
နေပြည်တော် နိုဝင်ဘာ ၂
အရှေ့တောင်အာရှနိုင်ငံများဆိုင်ရာ စာရင်းစစ်ချုပ်ရုံးများအဖွဲ့(ASEANSAI)၏ (၆)ကြိမ်မြောက် ထိပ်သီးအစည်းအဝေး (6th ASEANSAI Summit) ကို ယနေ့ နံနက် ၈ နာရီခွဲတွင် မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံ အဖြစ် ဦးဆောင်၍ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်း အထူးဧည့်သည်တော်အဖြစ် Video Message ပေးပို့ မိန့်ခွန်းပြောကြားသည်။
အစည်းအဝေးသို့ မြန်မာနိုင်ငံမှ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ပါမောက္ခ ဒေါက်တာ ကံဇော် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ က နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ ASEANSAI ဥက္ကဋ္ဌ ရုံးခန်းမှ တက်ရောက်ကြပြီး ASEANSAI အဖွဲ့ဝင်နိုင်ငံများမှ စာရင်း စစ်ချုပ်များဖြစ်သည့် ဘရူနိုင်းနိုင်ငံ စာရင်းစစ်ချုပ် Dato Paduka Yusop Mahmud ၊ ကမ္ဘောဒီးယားနိုင်ငံ စာရင်းစစ်ချုပ် Dr. Mrs. Som Kim Suor ၊ အင်ဒိုနီးရှားနိုင်ငံ စာရင်းစစ်ချုပ် Dr. Agung Firman Sampurna၊ ဖိလစ်ပိုင်နိုင်ငံ စာရင်းစစ်ချုပ် Mr. Michael G. Aguinaldo၊ စင်ကာပူနိုင်ငံ စာရင်းစစ်ချုပ် Ms. Goh Soon Poh၊ ထိုင်းနိုင်ငံ စာရင်း စစ်ချုပ် Gen. Chanathap Indamra၊ ဗီယက်နမ်နိုင်ငံ စာရင်းစစ်ချုပ် Mr. Tran Sy Thanh၊ လာအိုနိုင်ငံဒုတိယစာရင်းစစ်ချုပ် Mr. Toy Phonthilath ၊ မလေးရှားနိုင်ငံ ဒုတိယစာရင်းစစ်ချုပ် Mr. Rosalan Abu Bakar တို့ ဦးဆောင်သည့် ကိုယ်စားလှယ်များ၊ ASEANSAI ၏ အထွေထွေအတွင်းရေးမှူး Mr. Bahtiar Arif နှင့် ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်း များမှ ကိုယ်စားလှယ်များ ပါဝင် တက်ရောက်ကြသည်။
အစည်းအဝေးဖွင့်ပွဲ အခမ်းအနားတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် သီချင်းနှင့် ASEANSAI သီချင်းတို့ကို ဂုဏ်ပြုဖွင့်လှစ်သည်။
ထို့နောက် ASEANSAI ၏ (၂၀၂၁-၂၀၂၃) အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူ ဆောင်ရွက်ရမည့် ပြည်ထောင်စုစာရင်း စစ်ချုပ် ပါမောက္ခ ဒေါက်တာ ကံဇော် က နှုတ်ခွန်းဆက် မိန့်ခွန်းပြောကြားပြီး မလေးရှားနိုင်ငံ ဒုတိယစာရင်းစစ်ချုပ်က အဖွင့်မိန့်ခွန်းပြောကြားသည်။
