နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၂၂)ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲ အမေး၊ အဖြေ

 

နေပြည်တော်   သြဂုတ်   ၃၀
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၂၂) ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲကို ဩဂုတ်  ၂၂ ရက် မွန်းလွဲပိုင်းတွင် ပြန်ကြားရေးဝန်ကြီးဌာန၌ ကျင်းပပြုလုပ်ပြီး နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၊ ဗဟိုဘဏ်၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့မှ ဒုတိယဝန်ကြီးအဆင့်ရှိသူများနှင့် ဌာနဆိုင်ရာ သတင်းထုတ်ပြန်ရေးအဖွဲ့ ကိုယ်စားလှယ်များက သတင်းမီဒီယာများ၏  သိရှိလိုသည့်မေးမြန်းမှုများကို ပြန်လည် ဖြေကြားကြသည်။

(ယမန်နေ့မှအဆက်)


NP News Agency မှ ဦးကျော်မျိုးမင်းက ပြီးခဲ့သည့်နှစ်  သတင်းစာ ရှင်းလင်းပွဲတစ်ခုတွင်    ဗိုလ်ချုပ်အနေဖြင့်   ပြောခဲ့သည်ရှိကြောင်း၊ လက်နက်ကိုင်အဖွဲ့အစည်းအားလုံးကို     ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ခေါ်ရာတွင် အဆုံးစွန်အထိဟုပင်  ပြော၍ရသည့် လိုက်လျောမှု စကားပြောခဲ့ကြောင်း၊ ယင်းမှာ “ငြိမ်းချမ်းရေးဆွေးနွေးဖို့လာခဲ့ပါ။  ကြိုတင်ကန့်သတ်ချက်မထားဘူး”  မည်မျှအထိ ပြောခဲ့သလဲဆိုလျှင် “ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ပါ  လိုအပ်ရင်တောင်း၊ ဒါတွေကို  လွှတ်တော်ကြီးပေါ်လာရင်  တပ်မတော်ဘက်က ခွင့်ပြုမယ်” ဆိုသည်အထိ    ပြောထားတာရှိကြောင်း၊      ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဆိုသည်မှာလည်း   တိုင်းရင်းသား လက်နက်ကိုင် များ  အမြဲပြောနေသည့်စကားဖြစ်ကြောင်း၊  ယင်းနှင့်ပတ်သက်ပြီး တပ်မတော်ဘက်က ခွင့်ပြုပေးထားပြီဟု အဆုံးစွန်အထိ     ပြောထား သည့်တိုင်အောင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အများစု၏ တုံ့ပြန်မှု များသည် ၂၀၂၁ ခုနှစ်နောက်ပိုင်း  ပို၍ဆိုးလာသည်ကို တွေ့ရကြောင်း၊ အထူးသဖြင့် “တပ်မတော်က နိုင်ငံရေးက ထွက်ကိုထွက်ရမယ်”ဆိုသည့်  စကားမျိုးပြောလာကြောင်း၊ တစ်ဖက်တွင်မူ ၎င်းတို့က လက်နက်ကိုင် ထားပြီး တပ်မတော်ကို   ထွက်ခိုင်းသည့်    ပုံစံမျိုးပြောကြောင်း၊  တပ်မတော်ကလည်း   အဆုံးစွန်အထိ    လျှော့စရာရှိသည်များကို  အကုန်လျှော့ထားကြောင်း၊  ထိုမျှအထိ  လျှော့ထားပေးသည့်ကြားထဲ က    ငြိမ်းချမ်းရေးဆွေးနွေးပွဲများ၊    ငြိမ်းချမ်းရေးစကားဝိုင်းများကို တက်ရောက်ခြင်းမရှိသည်ကို  တွေ့ရကြောင်း၊ ယင်းကိစ္စနှင့်ပတ်သက်ပြီး တပ်မတော်ဘက်က   မည်သို့တုံ့ပြန်ပြောကြားလိုသည်ကို      သိလို ကြောင်း မေးမြန်းသည်။


