
နေပြည်တော် မေ ၅
(၇၇) နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန - ၂ (MICC – II) ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကား ပြောကြားသည်။
အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဝင်များ ဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ဒေါ်ဒွဲဘူ၊ မန်းငြိမ်းမောင်၊ ဦးမောင်ကို၊ ဒေါက်တာ ကျော်ထွန်း၊ ခွန်စံလွင်၊ ဦးရွှေကြိမ်း၊ ပြည်ထောင်စု ဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီဝင်များ၊ အမြဲတမ်းအတွင်းဝန် များ၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ အရာရှိ များနှင့် တပ်ဖွဲ့ဝင်များ၊ အငြိမ်းစားမီးသတ်တပ်ဖွဲ့ဝင် အရာရှိကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးမှ သန္ဓေ၊ အရန်၊ သီးသန့် မီးသတ်တပ်ဖွဲ့ဝင် များ၏ ကိုယ်စားလှယ်များ၊ ထူးချွန်ဆုရရှိကြသည့် မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
သမိုင်းဂုဏ်ဒြပ် အစဉ်အလာကြီးမား
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က (၇၇)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အထိမ်းအမှတ်မိန့်ခွန်း ပြောကြားရာတွင် ယနေ့သည် အမိမြန်မာနိုင်ငံတော် ကြီးအတွင်းမှာ မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသား လုပ်သားပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ် ဥစ္စာပစ္စည်းများကို မီးဘေးအန္တရာယ်နှင့် အခြားသော ဘေးအန္တရာယ်အမျိုးမျိုးမှ ခေတ်အဆက်ဆက် ကာကွယ်စောင့်ရှောက်ခဲ့ပြီး သမိုင်းဂုဏ်ဒြပ် အစဉ် အလာကြီးမားစွာ ရပ်တည်လာခဲ့သည့် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့၏ (၇၇)နှစ်မြောက် မီးသတ်တပ်ဖွဲ့နေ့ ပင် ဖြစ်ပါကြောင်း၊၊
(၇၇)နှစ်အတွင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ အနေဖြင့် ပြည်သူလူထုအတွင်း မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ် ကာကွယ်ရေး၊ ရှာဖွေ ကယ်ဆယ်ရေး၊ ပြည်သူ့အကျိုးပြု ဆောင်ရွက်ရေး စသည့် ရည်မှန်းချက်တာဝန်များကို ဦးလည်မသုန် တာဝန်ထမ်းဆောင်ခဲ့ကြသည့် ခေတ်အဆက်ဆက် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းဖြစ်သည့် မီးသတ် လုပ်ငန်းဆိုင်ရာများကို စွမ်းအားပြည့်တာဝန် ထမ်းဆောင်နေကြသည့် မီးသတ်တပ်ဖွဲ့ဝင်အားလုံး ကို ဂုဏ်ပြုပါကြောင်းကို ဦးစွာပြောကြားလိုပါ ကြောင်း။
မီးသတိပေးမောင်းသံများနှင့် စတင်ခဲ့
မြန်မာနိုင်ငံ၏သမိုင်းကို ပြန်ကြည့်ပါက ခရစ်နှစ် ၁၀၄၄ ခုနှစ်တွင် ပထမမြန်မာနိုင်ငံတော်ကို တည်ထောင်ခဲ့သည့် အနော်ရထာမင်းစောလက်ထက် စည်ပင်ဝပြောသာယာခဲ့သည့် နိုင်ငံတော်ကို မီးဘေး မသင့်စေရေး မီးသတိပေးမောင်းသံများနှင့် စတင်ခဲ့ ပြီး မီးသတ်လုပ်ငန်းဆိုင်ရာများကို အကောင်အထည် ဖော်နိုင်ရေး “သောသောညံ ပုဂံမီးဆော်မောင်း” ဟူသည့် ဂဏန်းအမှတ်အသား သံခိပ် (လင်္ကာ) အရ “မီးကပ်သား” တစ်နည်းအားဖြင့် မီးသတ်သမား ၆၆၃ ဦးကို သတ်သတ်မှတ်မှတ် စနစ်တကျ ဖွဲ့စည်း တာဝန်ပေးအပ်ခဲ့ကြောင်း၊ ၎င်းနောက် ပုဂံခေတ်၊ ပင်းယခေတ်၊ အင်းဝခေတ်၊ ညောင်ရမ်းခေတ်၊ ကုန်းဘောင်ခေတ်အထိ ခေတ်အဆက်ဆက်တွင်လည်း နိုင်ငံတော်ကို မီးဘေးမသင့်စေရေး မီးသတ်လုပ်ငန်း ကို စနစ်တကျ ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့သည်ကို ဂုဏ်ယူစွာ တွေ့ရှိရမည်ဖြစ်ပါကြောင်း၊ မီးသတ် လုပ်ငန်း၏ သဘောသဘာဝအရ တစ်ဦးတစ်ယောက် တည်း လုပ်ဆောင်၍မရဘဲ လူအများကပေါင်းစပ် ဆောင်ရွက်ရသည့် လုပ်ငန်းဖြစ်သည့်အတွက် အုပ်ချုပ်သူ ဘုရင်၊ ရဲမက်များ၊ ပြည်သူများ၏ စုပေါင်း စွမ်းအားဖြင့်သာ မီးဘေးအန္တရာယ်ကို ထိထိ ရောက်ရောက်ကာကွယ်နိုင်ကြောင်းကို ရှေးမြန်မာ မင်းများလက်ထက်ကပင် သိရှိနားလည်ခဲ့ကြသည်ကို တွေ့ရပါကြောင်း။
