နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူ မြစ်ကြီးနားမြို့၌ ပြည်နယ်အတွင်းရှိ တိုင်းရင်းသားမျိုးနွယ်စု (၁၂) စုမှ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်း/အဖွဲ့များ၊ MSME စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံ

 

မြစ်ကြီးနား  စက်တင်ဘာ ၉


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်ဒေါ်ဒွဲဘူသည် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ် အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အတူ ယနေ့ နံနက် ၉ နာရီက မြစ်ကြီးနားမြို့ ခုတင် (၅၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီးသို့   သွားရောက်ပြီး ဆေးဝါးကုသမှုခံယူနေသော လူနာများကို   တွေ့ဆုံ အားပေးသည်။


ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် နှင့်အဖွဲ့သည် ပြည်သူ့ဆေးရုံကြီးအတွင်း  ဆေးဝါး ကုသမှုခံယူနေသောလူနာများကို     ရင်းရင်းနှီးနှီး လိုက်လံတွေ့ဆုံအားပေးစကား     ပြောကြားကာ ထောက်ပံ့ငွေနှင့် အာဟာရဖြစ် စားသောက်ဖွယ်ရာ များကို   ထောက်ပံ့ပေးအပ်ကြပြီး   ဆေးရုံအတွက် ဆေးပဒေသာပင်ထောက်ပံ့ငွေများ        ပေးအပ် သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်သည် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ပြည်နယ်အတွင်းရှိ တိုင်းရင်းသားမျိုးနွယ်စု (၁၂) စုမှ တိုင်းရင်းသားစာပေနှင့်  ယဉ်ကျေးမှုအသင်း/အဖွဲ့ များနှင့် တွေ့ဆုံသည်။


တိုင်းရင်းသားအားလုံးပါဝင်ကြရန်


တွေ့ဆုံစဉ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်က  ပြည်ထောင်စုအတွင်းရှိ  တိုင်းရင်းသား များ အားလုံးအတွက် တိုင်းပြည်သာယာဝပြောရေး၊ တည်ငြိမ်အေးချမ်းရေး၊       တရားဥပဒေစိုးမိုးရေး၊ ပြည်တွင်းငြိမ်းချမ်းရေးရရှိရေးနှင့်    လွတ်လပ်ပြီး တရားမျှတသည့်   ပါတီစုံဒီမိုကရေစီ   အထွေထွေ ရွေးကောက်ပွဲကျင်းပနိုင်ရေး    ကြိုးပမ်းဆောင်ရွက် လျက်ရှိကြောင်း၊ ထို့အပြင် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်းများအတွက် အဓိကဖြစ်သည့် သန်းခေါင် စာရင်းကောက်ယူရေးလုပ်ငန်းစဉ်တွင်    မိမိတို့ တိုင်းရင်းသားအားလုံးပါဝင်ကြရန် အလေးအနက် ထားတိုက်တွန်းလိုကြောင်း၊   ထို့အပြင်    တည်ငြိမ် အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ငြိမ်းချမ်းရေး တည်ဆောက်ရေးလုပ်ငန်းစဉ်များတွင်လည်း မိမိတို့ တစ်ဦးချင်းစီက ပူးပေါင်းပါဝင်ကြရန် လိုအပ်ကြောင်း ပြောကြားသည်။


ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် က တိုင်းရင်းသားအခွင့်အရေးဆိုင်ရာကိစ္စရပ်များ အပေါ် ပြည်နယ်အစိုးရအဖွဲ့မှ ဖြည့်ဆည်းဆောင်ရွက် ပေးနေမှုကို ဖြည့်စွက်ရှင်းလင်းပြောကြားပြီး ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီး    ဦးကျော်မင်းခိုင်က ဝန်ကြီးဌာန၏တိုင်းရင်းသားများ ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ ပူးပေါင်းဆောင်ရွက်နေမှုနှင့် တိုင်းရင်းသား မျိုးနွယ်စုအလိုက်   လိုအပ်ချက်များကို    ရှင်းလင်း တင်ပြသည်။