မိမိတို့အနေဖြင့် လုံခြုံရေးအရဆောင်ရွက်သင့်သည့်လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိ


ဗိုလ်ချုပ်ဇော်မင်းထွန်းက ယခုလည်း မိမိတို့အနေဖြင့် ကန့်သတ် ချက် မထားဘဲ ဆွေးနွေးမှုများပြုလုပ်နေကြောင်း၊ သို့သော် မိမိတို့ အနေဖြင့် ၎င်းတို့ကိုလာရောက်ဆွေးနွေးကြဖို့ အမြဲတိုက်တွန်းလျက်ရှိ ကြောင်း၊  ဒို့တာဝန်အရေးသုံးပါးကို ဦးတည်ရန်လည်း အမြဲတိုက်တွန်း ကြောင်း၊ အခြေခံဥပဒေအရဆိုလျှင် ပြည်နယ်များနှင့်ပတ်သက်သည့် ဥပဒေများကို မိမိတို့အနေဖြင့် ယခုလောလောဆယ်အထိ ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈ ခုနှစ်)ကို  မကျော်လွန်စေဘဲဟု  သုံးနှုန်းထား ကြောင်း၊ မိမိတို့အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)ကို လိုအပ်လျှင်ပြင်မည်ဟု   ပြောခဲ့သည်ရှိကြောင်း၊    ဤကဏ္ဍကို  စတင် ဆောင်ရွက်တာ အားလုံးသိကြလိမ့်မည်ဖြစ်ကြောင်း၊  ငြိမ်းချမ်းရေး ညီလာခံတွင် တိုင်းရင်းသားများ ပုဒ်မ ၂၆၁ နှင့်ပတ်သက်ပြီး ပြည်နယ် ဝန်ကြီးချုပ်များကို ပြည်နယ်များကသာခန့်အပ်ရန် ပြောကြားချက်များ ရှိကြောင်း၊  ယင်းကို   ပထမဦးဆုံးထောက်ခံသူက   တပ်မတော်သာ ဖြစ်ကြောင်း၊       တပ်မတော်ကာကွယ်ရေးဦးစီးချုပ်   ယခုလက်ရှိ နိုင်ငံတော်ဝန်ကြီးချုပ်ပဲဖြစ်ကြောင်း၊     ထိုကဲ့သို့  မိမိတို့စတင်ပြီး လမ်းဖွင့်ပေးခဲ့ခြင်းဖြစ်ကြောင်း၊ သတင်းထောက်ကြီးမေးသည့်မေးခွန်း ကို အနှစ်ချုပ်ရလျှင် ငြိမ်းချမ်းရေးနှင့်ပတ်သက်ပြီး NCA ကို အမျိုးမျိုး ပြောဆိုနေမှုများရှိကြောင်း၊ NCA သည် အကျုံးမဝင်ကြောင်း စသည် ဖြင့် တချို့ EAOs အဖွဲ့များက ပြောဆိုမှုများရှိကြောင်း၊  NCA အခန်း(၁)ကိုလည်း ဖတ်ကြည့်စေလိုကြောင်း၊  NCA အခန်း(၁)တွင် ၁၁ ပိုဒ်ပါ ကြောင်း၊ ကျေကျေညက်ညက် ဖတ်ကြည့်စေလိုကြောင်း၊ သို့မှသာ အဓိပ္ပာယ်ကိုသိမည်ဖြစ်ကြောင်း၊ တချို့မဖတ်ကြဘဲ ဟုတ်နိုးနိုးထင်နေ ကြကြောင်း၊ တပ်မတော်အစိုးရတက်လာခြင်းသည် မဲမသမာမှုကြောင့် တက်လာခြင်းဖြစ်ကြောင်း၊ ရွေးကောက်ပွဲတွင် မဲမသမာမှုမဖြစ်ခဲ့လျှင် ယခုကဲ့သို့ဖြစ်လာမည် မဟုတ်ကြောင်း၊ စေ့စပ်ညှိနှိုင်းရန် ပြောဆိုသော် လည်း မဖြစ်လာခြင်းကြောင့် ယခုကဲ့သို့ ဖြစ်လာခြင်းဖြစ်ကြောင်း၊  NCA သည် စတင်မြစ်ဖျားခံလာသည်မှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများက အဆိုပြုရေးဆွဲခဲ့တာဖြစ်ကြောင်း၊ ရေးဆွဲခဲ့ပြီး အတောအတွင်း EAOs အဖွဲ့များရှိသည့်ဒေသများတွင် ညီလာခံများ လုပ်ကာ   အကျေအလည်ဆွေးနွေးပြီးမှ   ဖြစ်လာခြင်းဖြစ်ကြောင်း၊ လက်မှတ်ရေးထိုးထားသည့်    အဖွဲ့များအနေဖြင့်လည်း  အစိုးရ၊ နိုင်ငံတကာအဖွဲ့အစည်း၊ EAOs အဖွဲ့အစည်း အားလုံး လက်မှတ်ရေးထိုး ခဲ့ကြောင်း၊ ယခုပြောဆိုချက်များသည် NCA လက်မှတ်ရေးထိုးသည့် အဖွဲ့ထဲတွင် အဖွဲ့တစ်ဖွဲ့၊ နှစ်ဖွဲ့သာ ပြောဆိုကြခြင်းဖြစ်ကြောင်း၊ ကျန် အဖွဲ့များ ပြောဆိုကြခြင်းမရှိကြောင်း၊ ထိုပြောဆိုမှုများသည် ၎င်းတို့၏ သဘောထားပင်ဖြစ်ကြောင်း၊ မိမိတို့သဘောထား မဟုတ်ကြောင်း၊ ယင်းသို့ပြောသည့် အဖွဲ့ထဲတွင်ပင်   အစိုးရနှင့် ဆွေးနွေးလိုသည့်အဖွဲ့ များရှိကြောင်း၊ အစိုးရနှင့် ငြိမ်းချမ်းရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်လိုသည့် အဖွဲ့များရှိကြောင်း၊ ထို့ကြောင့်  မိမိတို့အနေဖြင့် ငြိမ်းချမ်းရေးနှင့် ပတ်သက်လျှင်၊ NCA လမ်းကြောင်းနှင့်ပတ်သက်လျှင်  တပ်မတော် အနေဖြင့် အမြဲတမ်းထိန်းသိမ်းဆောင်ရွက်လျက်ရှိကြောင်း၊ အနည်းစု၊ အများစုကိုကြည့်၍ ဆောင်ရွက်ရကြောင်း၊ ၁၀ ဖွဲ့ရှိသည့်အထဲတွင် NCA လက်မှတ်ရေးထိုးပြီး လာမဆွေးနွေးသည်မှာ ၃ ဖွဲ့သာရှိကြောင်း၊ ယင်း ၃ ဖွဲ့အနေဖြင့်လည်း ဆက်ဆံရေးလုပ်နေတာတွေရှိကြောင်း၊ တစ်ဖက်ကလည်း    ယခုကဲ့သို့     ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်ရ ကြောင်း၊    တစ်ဖက်ကလည်း  မိမိတို့အနေဖြင့် ပြည်သူ့အသက်အိုးအိမ် စည်းစိမ်ထိခိုက်မည်ဆိုပါက    လုံခြုံရေးအရ   ဆောင်ရွက်သင့်သည့် လုပ်ငန်းများကို  ဆောင်ရွက်လျက်ရှိကြောင်း၊ တပ်မတော်အနေဖြင့် ဆောင်ရွက်ရမည့် လုံခြုံရေးလုပ်ငန်းများ၊  ကာကွယ်ရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖြေကြားသည်။


NP News Agency မှ ဦးကျော်မျိုးမင်းက    မြန်မာနိုင်ငံ၏ လွတ်လပ်ရေးရပြီး    သမိုင်းကိုပြန်ကြည့်မည်ဆိုပါက  ဦးနုအစိုးရ၊ ဦးနေဝင်းအစိုးရ၊ ဦးသန်းရွှေအစိုးရစသဖြင့်   အစိုးရများ ပေါ်ပေါက်ခဲ့ ကြောင်း၊   အစိုးရအလိုက်   မှတ်တမ်းသမိုင်းများရေးခဲ့ကြောင်း၊ မှတ်ကျောက်အတင်ခံခဲ့ရကြောင်း၊ စာအုပ်စာတမ်းများလည်း မျိုးစုံရေး ၍ ထုတ်ဝေခဲ့ကြကြောင်း၊ မိမိအနေဖြင့် စဉ်းစားမိသည်မှာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏   လက်ရှိတာဝန်ယူမှုသည်   တိုင်းပြည်၏ အရေးကြီးသည့် အကြီးမားဆုံးပြောင်းလဲမှုတွင်ပါဝင်သည်ဟု  ပြော၍ရ ကြောင်း၊ ထိုအပြောင်းအလဲကြီးကို  တာဝန်ယူရသည့် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအနေဖြင့်  နောင်လာမည့် နှစ်ပေါင်းများစွာတွင် တင်ကျန်ခဲ့မည့်သမိုင်းက မည်သို့သော သမိုင်းမျိုးဖြစ်လိုသည်၊ မည်သို့ မှတ်ကျောက်တင်ခံလိုသည်ကို သိလိုကြောင်း မေးမြန်းသည်။ 


ဗိုလ်ချုပ်ဇော်မင်းထွန်းက မှတ်ကျောက်နှင့်ပတ်သက်ပြီး အဓိပ္ပာယ် အမျိုးမျိုးဖွင့်ဆိုထားသည်ရှိ၍     မိမိအနေဖြင့်   မပြောလိုကြောင်း၊ မြန်မာနိုင်ငံလွတ်လပ်ရေးမရခင် ဗိုလ်ချုပ်အောင်ဆန်းဖွဲ့စည်းခဲ့သည့် ဘုရင်ခံ၏   အကြံပေးကောင်စီပါထည့်တွက်လျှင်   အစိုးရခြောက်ခု သို့မဟုတ် ခုနစ်ခုရှိကြောင်း၊  လွတ်လပ်ရေးရပြီးဆိုလျှင် ငါးခု၊ ခြောက်ခု ရှိကြောင်း၊ ဦးနု၏ ပါလီမန်ဒီမိုကရေစီအစိုးရ၊ ဗိုလ်ချုပ်ကြီးနေဝင်း၏ တော်လှန်ရေးကောင်စီအစိုးရ၊     မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ၊ တပ်မတော်အစိုးရ၊   ပါတီစုံဒီမိုကရေစီအစိုးရ၊   ယခုအစိုးရ  ရှိမည်ဖြစ် ကြောင်း၊  အမျိုးမျိုးသောသုံးသပ်ချက်၊  ဝေဖန်ချက်များကတော့ ရှိနေ မည်ဖြစ်ကြောင်း၊ မှတ်ကျောက်တင်သည်ဆိုသည်မှာ ကိုယ့်အမြင်နှင့် ကိုယ်သာ  တင်ကြခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် ဒုက္ခနှစ်မျိုးရှိ ကြောင်း၊ နဂိုဒုက္ခနှင့်အပိုဒုက္ခဟူ၍ နှစ်မျိုးရှိကြောင်း၊ နဂိုဒုက္ခဆိုသည်မှာ  မြန်မာနိုင်ငံ လွတ်လပ်ရေးရမည်ဆိုကတည်းက သူပုန်က ပေါ်ပေါက် နေပြီးဖြစ်ကြောင်း၊ ကိုယ့်အစိုးရနှင့်ကိုယ်မဟုတ်သေးခင်မှာပင် မြန်မာ နိုင်ငံအစိုးရဖြစ်လာလျှင် တော်လှန်မည့်သူပုန်  ပေါ်နေပြီးဖြစ်ကြောင်း၊ ထိုအချိန်ကတည်းက   အနောက်ဘက်တွင်    မူဂျာဟစ်သူပုန်များ ပေါ်ပေါက်နေကြောင်း၊  အလံနီကွန်မြူနစ်များ  ပေါ်ပေါက်နေကြပြီ ဖြစ်ကြောင်း၊ လွတ်လပ်ရေးရပြီးမကြာခင်  မတ်လခန့်တွင် ဗကပများ တောခိုသွားပါကြောင်း၊  သိပ်မကြာခင် KNDO အဖွဲ့ တောခိုခဲ့ပါကြောင်း၊ လွတ်လပ်ရေးရရှိပြီး    နဂိုဒုက္ခတွေဖြစ်ပါကြောင်း၊ ကောင်းခြင်းဆိုးခြင်း မဝေဖန်လိုကြောင်း၊ အပိုဒုက္ခကို  ဥပမာပြုရလျှင်  ဦးနုမှ နိုင်ငံတော် ဘာသာအဖြစ်  ဗုဒ္ဓဘာသာကို ကြေညာလိုက်သည့်အခါ KIA အဖွဲ့ ပေါ်ပေါက်လာပါကြောင်း၊  ၂၀၁၀-၂၀၁၅  NCA  လက်မှတ်ရေးထိုးခါနီး