ပြည်သူ့အကျိုးပြုအဖွဲ့အစည်း
ကိုလိုနီခေတ် မြန်မာနိုင်ငံတွင် အင်္ဂလိပ်နယ်ချဲ့ တို့သည် ၎င်းတို့၏ ကိုယ်ကျိုးစီးပွားကိုသာ ကာကွယ် နိုင်ရေး မြူနီစီပယ်မီးသတ်တပ်ဖွဲ့များ ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ကြသည်ကို တွေ့ရပါကြောင်း၊ ထို့ကြောင့် ခေတ်ပညာတတ် မျိုးချစ်လူငယ်များသည် မိမိတို့ ရပ်ရွာ၊ မိမိတို့၏ဒေသကို မီးဘေးကာကွယ်နိုင်ရေး အပျော်တမ်း မီးသတ်အဖွဲ့များကို အမျိုးသားရေး စိတ်ဓာတ်နှင့်ဖွဲ့စည်းပြီး ကာကွယ်စောင့်ရှောက်ခဲ့ကြ သည်ကို တွေ့ရပါကြောင်း၊ ၁၉၀၀ ပြည့်နှစ်နှောင်းပိုင်း မှစတင်ပြီး စေတနာ့ဝန်ထမ်း အပျော်တမ်းမီးသတ် တပ်ဖွဲ့များကို တစ်နိုင်ငံလုံး မြို့နယ်အလိုက်ဖွဲ့စည်း တည်ထောင်လာခဲ့ကြပါကြောင်း၊ ဖွဲ့စည်းဆောင်ရွက် ရာတွင်လည်း မီးသတ်တပ်ဖွဲ့ဝင်များ၏ ရည်ရွယ်ချက်၊ ကိုယ်ကျင့်တရားများ၊ အပျော်တမ်းမီးသတ်အဖွဲ့များ ဖွဲ့စည်းရန် စည်းမျဉ်းဥပဒေသများ၊ အလုပ်တာဝန် ဝတ္တရားနှင့် အခွင့်အာဏာများ၊ ဝတ်စားဆင်ယင်မှု သတ်မှတ်ချက်များ၊ မီးလောင်ရာတွင် ဆောင်ရွက်ရ မည့် တာဝန်ဝတ္တရားသတ်မှတ်ချက်များ၊ မီးသတ်စက် လေ့ကျင့်ခန်း၊ ကယ်ဆယ်ရေးနှင့် လူနာသယ်ယူပို့ဆောင်နည်း များအပါအဝင် မီးသတ်ကြိုးချည်နည်းအဆုံး စနစ်တကျပြုစုထာသည့် မီးသတ်ဌာန လက်စွဲ အတိုင်း စနစ်တကျ ပြုစုလုပ်ကိုင်ခဲ့ကြသောကြောင့် အစဉ်အလာကြီးမားသည့် အဖွဲ့အစည်းတစ်ရပ် ဖြစ် သည်မှာ ထင်ရှားလှပါကြောင်း၊ ထို့ကြောင့်် မီးသတ် တပ်ဖွဲ့ဟူ၍ စတင်သန္ဓေတည်ပေါက်ဖွားလာခဲ့ခြင်း သည် နိုင်ငံတော်အတွက် လိုအပ်နေသည့် ပြည်သူ့ အကျိုးပြု အဖွဲ့အစည်းတစ်ရပ်အဖြစ် ပေါ်ထွန်းလာခဲ့ ခြင်းဖြစ်သည်ဟု မှတ်ယူရမည်ဖြစ်ပါကြောင်း။
၁၉၄၆ ခုနှစ်၊ မေလ ၅ ရက် တနင်္ဂနွေနေ့တွင် ရန်ကုန်မြို့ ကန်တော်ကလေးရှိ “ဇိနတ်အစ္စလာမ်” မိန်းကလေးကျောင်းတွင် မြန်မာတစ်ပြည်လုံးတွင် ရှိသည့် မီးသတ်အဖွဲ့အစည်းများသည် ပထမအကြိမ် စေတနာ့ဝန်ထမ်း မီးသတ်အစည်းအရုံးကြီး ညီလာခံ ကို ကျင်းပနိုင်ခဲ့ပြီး ၁၉ ခရိုင်မှ ကိုယ်စားလှယ်ပေါင်း ၁၉၇ ဦး တက်ရောက်ခဲ့ကြပါကြောင်း။
ယင်းညီလာခံကို ဗိုလ်ချုပ်အောင်ဆန်း တက်ရောက်ချီးမြှင့် မိန့်ခွန်းပြောကြားခဲ့ရာ၌ “မီးသတ်အဖွဲ့သားများ၏ တာဝန်မှာ စည်းကမ်း အရေးကြီး၍ အထူးမြင့်မြတ်သော ဝန်ထမ်းအလုပ် ကြီးဖြစ်ကြောင်း၊ စစ်တပ်များတွင် သူရဲကောင်းများ ပေါ်ပေါက်သကဲ့သို့ မီးသတ်လုပ်ငန်းတွင်လည်း သူရဲကောင်းများ ပေါ်ပေါက်ကြသည့်အနက် မီးသတ် သူရဲကောင်းမှာ သူတစ်ပါးအား တိုက်ခိုက်ရခြင်း မဟုတ်ဘဲ စွန့်စားသူများအနေဖြင့် အထူးမြင့်မြတ် သော သူရဲကောင်းများဖြစ်ကြောင်း” ဖြင့် ထည့်သွင်း ပြောကြားသွားခဲ့ပါကြောင်း။ အဆိုပါ မြန်မာနိုင်ငံလုံး ဆိုင်ရာ မီးသတ်အစည်းအရုံး ညီလာခံကျင်းပခဲ့သည့် မေလ ၅ ရက်နေ့ တစ်နည်းအားဖြင့် မီးသတ်တပ်ဖွဲ့ဝင် များ စည်းလုံးညီညွတ်စွာ ပေါင်းစည်းနိုင်ခဲ့သည့်နေ့ ကို အစွဲပြုပြီး မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အဖြစ် ကျင်းပလာခဲ့သည်မှာ ယနေ့ဆိုပါက (၇၇)နှစ် တိုင်ခဲ့ ပြီဖြစ်ပါကြောင်း။
အရေးကြီးသည့် ကဏ္ဍ(၃)ခု အလေးထားလိုက်နာ
မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့သည် ပြည်ထဲရေး ဝန်ကြီးဌာန၏ ဦးဆောင်လမ်းညွှန်မှုများနှင့်အညီ ရည်မှန်းချက်တာဝန် (၄) ရပ် ချမှတ်ဆောင်ရွက်လျက် ရှိရာ၌ မဟာဗျူဟာကျသည့်၊ အရေးကြီးကဏ္ဍများ ဖြစ်သည့် ကြိုတင်စီမံမှုကဏ္ဍ၊ မီးဘေးလုံခြုံရေးနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်မှု ကဏ္ဍ၊ ပြန်လည်သုံးသပ်မှုကဏ္ဍဟူသည့် အရေးကြီး သည့် ကဏ္ဍ(၃)ခုကို တိတိကျကျ အလေးထားလိုက်နာ ဆောင်ရွက်ကြရခြင်း ဖြစ်ပါကြောင်း။