ယင်းနောက် အာရှတိုက်ဆိုင်ရာ စာရင်းစစ်ချုပ်ရုံးများအဖွဲ့ ASOSAI ဥက္ကဋ္ဌ ဖြစ်သူ ထိုင်းနိုင်ငံ စာရင်းစစ်ကော်မရှင် ဥက္ကဋ္ဌ Gen. Chanathap Indamra နှင့် အာဆီယံအထွေထွေအတွင်းရေးမှူးချုပ် Mr.Dato’ Paduka Lim Jock Hoi တို့က Video Message ဖြင့် အမှာစကားများ ပြောကြားကြသည်။
အဖွင့်မိန့်ခွန်း ပြောကြား
အစီအစဉ်အရ အရှေ့တောင်အာရှ နိုင်ငံများဆိုင်ရာ စာရင်းစစ်ချုပ်ရုံးများ အဖွဲ့၏ (၆) ကြိမ်မြောက် ထိပ်သီး အစည်းအဝေး အထူးဧည့်သည်တော် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ဗီဒီယိုမက်ဆေ့ ပေးပို့၍ အဖွင့်မိန့်ခွန်း ပြောကြားသည်။
(နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၏ မိန့်ခွန်းကို စာမျက်နှာ-၄ တွင် သီခြားဖော်ပြထား ပါသည်။)
ဆွေးနွေးအတည်ပြု
ယင်းနောက် ASEANSAI အဖွဲ့ဝင် (၁၀) နိုင်ငံမှ စာရင်းစစ်ချုပ်များနှင့် ASEANSAI အတွင်းရေးမှူးတို့သည် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
ထို့နောက် ထိပ်သီးအစည်းအဝေး ပထမပိုင်းကို ဆက်လက်ကျင်းပရာ လက်ရှိ ASEANSAI ဥက္ကဋ္ဌ ကိုယ်စား ပြည်ထောင်စုစာရင်းစစ်ချုပ် ပါမောက္ခ ဒေါက်တာ ကံဇော်က အဖွင့်မိန့်ခွန်း ပြောကြားပြီး မလေးရှားနိုင်ငံ ဒုတိယ စာရင်းစစ်ချုပ်က ASEANSAI ကော်မတီ များနှင့် အတွင်းရေးမှူးရုံးတို့၏ ၂၀၂၀ ပြည့်နှစ်နှင့် ၂၀၂၁ ခုနှစ်အတွက် လုပ်ငန်း တိုးတက်မှု အစီရင်ခံစာပေါင်းချုပ်၊ ကော်မတီများ၏ ၂၀၂၂-၂၀၂၃ ခုနှစ် အတွက် လုပ်ငန်းစီမံချက်ပေါင်းချုပ်နှင့် ASEANSAI ၏ မဟာဗျူဟာစီမံချက် (၂၀၂၂-၂၀၂၅)၊ ASEANSAI ၏ စည်းမျဉ်း စည်းကမ်းများနှင့် လုပ်ထုံးလုပ်နည်းများ (ပြင်ဆင်ချက်)၊ အသိပညာမျှဝေရေး ကော်မတီ၏ လုပ်ငန်းနှင့် တာဝန်များ (ပြင်ဆင်ချက်) နှင့် ASEANSAI ၏ ဥပဒေ ရေးရာ စွမ်းဆောင်ရည်နှင့် စပ်လျဉ်းသည့် အဆိုပြုချက်တို့ကို အစီအစဉ်အတိုင်း ဆွေးနွေးအတည်ပြုကြသည်။
ယင်းနောက် ASEANSAI ဥက္ကဋ္ဌ ကိုယ်စား ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စု စာရင်းစစ်ချုပ်က ASEANSAI စည်းမျဉ်း စည်းကမ်းများနှင့် လုပ်ထုံးလုပ်နည်းအရ မြန်မာနိုင်ငံ ပြည်ထောင်စုစာရင်းစစ်ချုပ် အား ASEANSAI ဥက္ကဋ္ဌအဖြစ် လည်း ကောင်း၊ ဖိလစ်ပိုင် စာရင်းစစ်ချုပ်အား ASEANSAI ဒုတိယဥက္ကဋ္ဌအဖြစ် လည်း ကောင်း