အချိန်တွင်   NCA စာချုပ်သည်    အစိုးရက ရေးဆွဲထားခြင်းမဟုတ်ဘဲ  EAOs အဖွဲ့များက  ရေးဆွဲထားခြင်းဖြစ်ပါကြောင်း၊ လက်မှတ်ရေးထိုး မည့်အဖွဲ့      အများကြီးရှိကြောင်း၊    နဂိုဒုက္ခ   မငြိမ်းသည့်အတွက် သောင်းကျန်းမှုမျိုးစုံဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၌ တစ်ခုခုဖြစ်လာတိုင်း သာ တောခိုကြခြင်းရှိပါကြောင်း၊  ထိုမှကြီးထွားလာပြီး သောင်းကျန်းမှု များ ပေါ်ပေါက်လာကြောင်း၊   မိမိအနေဖြင့် EAOs နှင့်ပတ်သက်ပြီး  အပြစ်ပြောကြားနေခြင်းမဟုတ်ပါကြောင်း၊  တိုင်းရင်းသားအခွင့်အရေး ကို လေးစားပါကြောင်း၊  နည်းမှန်လမ်းမှန် နိုင်ငံရေးအရ ဖြေရှင်းတာ   ပိုပြီးကောင်းပါကြောင်း၊    ထို့ကြောင့်   မြန်မာနိုင်ငံ၏  တိုးတက်မှုက အမြဲတမ်းနောက်ကျပြီး နိုင်ငံရေးတည်ငြိမ်မှု၊ လုံခြုံရေးအရတည်ငြိမ်မှု   နောက်ကျပါကြောင်း၊ နိုင်ငံတော်အစိုးရအဆက်ဆက် ကြိုးပမ်းခဲ့ ပါကြောင်း၊ အချို့  EAOs  များနှင့်    ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုနိုင်ခဲ့ ကြောင်း၊ တချို့ EAOs များ  အသွင်ပြောင်းသွားပါကြောင်း၊  သို့သော် NCA ကဲ့သို့  အဖွဲ့စုံစုံလင်လင်  လက်မှတ်ရေးထိုးနိုင်မှု မရှိပါကြောင်း၊ NCA  လက်မှတ်ထိုးခါနီးအချိန်တွင် ပုဂ္ဂိုလ်တစ်ဦးက NCA  လက်မှတ် ရေးထိုးရန် စဉ်းစားပါဦးဟု ပြောခဲ့ကြောင်း၊     တကယ် လက်မှတ်ရေးထိုး မည့်အဖွဲ့၊ တကယ်ဦးဆောင်ဆွေးနွေးခဲ့သည့်အဖွဲ့များ အများကြီးရှိပါ ကြောင်း၊   ဥပမာ KIA လိုအဖွဲ့မျိုးဖြစ်ကြောင်း၊ ၎င်းတို့ဆီသွားရောက်ပြီး   NCA  လက်မှတ်ရေးထိုးရန်အတွက်   ညီလာခံတစ်ခုလုပ်ခဲ့ပါကြောင်း၊ သို့သော်  ယင်းပုဂ္ဂိုလ်  ထိုသို့ပြောပြီးနောက်   လက်မှတ်မထိုးကြတော့ ကြောင်း၊ တစ်ခါတလေတွင် နဂိုဒုက္ခကို  မငြှိမ်းနိုင်တဲ့အပြင် မူဝါဒမှား လျှင်  အပိုဒုက္ခပါ ဖြစ်သေးပါကြောင်း၊ မှတ်ကျောက်တင်တယ်ဆိုသည့် အထဲတွင်   ကောင်းတာတွေလည်းရှိသလို       ဆိုးတာတွေလည်းရှိပါ ကြောင်း၊   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏      အတင်ခံလိုသည့်     မှတ်ကျောက်မဟုတ်ပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏အဓိကတာဝန်မှာ အမျိုးသားရေး ရည်မှန်းချက်၊ နိုင်ငံရေးရည်မှန်း ချက်ထုတ်ပြန်ပြီး   ဖြစ်ပါကြောင်း၊    နိုင်ငံရေးရည်မှန်းချက်သည် စစ်မှန်စည်းကမ်းပြည့်ဝသည့်    ပါတီစုံ ဒီမိုကရေစီစနစ်၊      