မြန်မာနိုင်ငံတွင် နှစ်စဉ်မီးလောင်မှုများ ဖြစ်ပွား လျက်ရှိရာ၌ ၂၀၁၃ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ ၁၀ နှစ်တာကာလအတွင်း မီးလောင်မှုပေါင်း ၁၈၃၃၆ ကြိမ် ဖြစ်ပွားခဲ့ပြီး ငွေကျပ် ၁၅၅ ဘီလီယံကျော်ခန့် ဆုံးရှုံးခဲ့ရကြောင်းကို မီးသတ်ဦးစီးဌာန၏ မှတ်တမ်း များအရ သိရပါကြောင်း၊ နိုင်ငံတစ်ဝန်းလုံး နှစ်စဉ် မီးလောင်မှုအကြိမ်ရေ ပျမ်းမျှအားဖြင့် တစ်နှစ်လျှင် အကြိမ်ရေ ၁၈၀၀ ကျော်ခန့် ဖြစ်ပွားပြီး ဆုံးရှုံးမှုအနေ ဖြင့် နှစ်စဉ် ငွေကျပ် ၁၅ ဘီလီယံခန့် ဆုံးရှုံးလျက်ရှိနေ သည်ကို တွေ့ရပါကြောင်း၊ ရာသီဥတုပြောင်းလဲမှုနှင့် လူဦးရေတိုးပွားလာပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်လာသည် နှင့်အမျှ မီးလောင်မှုအကြိမ်သည်လည်း တိုးလာနိုင် သည်ဖြစ်သဖြင့် မီးလောင်မှုအကြိမ်ရေနှင့် မီးဘေး အန္တရာယ်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှု တန်ဖိုးများ လျော့ကျစေရေးအတွက် ပြည်သူလူထုအတွင်း မီးသတိမူရေးနှင့် မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာများ စိမ့်ဝင်ပျံ့နှံ့နေအောင် လုပ်ကြရမည် ဖြစ်ပါကြောင်း။
မီးဘေးလုံခြုံရေးနှင့် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်မှုကဏ္ဍတွင် “Some People Run from Problem, Another Run to Again We Know Hero” ဟူသည့်အတိုင်း “လူတစ်ချို့ ဟာ ပြဿနာနဲ့ဝေးရာကို ပြေးကြပြီး ပြဿနာကို ထွက်မပြေးဘဲ ရင်ဆိုင်တိုးဝင်သူကိုတော့ သူရဲ ကောင်းလို့ ခေါ်ကြကြောင်း” ဟူသည့် စကားသည် မီးသတ်သမားများကို ပြောခြင်းပင်ဖြစ်ပါကြောင်း၊ မီးသတ်လုပ်ငန်းသည် စွန့်လွှတ်မှုများ၊ စွန့်စားမှုများ နှင့် အသက်နှင့်ခန္ဓာကို ပေးဆပ်ပြီးလုပ်ရသည့်လုပ်ငန်း ဖြစ်ကြောင်း၊ ပေးဆပ်မှုအနည်းဆုံးဖြစ်ရေး မိမိ အလုပ်ကို ကျွမ်းကျင်မှုရှိရန်လိုပြီး ကျွမ်းကျင်အောင် လည်း အကြိမ်ကြိမ် လေ့ကျင့်နေရန်လိုမည်ဖြစ် ကြောင်း၊ လေ့ကျင့်မှကျွမ်းကျင်၊ ကျွမ်းကျင်မှယုံကြည်၊ ယုံကြည်မှ ရဲရင့်၊ ရဲရင့်မှ အောင်ပွဲဆင်နိုင်မည်ဖြစ် သဖြင့် မီးသတ်တပ်ဖွဲ့ဝင် အဆင့်အတန်းအားလုံး အနေဖြင့် လက်ဝယ်ပိုင်ဆိုင်ထားသည့် ခေတ်မီမီးငြှိမ်း သတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးယာဉ် စက်ပစ္စည်း ကိရိယာများကို ကျွမ်းကျင်ပိုင်နိုင်စွာ ကိုင်တွယ် အသုံးပြုနိုင်ရေးနှင့် သက်ဆိုင်ရာ လုပ်ငန်းနယ်ပယ် တွင် ကျွမ်းကျင်ရေးအတွက် လေ့ကျင့်ရေးကို စဉ်ဆက်မပြတ် ဆောင်ရွက်နေကြရမည် ဖြစ်ပါ ကြောင်း။
ပြည်သူလူထုအတွင်း မတော်တဆ ထိခိုက် ဒဏ်ရာရရှိမှုများ၊ ဒေသအလိုက် ဖြစ်ပေါ်လာသည့် ဘေးအန္တရာယ်များ၊ သဘာဝဘေးအန္တရာယ်များ ကြုံတွေ့ရသည့်အခါ မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် လူမျိုး/ ဘာသာ အယုတ်အလတ် အမြတ်မရွေး ခွဲခြား မှုမရှိဘဲ မွန်မြတ်သည့် လူမှုရေး အသိစိတ်၊ ကရုဏာ မေတ္တာ စေတနာအရင်းခံသည့် ပရဟိတစိတ်ဓာတ် များနှင့် ကူညီကယ်ဆယ်ခြင်း၊ ကူညီရွှေ့ပြောင်းခြင်း နှင့် သဘာဝဘေးကြောင့် ပိတ်ဆို့နေခြင်းများကိုပါ ရှင်းလင်းဖယ်ရှားခြင်းများအပေါ် စွမ်းစွမ်းတမံ ကူညီ ဆောင်ရွက်ပေးနေသည်ကို အားလုံးအသိပင်ဖြစ်ပါ ကြောင်း၊ ထိုကဲ့သို့ မွန်မြတ်သည့်စိတ်ထားနှင့် တာဝန် ထမ်းဆောင်နေကြသည့် မီးသတ်တပ်ဖွဲ့ဝင်များ၏ ဘဝကို ကိုယ်တိုင်တန်ဖိုးထားဂုဏ်ယူပြီး မီးသတ် သမားကောင်းများပီသစွာ နေထိုင်ကျင့်ကြံသွားကြ ရမည် ဖြစ်ပါကြောင်း၊ ထို့အပြင် ပြဋ္ဌာန်းထားသည့် ဥပဒေများ၊ ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများ ကို လေးစားလိုက်နာရေး၊ စိတ်ဓာတ်စည်းကမ်း ကောင်းမွန်မှုများနှင့် မိမိတို့၏ဘဝကို ကြိုးစား မြှင့်တင်သွားကြရန် လိုအပ်ကြောင်းကို တိုက်တွန်း မှာကြားလိုပါကြောင်း။