ခန့်အပ်ကြောင်း ကြေညာပြီး လက်ရှိ ဥက္ကဋ္ဌကိုယ်စား မလေးရှားနိုင်ငံ ဒုတိယစာရင်းစစ်ချုပ်က နှုတ်ဆက် မိန့်ခွန်းပြောကြားကာ ASEANSAI ဥက္ကဋ္ဌ အဖြစ် တာဝန်ယူခဲ့သည့် ယခင် ၂ နှစ်တာ ကာလအတွင်း မလေးရှားနိုင်ငံ စာရင်း စစ်ချုပ်၏ တက်ကြွစွာ ပူးပေါင်း ဆောင်ရွက်မှုများ၊ ASEANSAI ကော်မတီ ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၏ ဆောင်ရွက် မှု အစီအစဉ်များနှင့် လှုပ်ရှားမှုများ၊ နိုင်ငံ တကာ အဖွဲ့အစည်းများနှင့် ဆက်သွယ် ဆောင်ရွက်မှုများ၊ စိန်ခေါ်မှုများနှင့် မဟာဗျူဟာများ ပါဝင်သည့် ဥက္ကဋ္ဌ တာဝန်ယူခြင်း အထိမ်းအမှတ်စာအုပ် (၂၀၁၉ - ၂၀၂၁) ထုတ်ဝေခြင်း Video Clip ကို ထုတ်လွှင့်ပြသသည်။
လွှဲပြောင်းအပ်နှင်း
ထို့နောက် ASEANSAI ဥက္ကဋ္ဌ တာဝန်လွှဲပြောင်းခြင်း အခမ်းအနားကို ဆက်လက်ကျင်းပရာ မလေးရှားနိုင်ငံ စာရင်းစစ်ချုပ်က မြန်မာနိုင်ငံ ပြည်ထောင်စု စာရင်းစစ်ချုပ်ထံသို့ ASEANSAI အလံ နှင့် ထိပ်သီးအစည်းအဝေး၌ ဆုံးဖြတ်ချက် များ ချမှတ်ရာတွင် ASEANSAI ဥက္ကဋ္ဌ အသုံးပြုသည့် “တူ” လွှဲပြောင်းအပ်နှင်း သည့် အခမ်းအနား Video Clip ကို ပြသ သည်။
ယင်းနောက် ပြည်ထောင်စုစာရင်း စစ်ချုပ်က ဥက္ကဋ္ဌတာဝန် လွှဲပြောင်း လက်ခံရရှိခြင်းအတွက် မိန့်ခွန်းပြောကြား ပြီး ASEANSAI အဖွဲ့ဝင်နိုင်ငံများမှ စာရင်းစစ်ချုပ်များ၊ ASEANSAI အတွင်း ရေးမှူးတို့နှင့် မှတ်တမ်းတင် ဓာတ်ပုံရိုက် ၍ အစည်းအဝေး ပထမပိုင်းအစီအစဉ် ကို ရုပ်သိမ်းလိုက်သည်။
အလှည့်ကျဥက္ကဋ္ဌတာဝန် လွှဲပြောင်းရယူ
ASEANSAI ကို ၂၀၁၁ ခုနှစ် နိုဝင်ဘာ လတွင် စတင်ဖွဲ့စည်းခဲ့ပြီး အဖွဲ့၏ ထိပ်သီးအစည်းအဝေးများကို ၂ နှစ် တစ်ကြိမ် ကျင်းပရာ အင်ဒိုနီးရှားနိုင်ငံ စာရင်းစစ်ချုပ်ရုံးက (၂၀၁၂-၂၀၁၃) ခုနှစ် တွင် လည်းကောင်း၊ ဘရူနိုင်းနိုင်ငံစာရင်း စစ်ချုပ်ရုံးက (၂၀၁၃-၂၀၁၅) ခုနှစ်တွင် လည်းကောင်း၊ ကမ္ဘောဒီးယားနိုင်ငံစာရင်း စစ်ချုပ်ရုံးက (၂၀၁၅-၂၀၁၇) ခုနှစ်တွင် လည်းကောင်း၊ လာအိုနိုင်ငံစာရင်းစစ်ချုပ် ရုံးက (၂၀၁၇-၂၀၁၉) ခုနှစ်တွင် လည်း ကောင်း၊ မလေးရှားနိုင်ငံစာရင်းစစ်ချုပ်ရုံးက (၂၀၁၉-၂၀၂၁) ခုနှစ်တွင် လည်း ကောင်း ASEANSAI ဥက္ကဋ္ဌတာဝန်ကို အလှည့်ကျထမ်းဆောင်ခဲ့ကြသည်။ ယခု (၆) ကြိမ်မြောက် ထိပ်သီးအစည်းအဝေး တွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးက (၂၀၂၁-၂၀၂၃) ခုနှစ် ( ၂ ) နှစ် ကာလ အတွက် အလှည့်ကျဥက္ကဋ္ဌတာဝန်ကို လွှဲပြောင်းရယူခဲ့ခြင်း ဖြစ်သည်။
