြင့်လည်း တိုင်းပြည်အတွက် ကောင်းရာကောင်းကျိုး များကို  ဆောင်ရွက်နိုင်ရေး  လိုအပ်သည်များကို အကြံပြုဆွေးနွေး   ဆောင်ရွက်ကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။

 


ထို့နောက် ကောင်စီဝင်များက တည်ငြိမ်အေးချမ်း မှု   လိုအပ်နေသည့်   အချို့ဒေသများ  အမြန်ဆုံး တည်ငြိမ်အေးချမ်းစေရေး၊ တိုင်းရင်းသားဒေသများ တွင် ခန့်အပ်ထားသော တိုင်းရင်းသားဘာသာစကား သင် နေ့စားလပေး ဆရာ၊ ဆရာမများ၏ ကိစ္စရပ် များ၊ Application အသုံးပြု၍ Online ငွေချေးလုပ်ငန်း ဆောင်ရွက်နေသူများကို စိစစ်မှုများပြုလုပ်ပေးရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးတင်ပြကြသည်။ 
ဆွေးနွေးတင်ပြမှုများအပေါ်   နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က နိုင်ငံတည်ငြိမ်အေးချမ်းရေးနှင့်     ပတ်သက်၍ ဆောင်ရွက်လျက်ရှိသည့် ကိစ္စရပ်များ၊ နေ့စားလပေး ဆရာ၊   ဆရာမများ၏   လစာ၊  ခံစားခွင့်များနှင့် ပတ်သက်၍ သက်ဆိုင်ရာဝန်ကြီးဌာန၊ တိုင်းဒေသ ကြီး၊ ပြည်နယ်အစိုးရအဖွဲ့များနှင့် ဆွေးနွေးသုံးသပ်၍ ပြဋ္ဌာန်းထားသည့်  လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ပေးနိုင်မည့် ကိစ္စရပ်များ၊ ပညာရေးကဏ္ဍ ကို ဦးစားပေးဆောင်ရွက်ပေးလျက်ရှိသည့် ကိစ္စရပ် များနှင့်  Online ငွေချေးလုပ်ငန်းနှင့် စပ်လျဉ်းပြီး ပြည်ထဲရေးဝန်ကြီးဌာနမှ စိစစ်သွားမည့် ကိစ္စရပ်များ နှင့်ပတ်သက်၍   လိုအပ်သည်များကို   ဖြည့်စွက် မှာကြားသည်။

 


ဆက်လက်၍       နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း က အသစ်ဖွဲ့စည်းထားသည့် ကောင်စီနှင့်ကောင်စီဝင်များအား ကြိုဆိုပါကြောင်း၊ ကောင်စီဝင်များအနေဖြင့် နိုင်ငံကို ကိုယ်စားပြုသည့် အဖွဲ့အစည်းဖြစ်၍ မိမိတို့၏ဒေသအတွက်၊ နိုင်ငံတော် ၏အကျိုးအတွက် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက် ကြရန်လိုကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် နိုင်ငံ တော် စီမံအုပ်ချုပ်ရေးကောင်စီက ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ် (၅)ရပ်၊ ဦးတည်ချက် (၁၂)ရပ်၊ အမျိုး သားရေးရည်မှန်းချက်၊  နိုင်ငံရေးရည်မှန်းချက်များ အပေါ် အခြေခံပြီး  နိုင်ငံတော်အတွက်  အကျိုးရှိစေ မည့်    ကိစ္စရပ်များကို   ဦးစားပေးတင်ပြခြင်း၊ ဆောင်ရွက်ခြင်းတို့ကို   လုပ်ဆောင်စေလိုကြောင်း၊ အချို့ကိစ္စရပ်များကို အချိန်နှင့်တစ်ပြေးညီ  တင်ပြ ကြရန်နှင့်    ထိုသို့   တင်ပြမှသာ  ကြန့်ကြာမှုမရှိဘဲ ဆောလျင်စွာ   ဖြေရှင်းဆောင်ရွက်ပေးနိုင်မည်ဖြစ် ကြောင်း ဖြည့်စွက်ပြောကြားသည်။ 

 


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ   နိုင်ငံတော်ဝန်ကြီးချုပ်က   နိဂုံးချုပ်အမှာ စကားပြောကြားရာ၌   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များကို တာဝန်ပေးအပ်ရာတွင် နိုင်ငံရေး၊ အုပ်ချုပ်ရေး အတွေ့အကြုံနှင့် လုပ်ငန်းတာဝန်အပေါ် မူတည်၍   ခန့်အပ်ခဲ့ခြင်းဖြစ်ပြီး  အတတ်နိုင်ဆုံး တိုင်းရင်းသားအားလုံးကို   ကိုယ်စားပြု  ပါဝင်နိုင် အောင် ရွေးချယ်ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း။

 


ကောင်စီဝင်များ အနေဖြင့် တိုင်းပြည်အတွက် ရှေးရှုဆောင်ရွက်ကြရမည်ဖြစ်ပြီး   ကောင်စီသည် နိုင်ငံတော်တွင်    အဆင့်အမြင့်ဆုံး   အဖွဲ့အစည်း ဖြစ်သည့်အတွက်   ယင်းနှင့်လျော်ညီစွာ   ပြောဆို၊ ပြုမူလုပ်ကိုင်ဆောင်ရွက်ကြရမည်   ဖြစ်ကြောင်း၊ ကောင်စီဝင်တစ်ဦးချင်းသည် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီကို ကိုယ်စားပြု၍ တာဝန်ယူဆောင်ရွက် ကြရမည်ဖြစ်ကြောင်း၊ ဦးစားပေးအနေဖြင့် တိုင်းပြည် ကို တည်ငြိမ်အေးချမ်းအောင် ဆောင်ရွက်ပေးကြ    ရမည်ဖြစ်ပြီး ပြည်သူများ လုံခြုံစိတ်ချ စိတ်ချမ်းသာ စွာနေနိုင်အောင် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ထို့ပြင် ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက် အောင်    လုပ်ဆောင်ပေးရန်လိုကြောင်း၊   ထိုသို့ လုပ်ဆောင်ပေးရာတွင် ပြည်သူများ၏ အလုပ်အကိုင် အခွင့်အလမ်းများကို ဖော်ဆောင်ပေးပြီး စီးပွားရေး ကောင်းအောင်  ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ သို့မှာသာ တိုင်းပြည်၏ စီးပွားရေးသည်လည်း ဖွံ့ဖြိုး တိုးတက်လာပြီး  တိုင်းပြည်၏ ဂျီဒီပီ တိုးတက်လာ မည်ဖြစ်ကြောင်း၊ မိမိတို့၏ လုပ်ဆောင်ချက်များသည် သမိုင်းတစ်ခုကို   တာဝန်ယူခြင်းဖြစ်သည့်အတွက် မှတ်ကျောက်တင်ခံနိုင်သော  လုပ်ဆောင်ချက်များ ဖြစ်ရန်လိုကြောင်း၊ ထို့ကြောင့် အရာရာကို အရှည် မျှော်တွေး၍ လုပ်ဆောင်ကြရန် လိုအပ်ကြောင်းဖြင့် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။ 

သတင်းစဉ်