မီးသတ်တပ်ဖွဲ့ဝင်တိုင်းသည် မီးဘေးလုံခြုံရေး စစ်ဆေးဆောင်ရွက်ခြင်းနှင့် ပြည်သူလူထုနှင့် ထိတွေ့ ဆက်ဆံသည့်အခါများ၌ ယဉ်ကျေးပျူငှာစွာ စည်းရုံး ပြောဆိုရန် အထူးပင်လိုအပ်ပါကြောင်း၊ မီးငြှိမ်းသတ် သည့်အချိန်များတွင်လည်း ပြည်သူလူထု၏ အထင် အမြင် လွဲမှားမှုများကို စိတ်ရှည်သည်းခံပြီး အမှန် အတိုင်းသိအောင် ဂဃနဏ ရှင်းပြပြောဆိုရန် လိုအပ် ပါကြောင်း၊ မီးသတ်တပ်ဖွဲ့အဖြစ် ပေါ်ပေါက်လာသည့် အချိန်မှစ၍ ယနေ့အချိန်အထိ နိုင်ငံတော်၏အကျိုး၊ တိုင်းရင်းသားပြည်သူများ၏အကျိုးကို အစဉ်ရှေးရှု ဆောင်ရွက်ပြီး ဘယ်လိုအခြေအနေမျိုးတွင်မဆို နိုင်ငံရေး အရောင်အသွေးမရှိဘဲ သမိုင်းအစဉ်အလာ ကောင်းများနှင့် ပြည်သူ့အကျိုးပြုတပ်ဖွဲ့ တစ်ခုအဖြစ် ရပ်တည်လာခဲ့သည့်အတွက် မီးသတ်တပ်ဖွဲ့သည် နိုင်ငံရေးအရောင်အသွေးကင်းမဲ့သော အဖွဲ့အစည်း တစ်ခုဖြစ်ကြောင်းလည်း ပြောကြားလိုပါကြောင်း။
ဘွဲ့ထူးဂုဏ်ထူးများ ချီးမြှင့်ပေးအပ်လျက်ရှိ
ခေတ်အဆက်ဆက်တွင် မီးသတ်တပ်ဖွဲ့အနေဖြင့် မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်း များတွင် နိုင်ငံတော်နှင့် တိုင်းရင်းသား ပြည်သူလူထု အကျိုးအတွက် စွန့်လွှတ်စွန့်စားစွာနှင့် စွမ်းစွမ်းတမံ သယ်ပိုးဆောင်ရွက်ခဲ့ကြသည့် ဖြစ်စဉ်သာဓကများစွာ ရှိခဲ့ပြီး နိုင်ငံတော်က စွမ်းရည်သတ္တိဆိုင်ရာနှင့် စွမ်းဆောင်မှုဆိုင်ရာ ဘွဲ့ထူးဂုဏ်ထူးများ ချီးမြှင့် ပေးအပ်လျက်ရှိကြောင်း။
မီးသတ်တပ်ဖွဲ့ဝင်များကို နိုင်ငံတော်က စွမ်းရည် သတ္တိနှင့် စွမ်းဆောင်မှုဆိုင်ရာ တံဆိပ်များနှင့် ဂုဏ်ထူးဆောင်ဘွဲ့များ နှစ်အလိုက် ချီးမြှင့်ပေးခဲ့ရာ ၁၉၅၂ ခုနှစ်မှ ယနေ့အထိ ပြည်ထောင်စု ငွေတံဆိပ် တစ်ဦး၊ လွတ်လပ်ရေးမော်ကွန်းဝင် သုံးဦး၊ ဂုဏ်ထူး ဆောင်လက်မှတ် ၁၀ ဦး၊ သရေစည်သူဘွဲ့ တစ်ဦး၊ ဝဏ္ဏကျော်ထင်ဘွဲ့ ငါးဦး၊ စက်မှုစီးပွားထူးချွန်တံဆိပ် ၁၀ ဦး၊ စီမံထူးချွန်တံဆိပ် ၂၃ ဦး၊ လူမှုထူးချွန်တံဆိပ် ၃၆ ဦး၊ သီဟဗလတံဆိပ် သုံးဦး၊ ရဲသီဟတံဆိပ် တစ်ဦး၊ ရဲသူရတံဆိပ် ၁၆ ဦး၊ ရဲဗလတံဆိပ် ၅၅ ဦး၊ ရဲသူရိန်တံဆိပ် ၇၂ ဦး၊ ရဲကျော်စွာတံဆိပ် ၇၅ ဦး၊ ရဲကျော်သူတံဆိပ် ၄၅ ဦး စုစုပေါင်း ဆုတံဆိပ် ၃၅၆ ဦး ပေးအပ်ခဲ့ပြီးဖြစ်ပါကြောင်း၊၊
ထိုကဲ့သို့ စွမ်းရည်သတ္တိဆိုင်ရာ ဘွဲ့/ တံဆိပ်နှင့် လက်မှတ်များ မရရှိခဲ့ပေမယ့်လည်း ပေးအပ်သည့် တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ပြီး နိုင်ငံတော် နှင့် ပြည်သူလူထုအတွက် စွန့်လွှတ်မှုပေါင်းများစွာနှင့် ဆောင်ရွက်ခဲ့ကြသည့် သန္ဓေ/အရန်နှင့် သီးသန့် တပ်ဖွဲ့ဝင်များကိုလည်း တန်ဖိုးထားချီးကျူးဂုဏ်ပြုပါ ကြောင်းကို ထည့်သွင်းပြောကြားလိုပါကြောင်း။
မိမိတို့အနေဖြင့် ငြိမ်းချမ်းသာယာဖွံ့ဖြိုးတိုးတက် သော ခေတ်မီနိုင်ငံတော်တစ်ရပ်အဖြစ်ကို ရောက်ရှိ အောင် တည်ဆောက်နေသည့် အချိန်အခါတွင် နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီက ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ် (၅) ရပ်၊ ဦးတည်ချက် (၁၂) ရပ်ကို အပြည့်အဝ အောင်မြင်ရန်အတွက် မီးသတ်တပ်ဖွဲ့ဝင် များအနေဖြင့် သက်ဆိုင်ရာကဏ္ဍအလိုက် ဦးလည် မသုန် အလေးအနက်ထားပြီး အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် မှာကြားလိုကြောင်း။
ယနေ့ မြန်မာနိုင်ငံသည် ပညာရေး၊ ကျန်းမာရေး၊ ပို့ဆောင်ဆက်သွယ်ရေး၊ လျှပ်စစ်နှင့် စွမ်းအင်၊ ကျေးလက်ဒေသဖွံ့ဖြိုးရေး၊ မီဒီယာစသည့် ကဏ္ဍ ပေါင်းစုံ ဖွံ့ဖြိုးတိုးတက်အောင် ဒီမိုကရေစီစံနှုန်းများ နှင့်အညီ စနစ်တကျ ဆောင်ရွက်လျက်ရှိကြောင်း၊ ယနေ့မြန်မာနိုင်ငံတွင် ဟိုတယ်၊ မိုတယ်၊ စက်မှု လုပ်ငန်း အဆောက်အဦများ၊ အထပ်မြင့်အဆောက် အဦများ၊ စုပေါင်းပိုင်အိမ်ရာများလည်း တစ်နေ့ တခြား တိုးတက်များပြားလာပြီး လူနေမှုပုံစံများ ပြောင်းလဲလာသည့်အတွက် ပြည်သူများအနေဖြင့် ဖွံ့ဖြိုးတိုးတက်လာခြင်းနှင့်အတူ ယှဉ်တွဲဖြစ်ပေါ်လာ မည့် မီးဘေးအန္တရာယ်အပါအဝင် အခြားသော ဘေးအန္တရာယ်များကို မလွဲမသွေ ရင်ဆိုင်တွေ့ကြုံရမည်ဖြစ်ကြောင်း။
