
လွိုင်ကော် စက်တင်ဘာ ၁၉
၂၀၂၂-၂၀၂၃ ခုနှစ် ကယားပြည်နယ်အတွင်း နွေစပါးပန်းတိုင်အထွက်နှုန်း ကျော်လွန် သည်အထိ စိုက်ပျိုးနိုင်ခဲ့သည့် တောင်သူများအား ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့ နံနက်ပိုင်းက လွိုင်ကော်မြို့ ပြည်နယ်ခန်းမ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ပိုးရယ်အောင်သိန်း၊ ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်လှမိုး၊ ပြည်နယ်အစိုးရ အဖွဲ့ဝင် ဝန်ကြီးများ၊ ဒေသကွပ်ကဲရေးမှူး၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ တောင်သူများ တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်က နိုင်ငံတော်အနေဖြင့် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေ ရိက္ခာဖူလုံရေးတို့အတွက် တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးနှင့် အကျုံးဝင်သော စိုက်ပျိုးရေးနှင့် မွေးမြူရေးကို ခေတ်မီ နည်းစနစ်များဖြင့် တိုးတက်အောင် ဆောင်ရွက်ပြီး အခြားစီးပွားရေးကဏ္ဍများ ကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးလျက်ရှိ ကြောင်း၊ ကယားပြည်နယ်အတွင်းရှိ စိုက်ပျိုးတောင်သူများက နွေစပါးပန်းတိုင် အထွက်နှုန်း ကျော်လွန်သည်အထိ စိုက်ပျိုးထုတ်လုပ်နိုင်သည့်အတွက် ဂုဏ်ယူ ဝမ်းမြောက်ပါကြောင်း၊ တောင်သူများ အနေဖြင့် နွေစပါးပန်းတိုင်အထွက်နှုန်း သာမက မိုးစပါးအထွက်နှုန်းကိုလည်း ပန်းတိုင်အထွက်နှုန်းထက် ကျော်လွန် သည်အထိ ကြိုးစားစိုက်ပျိုးပေးကြစေလိုကြောင်း ပြောကြားသည်။
ဝမ်းမြောက်ဂုဏ်ယူ
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ကယားပြည်နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ် ၌ နွေစပါး ဧက ၃၄၃၀ စိုက်ပျိုးခဲ့ပြီး ပန်းတိုင်အထွက်နှုန်းထက် ကျော်လွန် သည်အထိ စိုက်ပျိုးနိုင်ခဲ့သည့် တောင်သူ ပေါင်း ၆၀၀ ကျော် ပေါ်ထွန်းလာသည့် အတွက် ဝမ်းမြောက်ဂုဏ်ယူမိပါကြောင်း ပြောကြားသည်။
ယင်းနောက် ပြည်နယ်စိုက်ပျိုးရေး ဦးစီးဌာန ပြည်နယ်ဦးစီးမှူးက ပြည်နယ် အတွင်း စပါးစိုက်ပျိုးထုတ်လုပ်မှုနှင့် ဆုရွေးချယ်ခဲ့မှုများကို ရှင်းလင်းတင်ပြပြီး နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်၊ ပြည်နယ်ဝန်ကြီးချုပ်၊ အရှေ့ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိ သူများက ၂၀၂၂-၂၀၂၃ ခုနှစ် နွေစပါး ပန်းတိုင်အထွက်နှုန်း ကျော်လွန်သည် အထိ စိုက်ပျိုးနိုင်ခဲ့သည့် တောင်သူများ အား ပထမ၊ ဒုတိယ၊ တတိယဆု ရရှိ သူများကို လယ်ယာသုံးစက်ပစ္စည်းများနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ၊ အထူးဆုရရှိ သူများကို လယ်ယာသုံးပစ္စည်းများနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့် ကြသည်။
ဆက်လက်၍ ဂုဏ်ပြုဆုရရှိသော တောင်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်နယ် ဝန်ကြီးချုပ်၊ အရှေ့ပိုင်းတိုင်း စစ်ဌာန ချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများသည် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက် ကြသည်။
မွန်းလွဲပိုင်းတွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့် အဖွဲ့ သည် လွိုင်ကော်မြို့ ခရစ်တော်ဘုရင် ဘုရားရှိခိုးကျောင်း၌ လွိုင်ကော် ကက်သလစ်သာသနာ ဆရာတော်များနှင့် တွေ့ဆုံသည်။
ရှေးဦးစွာ လွိုင်ကော် ကက်သလစ် သာသနာ ဂိုဏ်းအုပ်ဆရာတော်ကြီး ချဲလ်ဆိုဘရွှေက နှုတ်ခွန်းဆက်ဆုတောင်း စကား ပြောကြားသည်။
အေးချမ်းစွာအတူယှဉ်တွဲနေထိုင်
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပိုးရယ်အောင်သိန်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေ ဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းရေးအတွက် တာဝန်ယူ ဆောင်ရွက်လျက်ရှိရာ ပြည်သူများအားလုံး အတူတကွပူးပေါင်း၍ ကြိုးစားဆောင် ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ပြည်နယ် အတွင်း မှီတင်းနေထိုင်ကြသည့် တိုင်းရင်း သားများသည် ကိုးကွယ်သည့်ဘာသာများ မတူညီသော်လည်း ဘာသာရေးယုံကြည် ချက်နှင့် ဓလေ့ထုံးတမ်းများကို အခြား ဘာသာဝင်များက အပြန်အလှန် လေးစား ကာ အေးချမ်းစွာအတူယှဉ်တွဲ နေထိုင် လျက် ပြည်နယ်ဖွံ့ဖြိုးတိုးတက်မှုရှိအောင် ဘာသာအလိုက် တတ်နိုင်သမျှ ကြိုးပမ်း ဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း ပြောကြားသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်သူ များ အေးချမ်းစွာ နေထိုင်နိုင်ရေးနှင့် ပြည်နယ်အတွင်း ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးနေမှုအခြေ အနေများနှင့် ပတ်သက်၍ ဆွေးနွေး ပြောကြားခဲ့သည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအဖွဲ့ဝင် နှင့် ပြည်နယ်ဝန်ကြီး ချုပ်တို့က လွိုင်ကော် ကက်သလစ် သာသနာအတွက် အလှူငွေများပေးအပ် လှူဒါန်းခဲ့ကြပြီး ပြည်နယ်အတွင်းရှိ ကျောင်းထိုင်ဆရာတော်များနှင့် သီလရှင် များအား ရင်းရင်းနှီးနှီး နှုတ်ဆက် စကားပြောကြားခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်