ဆက်လက်၍      နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်က တက်ရောက်လာကြသည့် ကချင် မျိုးနွယ်စု (၆)မျိုး၊  ရှမ်းမျိုးနွယ်စု(၅)မျိုးနှင့်    ဗမာ တိုင်းရင်းသားမျိုးနွယ်စုတို့မှ စာပေနှင့်ယဉ်ကျေးမှု အသင်း/အဖွဲ့များနှင့် မြန်မာနိုင်ငံ ကချင်လူမျိုးရိုးရာယဉ်ကျေးမှုအသင်း၊ ကချင်ပြည်နယ်ရှမ်းမျိုးနွယ်စု များ  စာပေနှင့်   ယဉ်ကျေးမှုအသင်းတို့အတွက် ထောက်ပံ့ငွေကျပ် ၂၈ သိန်းနှင့် ဂုဏ်ပြုလက်ဆောင် များကို ပေးအပ်ချီးမြှင့်ရာ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့များကိုယ်စား   မြန်မာနိုင်ငံ  ကချင် လူမျိုးရိုးရာယဉ်ကျေးမှုကော်မတီဥက္ကဋ္ဌက ကျေးဇူး တင်စကားပြောကြားပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်က    တိုင်းရင်းသားမျိုးနွယ်စုများ အလိုက် လိုအပ်ချက်များနှင့် စပ်လျဉ်း၍  ပေါင်းစပ် ညှိနှိုင်း၍ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
မွန်းလွဲပိုင်းတွင်       နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်သည်    မြစ်ကြီးနားမြို့   ပြည်သူ့ အားကစားကွင်းအတွင်းရှိ   မိုးလုံလေလုံအားကစား ခန်းမ၌  ဒေသတွင်း  အသေးစား၊ အလတ်စားနှင့် အငယ်စား (MSME)   စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံအမှာစကားပြောကြားသည်။


နည်းပညာအကူအညီများပေးနိုင်ရေး


ထို့နောက် တက်ရောက်လာကြသည့် ပြည်နယ် အတွင်းရှိ    MSME    စီးပွားရေးလုပ်ငန်းရှင်များနှင့် စိုက်ပျိုးမွေးမြူရေးတောင်သူများက   လုပ်ငန်းများ အတွက် ချေးငွေရရှိရေး၊ အရည်အသွေးမြှင့်ထုတ်ကုန် များအဖြစ်   ပြည်ပတင်ပို့ရာတွင်    လိုအပ်သည့် နည်းပညာအကူအညီများပေးနိုင်ရေး၊ စိုက်ပျိုးရေး ထုတ်ကုန်များဈေးကွက်ဖော်ဆောင်ပေးရေး၊ လျှပ်စစ်မီး အလုံအလောက်ရရှိရေး၊ လုပ်ငန်းကဏ္ဍအလိုက် လိုအပ် ချက်၊ အခက်အခဲများ၊ ပူးပေါင်းချိတ်ဆက်ပေးလိုသည့် ကိစ္စရပ်များကို တင်ပြကြရာ   ပြည်နယ်အဆင့်ဌာန ဆိုင်ရာများက ကဏ္ဍအလိုက်  လိုက်နာဆောင်ရွက် သွားရမည့်လုပ်ထုံးလုပ်နည်းများ၊ ပံ့ပိုးကူညီပေးနိုင် သည့်ကိစ္စရပ်များကို   ပြန်လည်ရှင်းလင်းဆွေးနွေး သည်။


ယင်းနောက်   တင်ပြမှုများအပေါ်    ပြည်နယ် ဝန်ကြီးချုပ်က      ဖြည့်စွက်ရှင်းလင်းဆွေးနွေးပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်က လိုအပ် ချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး၊ ထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်နိုင်ရေး ပေါင်းစပ်ချိတ်ဆက်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


ပြည်နယ် (ပြန်/ဆက်)