မီးသတ်တပ်ဖွဲ့၏ အခန်းကဏ္ဍ မြင့်မား
ပြည်သူတို့ တွေ့ကြုံရမည့် ဘေးအန္တရာယ် ကြီးမားကျယ်ပြန့်လာမှုသည် ပြည်သူကို ကူညီ ကယ်ဆယ်မည့် မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် ရင်ဆိုင်ဖြေရှင်းလုပ်ဆောင်ကြရမည့် တာဝန်များ ပင်ဖြစ်ကြောင်း၊ ထို့ကြောင့် မီးသတ်တပ်ဖွဲ့၏ အခန်းကဏ္ဍသည်လည်း မြို့ပြနယ်ပယ်တွင် မြင့်မား လာသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း။
နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုကို အနှောင့်အယှက် အဟန့်အတားဖြစ်စေသည့် မီးလောင်မှုများနှင့် ပျက်စီးဆုံးရှုံးမှုများကို လျော့နည်းကျဆင်းစေရန် မီးသတ်တပ်ဖွဲ့ဝင်များအတွက် မီးငြှိမ်းသတ်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ကြုံတွေ့ရနိုင်သည့် ဘေးအန္တရာယ်ကို လျှော့ချနိုင်ရေးအတွက် မီးဘေး ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုနှင့် ဘေးကင်းလုံခြုံစေ ရေး Myanmar Fire Safety Code 2020 ကို ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၃၀ ရက်တွင် အတည်ပြုထုတ်ပြန် ပြဋ္ဌာန်းနိုင်ခဲ့ပြီးဖြစ်ကြောင်း။
ကမ္ဘာ့ရာသီဥတုပြောင်းလဲမှု ဖြစ်စဉ်များကြောင့် ကမ္ဘာ့နိုင်ငံအသီးသီးတွင် သဘာဝဘေးအန္တရာယ်များ နှစ်စဉ် ပိုမိုဖြစ်ပွားကြုံတွေ့ရလျက်ရှိပြီး ထိခိုက် ပျက်စီးဆုံးရှုံးမှုပမာဏလည်း ပိုမိုများပြားလာ ကြောင်း။ မြန်မာနိုင်ငံ၏ ရာသီဥတုနှင့် ပထဝီဝင် အနေအထားအရ ဒေသအလိုက် မီးဘေး၊ ရေဘေး၊ လေဘေး၊ ငလျင်ဘေး၊ ဆူနာမီဘေး၊ မြေပြိုဘေး၊ မိုးခေါင်ရေရှားဘေး အစရှိသည့်သဘာဝဘေး အန္တရာယ်အမျိုးမျိုးကို ရင်ဆိုင်ကြုံတွေ့နိုင်သည့်အပြင် အခြားသော ဓာတု၊ ဇီဝ၊ ရေဒီယို သတ္တိကြွပစ္စည်း များ၏ အန္တရာယ်များလည်း ဖြစ်ပွားလာသည်ကို တွေ့ကြရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် မီးသတ် တပ်ဖွဲ့ဝင်များအနေဖြင့်လည်း တိုးတက်ဖြစ်ပေါ် ပြောင်းလဲလာသည့် ဘေးအန္တရာယ်များ၏ စိန်ခေါ်မှု များကို ရင်ဆိုင်နိုင်ရန်နှင့် နိုင်ငံတကာမီးသတ်တပ်ဖွဲ့ များနှင့် ရင်ပေါင်တန်းဆောင်ရွက်နိုင်ရန်အတွက် မီးသတ်တပ်ဖွဲ့၏ လုပ်ငန်းစွမ်းဆောင်ရည် တိုးတက် မြင့်မားစေရေး ကြိုးပမ်းဆောင်ရွက်သွားကြရန် အလေးအနက်ထား မှာကြားလိုကြောင်း။
မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံ အများအပြား ခံစားနေရသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် မီးသတ်တပ်ဖွဲ့ အနေဖြင့် တပ်မတော်၊ ပြည်သူလူထု၊ သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် စုပေါင်းလက်တွဲ ညီညီ ညွတ်ညွတ် ပါဝင်လုပ်ဆောင်ခဲ့သည်ကို တွေ့ရ ကြောင်း၊ အများပြည်သူနှင့် သက်ဆိုင်သည့် နေရာ တိုင်းတွင် ပိုးသတ်သန့်စင်ခြင်းလုပ်ငန်း၊ ပညာပေး လှုံ့ဆော်ခြင်း၊ Mask ပေးဝေခြင်း၊ ဆေးရုံကြီးများနှင့် Liquid Oxygen သိုလှောင်ဖြန့်ဝေပေးခြင်း စသည့် ဆက်စပ်လုပ်ငန်းများတွင် မတော်တဆမှုများ မဖြစ်ပွားစေရန်နှင့် မီးဘေးအန္တရာယ်ကင်းဝေးစေရန် နည်းပညာရပ်ဆိုင်ရာ အထောက်အကူပေးခြင်း၊ ကိုဗစ်-၁၉ ကူးစက်ခံရသည့် လူနာများ၊ နာမကျန်း ဖြစ်သူ ပြည်သူများကို သူနာတင်ယာဉ်ဝန်ဆောင် မှု (EMS) အခမဲ့ပေးခြင်းများကို ဆောင်ရွက်ခဲ့ကြ ကြောင်း။
မေ့မရနိုင်သည့် မှတ်တမ်းများ
ထို့ပြင် Quarantine Center များတွင် ရေလိုအပ် မှုများကို မီးသတ်ရေသယ်ယာဉ်များနှင့် နေ့စဉ်အခမဲ့ ရေဂါလန်ပေါင်းများစွာ ပေးလှူခဲ့သည့်အတွက် ကိုဗစ်-၁၉ ရောဂါ ပထမလှိုင်း၊ ဒုတိယလှိုင်း၊ တတိယ လှိုင်းကာလများတွင် မီးသတ်တပ်ဖွဲ့ဝင်များ၏ ပြည်သူ့အကျိုးပြုဆောင်ရွက်မှုအနေဖြင့် မေ့မရနိုင် သည့် မှတ်တမ်းများ ဖြစ်ကြောင်း၊ ထို့ကြောင့် ယနေ့ မီးသတ်တပ်ဖွဲ့သည် တကယ်လုပ် အဟုတ်ဖြစ်ရမည် ဆိုသည့် အနေအထားကို ရောက်ရှိနေပြီဆိုသည်ကို မှတ်တမ်းများအရ မျက်ဝါးထင်ထင် တွေ့မြင်နေရပြီ ဖြစ်ကြောင်း။
