
ဗန်းမော် စက်တင်ဘာ ၁၂
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဒေါ်ဒွဲဘူသည် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့်ဇနီး၊ ပြည်နယ်ဝန်ကြီး များနှင့်အတူ ယနေ့နံနက်ပိုင်းက ဗန်းမော်မြို့ မြို့တော်ခန်းမ၌ ခရိုင်အတွင်း ရှိ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ တိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှုအဖွဲ့ များ၊ ကုန်သည်လုပ်ငန်းရှင်များ၊ MSME လုပ်ငန်းရှင်များ၊ ပရဟိတအသင်းအဖွဲ့ များ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံသည်။
ဝိုင်းဝန်းပူးပေါင်းကြိုးစား
ထိုသို့ တွေ့ဆုံရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူက နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေ ဖြင့် နိုင်ငံတော်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး၊ စားရေရိက္ခာဖူလုံရေး၊ ပြည်တွင်းထုတ်ကုန် များတိုးတက်မြင့်မားရေး၊ MSME လုပ်ငန်း များကို အားပေးမြှင့်တင်ဆောင်ရွက်ပေး ရေး၊ ကျန်းမာကြံ့ခိုင်ပြီး ပညာရည်ပြည့်ဝ သော၊ ဗလငါးတန်နှင့်ပြည့်စုံသော အနာဂတ်လူငယ်များ လေ့ကျင့်မွေးထုတ် ပေးနိုင်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး ရရှိ ရေး၊ တရားဥပဒေစိုးမိုးရေး၊ တည်ငြိမ် အေးချမ်းမှုရရှိရေးနှင့် လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးကို အလေးထားဆောင်ရွက်လျက်ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ ဗန်းမော်ဒေသခံပြည်သူများ အနေဖြင့် လည်း မိမိတို့ဒေသ ဖွံ့ဖြိုးတိုးတက်ရေး အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၊ ပြည်နယ်အစိုးရအဖွဲ့နှင့်အတူ မိမိတို့ ပြည်သူတစ်ဦးချင်းစီက အတူတကွ ဝိုင်းဝန်းပူးပေါင်းကြိုးစားဆောင်ရွက်ရန် လိုအပ်ပါကြောင်း ပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် အသင်းအဖွဲ့များ၊ လုပ်ငန်းရှင်များနှင့် ဒေသခံပြည်သူများက ဒေသဖွံ့ဖြိုး တိုးတက်ရေး လိုအပ်ချက်များကို တင်ပြ ကြရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ခရိုင်အဆင့် ဌာနဆိုင်ရာများက သက်ဆိုင်ရာ ကဏ္ဍအလိုက် ဆောင်ရွက်သွားမည့် အစီအမံများကို ပြန်လည်ရှင်းလင်းတင်ပြ ကြသည်။
လျင်မြန်စွာတိုးတက်လာမည်
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က ဖြည့်စွက်ရှင်းလင်းပြောကြားပြီး နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်က တစ်ဦးချင်း၊ အသင်းအဖွဲ့တစ်ခုချင်းက တည်ဆဲဥပဒေများအပေါ် လေးစား လိုက်နာပြီး အစိုးရအဖွဲ့၊ သက်ဆိုင်ရာ ဌာနများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း အားဖြင့် အချိန်တိုအတွင်း လျင်မြန်စွာတိုးတက်လာမည်ဖြစ်ကြောင်း ပြောကြား ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ၍ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
မွန်းလွဲပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအဖွဲ့ဝင်နှင့် အဖွဲ့သည် ဗန်းမော်တက္ကသိုလ်သို့ သွားရောက်ပြီး လူငယ်ရက်သတ္တပတ် ဗလငါးတန်ဖွံ့ဖြိုးရေး အစီအစဉ်ဖြင့် ကျောင်းသား ကျောင်းသူ များ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည့် ကျောင်းသား ကျောင်းသူများ၏ ဆုရ ပန်းချီ၊ ကာတွန်း၊ ဆောင်းပါးများကို ကြည့်ရှု အားပေးသည်။
ဆက်လက်၍ တက္ကသိုလ်ဘက်စုံသုံး ခန်းမဆောင်၌ ဗန်းမော်တက္ကသိုလ်၊ နည်းပညာတက္ကသိုလ် (ဗန်းမော်)၊ ကွန်ပျူတာတက္ကသိုလ်၊ နည်းပညာ အထက်တန်းကျောင်းတို့မှ ပါမောက္ခချုပ် များ၊ ဒုတိယပါမောက္ခများ၊ ဆရာ ဆရာမ များ၊ ပညာရေးဝန်ထမ်းများနှင့် တွေ့ဆုံရာ တာဝန်ရှိသူများက တက္ကသိုလ်ဆိုင်ရာ အချက်အလက်များနှင့် သင်ကြားရေး ဆိုင်ရာ အခက်အခဲများ/ လိုအပ်ချက်များ ကို တင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရေး စီစဉ်ဆောင်ရွက်မည့် ကိစ္စရပ်များနှင့် ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိသည့် ကိစ္စရပ်များကို ဖြည့်စွက်ရှင်းလင်း ပြောကြားသည်။
လိုက်လံကြည့်ရှုအားပေး
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်က လိုအပ်ချက်များ အပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး သက်ဆိုင်ရာဝန်ကြီးဌာန၊ ပြည်နယ် အစိုးရအဖွဲ့နှင့် ညှိနှိုင်းဆောင်ရွက်ပေးသွား မည့်ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးရေး ရက်သတ္တပတ် လှုပ်ရှားမှုအစီအစဉ်များ၊ သင်ကြားရေးဆိုင်ရာပြခန်းပြကွက်များနှင့် တက္ကသိုလ် အလိုက် လုပ်ငန်းဆောင်ရွက်မှုပြခန်း ငယ်များကို လိုက်လံကြည့်ရှုအားပေး သည်။
ထောက်ပံ့ငွေများပေးအပ်
ထိုမှတစ်ဆင့် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအဖွဲ့ဝင်နှင့် အဖွဲ့သည် ဗန်းမော်မြို့ ညောင်ပင်ရပ်ကွက်အတွင်းရှိ ဗန်းမော်ပြည်သူ့ဆေးရုံသို့ သွားရောက်ပြီး ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၊ ဆေးရုံအုပ်၊ တာဝန်ရှိသူများနှင့်အတူ ဆေးရုံကြီး ကလေးဖျားနာကုသဆောင် အတွင်း တက်ရောက်ဆေးဝါးကုသမှု ခံယူနေသော ကလေးငယ်များနှင့် မိခင် များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် ၍ အားပေးစကားများ ပြောကြားကြကာ ထောက်ပံ့ငွေများနှင့် အာဟာရဖြစ် မုန့် များကို ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်