ထို့နောက်အစည်းအဝေး ဒုတိယပိုင်း ကို ASEANSAI ဥက္ကဋ္ဌ ပြည်ထောင်စု စာရင်းစစ်ချုပ် ပါမောက္ခ ဒေါက်တာ ကံဇော်က ဦးဆောင်၍ ဆက်လက် ကျင်းပရာ ASEANSAI ဥက္ကဋ္ဌပြည်ထောင်စု စာရင်းစစ်ချုပ်နှင့် ဒုတိယဥက္ကဋ္ဌတို့က အဖွင့်မိန့်ခွန်းများ ပြောကြားကြသည်။
ဘတ်ဂျက်လျာထားချက်များ အတည်ပြု
ယင်းနောက် ၂၀၂၂-၂၀၂၃ ကာလ အတွက် ASEANSAI ကော်မတီ (၄) ရပ် ၏ ဥက္ကဋ္ဌများ အတည်ပြုခန့်အပ်ခြင်း၊ ကော်မတီများ၏ လုပ်ငန်းစီမံချက် ပေါင်းချုပ် (၂၀၂၂-၂၀၂၃) ကို အတည်ပြု ခြင်း၊ ၂၀၂၀ ပြည့်နှစ်နှင့် ၂၀၂၁ ခုနှစ် တို့အတွက် ဘဏ္ဍာရေးရှင်းတမ်းများ စစ်ဆေးရန် စာရင်းစစ်ခန့်အပ်ခြင်းနှင့် အတည်ပြုခြင်း၊ လာမည့် (၂) နှစ်တာ ကာလအတွက် ဘတ်ဂျက်လျာထားချက် များ အတည်ပြုခြင်းတို့ကို အစီအစဉ် အတိုင်း ဆောင်ရွက်ကြသည်။
ထို့နောက် ASEANSAI ဥက္ကဋ္ဌ ပြည်ထောင်စုစာရင်းစစ်ချုပ်က နိဂုံးချုပ် အမှာစကား ပြောကြားပြီး အစည်းအဝေး တက်ရောက်ကြသည့် ကိုယ်စားလှယ်များ နှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကာ အစည်းအဝေး ဒုတိယပိုင်းအစီအစဉ်ကို ရုပ်သိမ်းလိုက်သည်။
ယနေ့ကျင်းပပြုလုပ်သည့် အရှေ့တောင်အာရှနိုင်ငံများဆိုင်ရာ စာရင်း စစ်ချုပ်ရုံးများ အဖွဲ့၏ (၆) ကြိမ်မြောက် ထိပ်သီးအစည်းအဝေးကို အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင် မှုနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကို ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးက အိမ်ရှင်အဖြစ် ဦးဆောင်၍ ယမန်နေ့ ကလည်း ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပခဲ့ရာ ဒုတိယအမြဲတမ်းအတွင်းဝန် တက်ရောက်ခဲ့သည်။ ထို့အတူ ပြည် ထောင်စုစာရင်းစစ်ချုပ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် အောက်တိုဘာ ၂၆ ရက်က ASEANSAI အတွင်းရေးမှူး ရုံးက အိမ်ရှင်အဖြစ် ဗီဒီယိုကွန်ဖရင့်စနစ် ဖြင့် ကျင်းပပြုလုပ်ခဲ့သည့် (ASEANSAI) ၏ ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများနှင့် ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက် ခဲ့ကြောင်း သိရသည်။
သတင်းစဉ်