မီးသတ်တပ်ဖွဲ့ဝင်များ၏ စွမ်းဆောင်မှုတိုင်းသည် ပြည်သူများ၏ နေထိုင်မှုဘဝ လုံခြုံရေးမှစ၍ နိုင်ငံ တော်တည်ဆောက်ရေးအထိ အကျုံးဝင်သည့်အတွက် နိုင်ငံတော်နှင့် ပြည်သူလူထုအတွက် များစွာအကျိုး ရှိပြီး တန်ဖိုးလည်းကြီးမားလှကြောင်း။ ယင်းတန်ဖိုး ၏ အနှစ်သာရသည် မီးသတ်တပ်ဖွဲ့အတွက် ထူးကဲ သည့် ရည်မှန်းချက် တာဝန် (၄)ရပ်ဖြစ်သည့် မီးဘေး လုံခြုံရေး၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေး၊ ပြည်သူ့အကျိုးပြု ဆောင်ရွက် ရေးစသည့် လုပ်ငန်းစဉ်များအပေါ် မိမိတို့ တာဝန်ကျ ရာဒေသ၏ လူနေမှုပုံစံ၊ ရိုးရာဓလေ့စရိုက်၊ ယဉ်ကျေး မှုတို့နှင့် လိုက်လျောညီထွေဖြစ်အောင် တီထွင်ကြံဆ လုပ်ဆောင်နိုင်ပါမှ ပြည်သူလူထုက အားကိုးယုံကြည် လာမည်ဖြစ်ကြောင်း၊ အားကိုးယုံကြည်မှ တပ်ဖွဲ့ဝင် များနှင့်အတူ ပြည်သူအများက ပါဝင်ပူးပေါင်း လိုက်ပါလုပ်ဆောင်လာကြမည်ဖြစ်ကြောင်း၊ ပြည်သူ အားလုံး လိုက်ပါလုပ်ဆောင်မှ မီးသတ်တပ်ဖွဲ့၏ ရည်မှန်းချက်ပန်းတိုင်ဖြစ်သည့် မီးဘေးအန္တရာယ် ကင်းဝေးပြီး ဘေးကင်းလုံခြုံမှုရှိသည့် လူနေမှုဘဝ ပတ်ဝန်းကျင်ကို ရရှိနိုင်မည်ဖြစ်သကဲ့သို့ မီးသတ် တပ်ဖွဲ့၏ ဂုဏ်ကိုလည်း မြင့်မားဝင့်ထည်စေမည် ဖြစ်ကြောင်း။
ပြည်သူက အားကိုးယုံကြည်
ထို့ကြောင့် မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် ပြည်သူကို စည်းရုံးနိုင်မှုစွမ်းရည်၊ ပြည်သူက အားကိုး ယုံကြည်လာစေနိုင်သည့် စွမ်းပကားရှိနေရန်လည်း လိုအပ်လာပြီဖြစ်ကြောင်း၊ မီးဘေးကြိုတင်ကာကွယ် ရေး၊ မီးငြှိမ်းသတ်ရေး စသည့်လုပ်ငန်းများသည် မီးသတ်သမားများသာ လုပ်ဆောင်၍ ရနိုင်ခြင်းမျိုး မဟုတ်ဘဲ ပြည်သူများ ပူးပေါင်းပါဝင် ကူညီမည်ဆို ပါက အောင်မြင်သည်ကို ပြည်သူများ သိမြင်နားလည် စေရန်အတွက် မိမိတို့ ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ စေ့ဆော်စည်းရုံးနိုင်မှု အတတ်ပညာပါရှိလာရန် လိုအပ်လာပြီဖြစ်ကြောင်းကို မှာကြားလိုကြောင်း။
ယနေ့ အချိန်အခါတွင် နေရာတိုင်း၊ နယ်ပယ်တိုင်း ၌ အဆင့်မြင့်နည်းပညာများနှင့် ဆောင်ရွက်နေကြပြီဖြစ်ခြင်းကြောင့် မီးသတ်တပ်ဖွဲ့ဝင်များ၏ ကာယ၊ ဉာဏပိုင်းတွင် အဆင့်မြင့် အမြင်ကျယ်ရမည်ဖြစ် ကြောင်း၊ ဓာတုဗေဒနှင့် ရူပဗေဒ၏ သဘောတရား၊ အင်ဂျင်နီယာနှင့် သင်္ချာပညာအရ တွက်ချက်စိစစ် နိုင်မှုများကို အပြည့်အဝသိရှိနားလည်ပြီး အလျင် အမြန် တုံ့ပြန်ဖြေရှင်းနိုင်ရန် ကြိုးစားကြရမည်ဖြစ်ကြောင်း။
ထို့ပြင် ခေတ်စနစ်နှင့်အညီ မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးဆိုင်ရာ ပညာရပ်များကို ကျွမ်းကျင်ပိုင်နိုင်မှုရှိစေရန် ကြိုးပမ်းလေ့လာ ဆောင်ရွက်ထားကြရန် လိုအပ်သကဲ့သို့ မီးဘေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စိန်ခေါ်မှုအသစ်များ ကို ရင်ဆိုင်ရန် မီးသတ်လုပ်ငန်းတွင် အဆင့်မြင့် နည်းပညာပိုင်းများနှင့် ဆောင်ရွက်နိုင်မည့် နိုင်ငံတကာနည်းတူ “အပြည်ပြည်ဆိုင်ရာ မြို့ပြရှာဖွေ ကယ်ဆယ်ရေး အကြံပေးအဖွဲ့” (International Search and Rescue Advisory Group- INSERAG)များကို ဒေသအလိုက် စုဖွဲ့လေ့ကျင့်ရေးကို အသင့် ဆောင်ရွက်ထားသင့်သည်ကို မှာကြားလိုကြောင်း။
မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၏ သမိုင်းအစဉ်အလာ ကောင်းကို ဆက်လက်ထိန်းသိမ်းကြစေလိုကြောင်း၊ မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် ပြည်သူလူထုအပေါ် ပြုကျင့်ရမည့် ကျင့်ဝတ် ၁၀ ပါးနှင့်အညီ နေထိုင် ကျင့်ကြံပြီး ပြည်သူလူထု၏ လိုအပ်ချက်ကို တစ်ဖက် တစ်လမ်းက ဖြည့်ဆည်းဆောင်ရွက်ပေးကြစေ လိုကြောင်း။