ဒီမိုကရေစီနှင့်      ဖက်ဒရယ်ကိုအခြေခံသည့်  ပြည်ထောင်စုစနစ်ကို  တည်ဆောက်ရန် ဖြစ်ပါကြောင်း၊  ထိုနှစ်ခုလုံးကို လုပ်နိုင်ရန်အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ၏    အဓိကတာဝန်သည်    အထွေထွေရွေးကောက်ပွဲကျင်းပပေးရန် ဖြစ်ပါကြောင်း၊     အထွေထွေရွေးကောက်ပွဲနှင့်    ပတ်သက်လာပြီး     မိမိတို့၏စံသည်  ရှေ့လုပ်ငန်းစဉ် ၅ ရပ်၏  နောက်ဆုံးအချက်တွင် ပါပြီးဖြစ်ကြောင်း၊ အကျဉ်းချုပ်ပြောရလျှင် လူတိုင်း၊   မဲဆန္ဒရှင်တိုင်း၏    မဲပေးပိုင်ခွင့်      အခွင့်အရေးမဆုံးရှုံးစေရန်၊     နည်းလမ်းမှန်ကန်သည့်   ရွေးကောက်ပွဲ    ဖြစ်စေရန်၊    ရွေးကောက်ပွဲကိုဖြစ်မြောက်အောင်  လုပ်ပေးနိုင်စေရန်    ရည်ရွယ်ထားကြောင်း၊   နောက်ဆုံးရည်မှန်းချက်က   ရွေးကောက်ပွဲကို  အများပြည်သူ   ပါဝင်နိုင်အောင် ဆောင်ရွက်ပေးမည်    ဖြစ်ပါကြောင်း၊   လုံခြုံမှုရှိစေရန်  ဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်း၊      ပြည့်ပြည့်စုံစုံ မဲပေးနိုင်ရန်အတွက် ဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်း၊    မဲပေးသည့် အခါတွင်လည်း  အကြောက်တရားကင်းကင်းဖြင့်       မဲပေး နိုင်စေရန်၊ ဖိအားမရှိဘဲ   မဲပေးနိုင်စေရန်     ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ တရားမျှတမှုရှိသော နည်းလမ်းမှန်ကန်မှုရှိသည့် ရွေးကောက်ပွဲမျိုးဖြစ် အောင် လုပ်ပေးမည်ဖြစ်ပါကြောင်း၊   ထို့နောက်   ထွက်ပေါ်လာသည့် အစိုးရအား နိုင်ငံ့တာဝန်လွှဲပြောင်းပေးမည်ဖြစ်ပါကြောင်း ဖြေကြား သည်။


Eleven Media မှ   ဦးအောင်မင်းသိန်း က လတ်တလောဖြစ်ပွားနေ သည့် တိုက်ပွဲအခြေအနေနှင့်     ပတ်သက်ပြီး  လွန်ခဲ့သည့်သီတင်းပတ်က နေပြည်တော်နားက သံတောင်ဘို့မ၌  တိုက်ပွဲများဖြစ်ပွားခဲ့သည်ဟုသိရပါကြောင်း၊  တစ်ဖက်အဖွဲ့အစည်းများကလည်း     မီဒီယာအချို့တွင် နေပြည်တော်သို့လမ်းများဆီဆိုပြီး    နေပြည်တော်ကို   တိုက်ပွဲများ ဖော်ဆောင်မည်ဆိုပြီး    ပြောနေခြင်းမျိုးတွေ့ရပါကြောင်း၊     မကြာမီ ရက်ပိုင်းအတွင်းကလည်း ရန်ကုန်-မန္တလေးရထားလမ်း၊  ပဲခူးလမ်းပိုင်း တွင် ကုန်ရထားတစ်စင်းဖောက်ခွဲခံရသည့်ဖြစ်စဉ်လည်း ဖြစ်ပွားခဲ့ပါ ကြောင်း၊   ယင်းအခြေအနေနှင့်ပတ်သက်ပြီး တပ်မတော်အနေဖြင့် မည်သို့ပြောလိုသည်ကို သိလိုပါကြောင်း မေးမြန်းသည်။ 


ဗိုလ်ချုပ်ဇော်မင်းထွန်းက နေပြည်တော်သို့ လမ်းများဆီဆိုသည်မှာ မှန်ပါကြောင်း၊  ယခုမြင်သည့်အတိုင်း ဘုရားကြီးဆီကို အနယ်နယ် အရပ်ရပ်မှ  လာရောက်ဖူးမြော်နေကြသည်မှာ    တကယ်မှန်ပါကြောင်း၊ တော်တော်လာကြပါကြောင်း၊ ကယားပြည်နယ်ဘက်ကလည်းလာတာ တွေ့ရကြောင်း၊ တနင်္သာရီတိုင်းက    လာသည်ကိုလည်းတွေ့ရကြောင်း၊   နေပြည်တော်သို့လမ်းများဆီ    ဆိုသည့်အချက်မှာ    မှန်ပါကြောင်း၊ နေပြည်တော်နားတစ်ဝိုက်  သံတောင်ဘို့မ၌  တိုက်ပွဲဖြစ်ခဲ့ပါကြောင်း၊ နေပြည်တော်နှင့်ဆိုလျှင်   အတော်ဝေးပါကြောင်း၊   နေပြည်တော်၏ အရှေ့တောင်ဘက်   ပဲခူးတိုင်း၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်နယ်စပ် နယ်မြေဖြစ်ပါကြောင်း၊   ကယားပြည်နယ်ဘက်က   PDF   အမည်ခံ အကြမ်းဖက်အဖွဲ့ဟု   မိမိတို့မြင်ပါကြောင်း၊   ယင်းနှင့်ပတ်သက်ပြီး လုံခြုံမှုရှိအောင် ဆောင်ရွက်ပြီးဖြစ်ပါကြောင်း၊  ရန်ကုန်-မန္တလေး ရထား လမ်းဖြစ်စဉ်လည်း     မှန်ပါကြောင်း၊   ယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး ရန်ကုန်-မန္တလေးရထားလမ်း ကညွတ်ကွင်းဘူတာအနီး မိုင်းဆွဲခံရ သည့် ဖြစ်စဉ်ဖြစ်ခဲ့ပါကြောင်း၊ KNU အနေဖြင့် တစ်ဖက်တွင် စစ်ရေးအရ ဖိအားများလာသည့်အချိန်တွင်  မြေပြန့်ကိုဆင်းပြီး  ယခင်ကလည်း ရထားလမ်းကို   မိုင်းထောင်မိုင်းခွဲလုပ်ပါကြောင်း၊ KNU နှင့်  PDF အမည်ခံ   အကြမ်းဖက်ပူးပေါင်းအဖွဲ့ဟု မြင်ပါကြောင်း၊  ရထားလမ်းနှင့် ပတ်သက်ပြီး တချို့နေရာများတွင် စစ်တောင်းမြစ်နှင့် ကပ်သွားသည့် ဘက်မှာ  လုံခြုံရေးအရတော့ တော်တော်လေးဂရုစိုက်ရပါကြောင်း၊   ရထားလမ်းနှင့်ပတ်သက်ပြီး  ၁၈  ရက်နေ့က  ဖြစ်ခဲ့ပါကြောင်း၊   ယခု တော့ ရထားလမ်းကို ယာယီသံလမ်းခင်းပြီးဖြစ်ပါကြောင်း၊ ကုန်ရထား တွဲဆိုင်းများ   စမ်းသပ်မောင်းနှင်ပြီးဖြစ်ပါကြောင်း၊    ၂၀   ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်ခဲ့ပြီးဖြစ်ပါကြောင်း၊       လုံခြုံရေးနှင့်ပတ်သက်ပြီး   အများပြည်သူခရီးသွားများ ရထားလမ်း၊ ကားလမ်းများကို လုပ်ခြင်း သည်   အကြမ်းဖက်လုပ်ရပ်စစ်စစ်ဖြစ်ပါကြောင်း၊   အစိုးရအဖွဲ့နှင့်  ဘာမှမဆိုင်ပါကြောင်း၊ အစိုးရကို ထိခိုက်စရာမဟုတ်ဘဲ ပြည်သူလူထု ကို   ထိခိုက်စေခြင်းဖြစ်ပါကြောင်း၊  ယခုကဲ့သို့  အကြမ်းဖက်လုပ်ရပ်မျိုး ကိုလည်း    ပြည်သူလူထုတစ်ရပ်လုံးက    ဝိုင်းဝန်းတားဆီးကြရန်၊    သတင်းပေးကြရန်      လိုအပ်သည်ဟု    မေတ္တာရပ်ခံလိုပါကြောင်း  ပြောကြားသည်။


(ဆက်လက်ဖော်ပြပါမည်)