ပြည်သူများအပေါ် ကျရောက်လာနိုင်သည့် ဘေးအန္တရာယ်အမျိုးမျိုးကို အချိန်မဆိုင်းဘဲ ကာကွယ် ဆောင်ရွက်ပေးကြစေလိုကြောင်း၊ တိုင်းပြည် သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးအတွက် ပြည်သူလူထုဗဟိုပြု ဖွံ့ဖြိုးရေးလုပ်ငန်းများကို လူမှု စီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် နိုင်ငံတော် အစိုးရက အားသွန်ခွန်စိုက် ဆောင်ရွက်သည့်နေရာ တွင် မီးသတ်တပ်ဖွဲ့ဝင်များသည်လည်း ကျရာနေရာ အခန်းကဏ္ဍက ပါဝင်ကူညီဆောင်ရွက်သွားကြရန်လိုအပ်ကြောင်း၊ မီးသတ်သမားကောင်း တစ်ယောက် တွင်ရှိရမည့် ခိုင်မာတည်ကြည်သည့် စိတ်ဓာတ်၊ ရဲဝံ့ စွန့်စားသည့် စိတ်ဓာတ်၊ အတွေ့အကြုံရင့်ကျက်ပြီး နည်းပညာ ကြွယ်ဝမှုရှိရန် ကြိုးစားသွားမည်ဆိုသည့် စိတ်ဓာတ်များနှင့် ပြည်သူကို အလုပ်အကျွေးပြုကြရန် လိုအပ်ကြောင်း။
နိုင်ငံတကာတွင် ပြောင်းလဲတိုးတက်နေသည့် မီးသတ်လုပ်ငန်းဆိုင်ရာများကို မျက်ခြည်မပြတ် လေ့လာဆည်းပူးပြီး မိမိနိုင်ငံသားတို့အတွက် ပြန်လည်အသုံးချနိုင်ရန် အားထုတ်ကြရန် လိုအပ် ကြောင်း။
စိန်ခေါ်မှုများကို အနိုင်ယူသွားကြစေလို
တပ်ဖွဲ့ဝင် တစ်ဦးချင်းစီ၏ စွမ်းဆောင်ရည်မြင့်မား အောင် ကြိုးပမ်းနေခြင်းသည် တပ်ဖွဲ့တစ်ခုလုံး၏ ဂုဏ်ကိုမြှင့်တင်နေခြင်းဖြစ်သည်ဟု ခံယူထားရန် လိုအပ်ကြောင်း၊ မိမိတို့နိုင်ငံသားများကို မီးဘေးလုံခြုံ ရေးဆိုင်ရာလုပ်ငန်း၊ ရှာဖွေကယ်ဆယ်ရေးဆိုင်ရာ လုပ်ငန်းများနှင့် အလုပ်အကျွေးပြုရာတွင် ရောင့်ရဲ တင်းတိမ်စိတ်မထားဘဲ လိုအပ်ချက်မရှိအောင် စွမ်းဆောင်ကြရန်လိုအပ်ကြောင်း၊ အထူးသဖြင့် မီးသတ်သမားများသည် ဘေးဒုက္ခအန္တရာယ်များနှင့် ရင်ဆိုင်ကြုံတွေ့နေသူတိုင်းကို မိမိတို့အသက်နှင့် ခန္ဓာကိုယ်ကို အရင်းတည်ပြီး ကူညီကယ်တင် ဆောင်ရွက်ရခြင်းကြောင့် ယနေ့ ကျရောက်သည့် မီးသတ်တပ်ဖွဲ့နေ့တွင် ခေတ်အဆက်ဆက် တာဝန် ထမ်းဆောင်ရင်း ထိခိုက်ဒဏ်ရာရရှိသူ၊ အသက်ပေး သွားသူ တပ်ဖွဲ့ဝင်များ၏ ခမ်းနားလွန်းလှသည့် ဂုဏ်ဒြပ်ကို အလေးပြုဦးညွတ်ရင်း အနာဂတ်တွင် ရင်ဆိုင်ကြုံတွေ့လာနိုင်သည့် မီးဘေးနှင့် သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စိန်ခေါ်မှုများကို အနိုင်ယူသွား ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် (၇၇)နှစ်မြောက် မြန်မာနိုင်ငံမီးသတ် တပ်ဖွဲ့နေ့အထိမ်းအမှတ် Video Clip ကို ပြသသည်။
ယင်းနောက် နိုင်ငံကျော်အဆိုတော် ဦးထွန်းရွှေ က မီးဘေးလုံခြုံရေးအသိပညာပေးရေးဆိုင်ရာ ဂန္ထဝင်သီချင်းဖြစ်သည့် “မီးသတိပြု” သီချင်းအား ဖျော်ဖြေတင်ဆက်သည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က “မီးသတိပြု” သီချင်းသီဆိုခဲ့သော နိုင်ငံကျော်အဆို တော် ဦးထွန်းရွှေ(အသက်၉၀နှစ်)၊ မီးသတ်လုပ်ငန်း များကို စေတနာ့ဝန်ထမ်း တာဝန်ထမ်းဆောင်လျက်ရှိ သည့် ပဲခူးတိုင်းဒေသကြီး ပေါင်းတည်မြို့နယ် အရန်မီးသတ်တပ်ရင်းမှ အရန်မီးသတ်တပ်ခွဲမှူး ဦးဝမ်သောင်း(အသက်၉၄နှစ်)နှင့် စစ်မှုထမ်း(ငြိမ်း)/မီးသတ်ဝန်ထမ်း(ငြိမ်း) တပ်ကြပ်ကြီး ဦးထွန်းကြည် (အသက်၉၂နှစ်)တို့ကို ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုဆုငွေများ ချီးမြှင့်သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်ထံသို့ ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက (၇၇)နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့အထိမ်းအမှတ် အမှတ်တရလက်ဆောင် ပေးအပ်သည်။
ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်
ယင်းနောက် ပြည်ထဲရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီးက နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီမှ ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ် ပေးအပ်ချီးမြှင့် ခြင်းခံရသည့် အငြိမ်းစားမီးသတ်တပ်ဖွဲ့ဝင် အရာရှိ ကြီးများနှင့် တပ်ဖွဲ့ဝင်များ၏ မိသားစုဝင်များအား ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့်အတူ အခမ်း အနား တက်ရောက်လာကြသူများသည် မီးသတ်ဦးစီး ဌာနပြခန်းတွင် ခင်းကျင်းပြသထားသည့် ရှေးဟောင်း မီးသတ်ယာဉ်များနှင့် ခေတ်မီမီးသတ်ယာဉ်/စက် ပစ္စည်းကိရိယာများ၊ ပြည်တွင်းမှ မီးဘေးလုံခြုံရေးဆိုင်ရာပစ္စည်းကိရိယာများ ထုတ်လုပ်သည့် အသေး စားနှင့် အလတ်စားလုပ်ငန်းများ(MSME)၊ ပြည်ပ မှ တင်သွင်း/ဖြန့်ဖြူးရောင်းချသည့် ကုမ္ပဏီတို့မှ မီးသတ်လုပ်ငန်းဆိုင်ရာ ပစ္စည်းကိရိယာများ ခင်းကျင်းပြသထားမှုတို့ကို လှည့်လည်ကြည့်ရှုခဲ့ကြ သည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် နှင့်အဖွဲ့ဝင်များသည် ခန်းမအရှေ့တွင် ခင်းကျင်းပြသထားသည့် ခေတ် အဆက်ဆက် မီးသတ်ယာဉ်များအား ကြည့်ရှုစစ်ဆေး ခဲ့ပြီး Daihatsu (ပြည်တော်သာ) သုံးဘီးမီးသတ် ဆိုင်ကယ်တစ်စီးအား မီးသတ်လုပ်ငန်းများတွင် စေတနာ့ဝန်ထမ်းတာဝန် ထမ်းဆောင်လျက်ရှိသည့် ပဲခူးတိုင်းဒေသကြီး ပေါင်းတည်မြို့နယ် အရန်မီးသတ် တပ်ရင်းမှ အသက် ၉၄ နှစ်အရွယ်ရှိ အရန်မီးသတ် တပ်ခွဲမှူး ဦးဝမ်သောင်းက လက်တွေ့မောင်းနှင်ပြသ မှုကို ကြည့်ရှုအားပေး ဂုဏ်ပြုခဲ့သည်။
အဆိုပါ Daihatsu (ပြည်တော်သာ) သုံးဘီး မီးသတ်ဆိုင်ကယ်ကို ၁၉၅၄ ခုနှစ်တွင် ဂျပန်နိုင်ငံ၌ ထုတ်လုပ်ခဲ့ခြင်းဖြစ်ပြီး ယင်းနှစ်၌ပင် မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့ကာ ပါလီမန်ဒီမိုကရေစီခေတ်အတွင်း၌ ဖြစ်ပွားခဲ့သော မီးလောင်မှုကြီးများတွင် တာဝန် ကျေပွန်စွာ ထမ်းဆောင်ခဲ့သော မီးသတ်ယာဉ်ဖြစ် သည်။ မီးသတ်ယာဉ်ကြီးများ မဝင်ရောက်နိုင်သည့် လမ်းသွယ်၊ လမ်းကျဉ်းများအတွင်းသို့ ဝင်ရောက်ပြီး မီးငြှိမ်းသတ်နိုင်သည့် မီးသတ်ယာဉ်တစ်စီးဖြစ်သည်။
အရန် မီးသတ်တပ်ခွဲမှူး ဦးဝမ်သောင်းသည် အရန် မီးသတ်တပ်ဖွဲ့ တာဝန်များကို အသက် ၂၅ နှစ်အရွယ် ကတည်းကစ၍ စေတနာ၊ ဝါသနာ၊ အနစ်နာဖြင့် ပရဟိတစိတ်ကို အခြေခံကာ ယခု အသက် ၉၄ နှစ် အရွယ်အထိ ၆၉ နှစ်တိုင်တိုင် စွမ်းစွမ်းတမံ ကျန်းမာ စွာဖြင့် တာဝန်ထမ်းဆောင်လျက်ရှိကြောင်း သိရှိရ သည်။
ညနေပိုင်းတွင် (၇၇) နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ ဂုဏ်ပြုညစာစားပွဲကို မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(MICC-II) ၌ ပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် ကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ)၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီး များ၊ ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီဝင် များ၊ အမြဲတမ်းအတွင်းဝန်များ၊ မြန်မာနိုင်ငံ မီးသတ် တပ်ဖွဲ့ဌာနချုပ်မှ အရာရှိများနှင့် တပ်ဖွဲ့ဝင်များ၊ အငြိမ်းစား မီးသတ်တပ်ဖွဲ့ဝင်အရာရှိကြီးများ၊ တိုင်း ဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ သန္ဓေ၊ အရန်၊ သီးသန့်မီးသတ်တပ်ဖွဲ့ဝင်များ၏ ကိုယ်စားလှယ် များ၊ ထူးချွန်ဆုရရှိကြသည့် မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဂုဏ်ပြုညစာ မသုံးဆောင်မီနှင့် သုံးဆောင်နေစဉ် အတွင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ ပြည်တော် အေးငြိမ်းမင်္ဂလာဆိုင်းနှင့် ခေတ်ပေါ်တေးဂီတအဖွဲ့တို့ ၏ တီးခတ်မှုနှင့်အတူ မီးသတ်တပ်ဖွဲ့ဝင် အဆိုရှင်များ နှင့် နိုင်ငံကျော်တေးသံရှင်များက တေးသံသာများ၊ မီးသတ်တပ်ဖွဲ့ဝင် အကအဖွဲ့ (ယိမ်း/Dancer)များ၏ အကအလှများဖြင့် စည်ကားစုံလင်စွာ ဖျော်ဖြေ တင်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်